ထီးတော်မိုး
ဆင်တဲဝမြတ်မင်း (Unicode)
(၁၉၉၇ ခုနှစ်၊ စတုတ္ထအကြိမ် မိုးမိုး(အင်းလျား)အမှတ်တရ ဝတ္တုတိုပြိုင်ပွဲဆုရဝတ္တု)
ရုံးမှာ အလုပ်တွေရှုပ်နေသည့်ကြားမှ အိမ်သာတက်ချင်စိတ်ပေါ်လာသဖြင့် ရေချောင်းအိမ်သာသို့ပြေးလာခဲ့သည်။ ဒီနေ့လခ ထုတ်ရက်မို့ ရုံးကြီးအနီးတွင်အလုပ်သမားတွေစည်ကားနေသည်။ ရှုပ်ရှက်ခပ်နေသော အလုပ်သမားတွေကို ရှောင်ကွင်းသွားနေရသည်။
]ငွေစုငွေချေးက တအားကြီးကို ဖြတ်ထားတယ်။ ကျန်တဲ့ငွေနဲ့ဆန်အကုန်မှထုတ်နိုင်ပါ့မလားမသိဘူး}
]ငါ့လစာအိတ်လည်းကြည့်ဦး၊ ငွေစုငွေချေးရော၊ သက်သာကုန်ကြွေးရော ဖြတ်ထားတာဘယ်နှယ့်လုပ်မတုန်း}
]ချီးမှပဲ၊ ဒီလလည်း သမီးအတွက် ကျောင်းစိမ်းမဝယ်နိုင်ပြန်ပါဘူးကွာ}
လစာအိတ်ကလေးတွေကိုင်ရင်းစကားပြောလာသည့် အလုပ်သမားနှစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွားသည်။ ရုံးဂိတ်အဆင်း တွင် နောက်မှလက်ကို ဖျတ်ကနဲအဆွဲခံလိုက်ရသဖြင့် ကိုယ်ရှိန်ရပ်သွားသည်။
]မနက်ဖြန် ဖက်စပ်လုပ်မယ့်နိုင်ငံခြားသားတွေ ရောက်တော့မယ်ဆို}
မိုင်းထဲမှ ပန့်အင်ချပ်(ရေစုတ်စက်မောင်းအကြီးအကဲ) ကိုအောင်ဆန်းကကျွန်တော့်ကို မေးနေသည်။ ဖက်စပ်သံကြားသဖြင့် အလုပ်သမားတွေ အုံလာကြသည်။ ဖက်စပ်ဘယ်တော့လုပ်မှာလဲ၊ ဒေါ်လာဘယ်လောက်ရမှာလဲဆိုသည့်မေးခွန်းတွေ၊ မုံရွာကြေးနီမိုင်း၌ အိုင်ဗင်ဟိုးကုမ္ပဏီနှင့် ဖက်စပ်ဖြစ်သွားပြီဖြစ်၍ ဘော်တွင်းမှာလည်း ဖက်စပ်ဖြစ်ဖို့မျှော်လင့်နေကြသည်။ ကျွန်တော့်မှာ သူတို့နားလည် အောင်ရှင်းပြချိန်မရ။ ဗွီအိုင်ပီရိပ်သာမှာ အလုပ်တွေရှိသေးသည်။
]အင်း ဖက်စပ် ဖြစ်တော့ဖြစ်လာမှာပါ၊ လောလောဆယ်တော့ လေ့လာရှာဖွေစမ်းသပ်တာတွေလုပ်ဦးမှာ}
စကားကို ပြောဖြတ်ဖြတ်ပြီး အိမ်သာဆီသို့ပြေးလာခဲ့သည်။ ရုံးဘက်အပြန်လမ်းတွင် လစာထုတ်နေသော အလုပ်သမားတွေ ဖက်စပ်အကြောင်း၊ ဒေါ်လာ အကြောင်းတွေပြောဆို ကျန်ရစ်ခဲ့တော့သည်။
ကျွန်တော်တို့မှာ ရုံးထဲမှ အလုပ်တွေကိုလည်းပြီးအောင်လုပ်ရသေးသည်။ ပြီးတော့ဗွီအိုင်ပီရိပ်သာသွားကာ ခန်းဆီးတွေ အသစ်တပ်ရသည်။ ဘန်ဂါလီခုတင်များကိုပြင်ရသည်။ နိုင်ငံခြားသားတွေ ညအိပ်မှာမို့ ခြင်ထောင်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေ အသစ်စက်စက်။ ဧည့်ခန်းဆောင်၊ ထမင်းစားဆောင်၊ အိပ်ခန်းဆောင်၊ ရေချိုးခန်းဆောင်မှာ ကမုတ်တွေကအစ အသစ်စက်စက်။ ဒါတင်မက ဥရောပအစားအစာများဖြင့် တည်ခင်းကျွေးရမှာမို့ဇွန်း၊ ခက်ရင်း၊ ဓားနှင့် ထမင်းစားခန်းအသုံးအဆောင်တွေကလည်း အသစ်စက်စက်။ အို ဗွီအိုင်ပီရိပ်သာ တစ်ခုလုံးခါတိုင်းနှင့်မတူ အားလုံးသစ်သစ်လွင်လွင်ပင်ဖြစ်နေသည်။
ကျွန်တော်တို့ကရော၊ ကျွန်တော်တို့မှာ မိုင်းချုပ်ရုံး(အုပ်ချုပ်ရေးရုံး)မှ စာရေးစာချီများဖြစ်နေသော်လည်း ဗွီအိုင်ပီရိပ်သာ တာဝန်များ ကိုပါတွဲဖက်လုပ်ကိုင်နေကြရသူများဖြစ်သည်။ ဗွီအိုင်ပီလာတိုင်း ဘူတာရုံ၌ ပစ္စည်းသယ်ရ၊ လန်းဆန်းပဝါကမ်းရ၊ စားပွဲ ထိုးပေးရ၊ တစ်ခါတစ်ရံ ချွတ်ကုလား(ရုံးအကူ)မလာလျှင် ပန်းကန်တောင် ဆေးပေးရသည်။ ဘီစီနှင့် ယူဒီလက်များသည် မိုင်း ထဲဆင်းမည့် ဗွီအိုင်ပီများစီးဖို့ မိုင်းဖိနပ်ကို ကိုင်ပေးရသည်။ မိုင်းဦးထုပ်ကို ကိုင်ပေးရသည်။ မိုင်းဝတ်စုံကို ကိုင်ပေးရသည်။ ဘက်ထရီမီးခွက်ကို ကိုင်ပေးရသည်။ ပြီးတော့ ထီးဆောင်းပေးရသည်။
အင်း၊ ဘုန်းကြီးနှင့် ဘီးမဆိုင်မှန်းသိပေမယ့် တာဝန်ပေးတော့လည်း လုပ်ရသည်သာ။ သူ့ဆန်စားတော့လည်း ရဲရသည် သာ။ ဪအနစ်နာခံလုပ်ခဲ့သမျှ ယခုတော့ အသာစံရတော့မည်ပေါ့။ ယခုတော့ စားပွဲထိုးခ၊ ပန်းကန်ဆေးခ ဒေါ်လာတွေ၊ အက်ဖ်အီးစီတွေ ရတော့မည်ပေါ့။
ကြေးနီမိုင်းမှာ ဖက်စပ်လုပ်နေသည့် အိုင်ဗင်ဟိုးကုမ္ပဏီမှ စားပွဲထိုးတွေ၊ ဒရဝမ်တွေ၊ စားဖိုမှူးတွေ၊ သန့်ရှင်းရေးလုပ်သူ တွေ၊ အဝတ်လျှော်သူတွေကို ဒေါ်လာနှင့်ပေးခိုင်းသည့် သတင်းတွေကြားထားသဖြင့် ဘော်တွင်းအလုပ်သမားတွေကလည်း မိမိတို့ လုပ်ကိုင်ရသည့် အလုပ်အပေါ် မူတည်၍ ဒေါ်လာတွေရတော့မှာမို့ တက်တက်ကြွကြွဖြစ်နေသည်။ သန့်ရှင်းရေးအဖွဲ့ကလည်း ခါတိုင်းထက် ကြမ်းတွေပြောင်အောင် တိုက်နေသည်။ နိုင်ငံခြားသားတွေရေချိုးရန် ရေအေးပိုက်နှင့် ရေနွေးပိုက်ရအောင် ပြင်ဆင်နေ သည့် ပိုက်ကြီးဖီတယ်မှ အောင်ကြီးကလည်း ခါတိုင်းထက် ပိုက်တွေပိုခေါက်ပြနေသည်။ စပန်နာအကြီးအသေးတွေနှင့် ရှုပ်ရှက်ခပ် နေသည်။ ကျွန်တော်တို့ ရုံးအဖွဲ့ကလည်း ခါတိုင်းထက်စာပွဲခင်းများကို ပို၍ ပြန့်ပြန့်ပြူးပြူးဖြစ်အောင်ခင်းကျင်းနေသည်။ ရုံးထဲမှ စာရေးမတစ်ယောက်ကတော့ နိုင်ငံခြားသားရဲ့အဝတ်တွေ ဒေါ်လာနဲ့လျှော်ဖွပ်ပေးဖို့ လားရှိုးသွားပြီး အဝတ်လျှော်စက်ဝယ်ဖို့ ဟန်တပြင်ပြင်။
နိုင်ငံခြားသားတွေ နမ္မတူမှ ဘော်တွင်းသို့ ကားရထားဖြင့် စီးလာမည်ဆိုတော့ တွဲစောင့် အဘိုးကြီးကသူလည်းဒေါ်လာစားရ တော့မတဲ့။ ဘရိတ်မင်းကလည်း ဘရိတ်ထိန်းပေးရလို့ သူလည်းဒေါ်လာ စားရတော့မတဲ့။ ဒါဆိုလျှင် ကားရထားမောင်းသည့် ဒရိုင်ဘာလည်း ဒေါ်လာစားရတော့မပေါ့။
အင်းဒေါ်လာ ဒေါ်လာ ဒေါ်လာ။ ဘော်တွင်းတမိုင်းလုံးဒီနေ့မြန်မာကျပ်ငွေ လစာထုတ်ရက်၌ ဒေါ်လာနှင့် အက်ဖ်အီးစီ အိမ်မက်တွေ အသီးသီး မက်နေကြတော့သည်။
၁၉၉၆ ခု၊ ဇူလိုင်လ တစ်ရက်နေ့၌ ဘော်တွင်းမိုးကောင်းကင်တွင် မိုးတိမ်များအုံဆိုင်းနေသည်။
ထိုမနက် ရှစ်နာရီတွင် မန္တလေးမိုင်းနင်းကုမ္ပဏီအဖွဲ့ ဘော်တွင်းဘူတာသို့ဆိုက်ရောက်လာခဲ့သည်။ နိုင်ငံခြားသားကိုမမြင်ဘူး လို့ဆိုပြီး လာကြည့်သူတွေက အများကြီး။ ကွမ်းသွေးရောင်းဆေးအသစ်စက်စက်သုတ်ထားသော ခန်းဆီးအပြာနုရောင်တပ်ထားသော တွဲလုံးပေါ်မှ ဦးဆုံးဆင်းလာသူမှာ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ရန်ကုန်ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးတိုးဝင်းမောင် ဖြစ်သည်။ သူ့နောက်မှ ဆင်းလာသူမှာ နိုင်ငံခြားသားနှစ်ဦး၊ ကုမ္ပဏီဘက်မှ အေးဂျင့်ဖြစ်သူ ဒေါက်တာ စိုးတင့်အောင်နှင့် သူ့တွဲဘက် ဦးကျော်လေးတို့ဖြစ်သည်။
ဘူတာ၌ ဧည့်သည်များကို ကြိုဆိုသူများမှာ မိုင်းချုပ်၊ ဒု-မိုင်းချုပ်၊ ဘူမိဗေဒအရာရှိနှင့် စက်ရုံမှူးတို့ဖြစ်ကြသည်။ ဦးတိုးဝင်းမောင်က နိုင်ငံခြားသားနှစ်ဦးနှင့် မိုင်းချုပ်တို့ကို မိတ်ဆက်ပေးသဖြင့် တစ်ဦးနှင့်တစ်ဦး အသီးသီး လက်ဆွဲနှုတ်ဆက်နေ ချိန်တွင် ကျွန်တော့်မှာ ဧည့်သည်များ၏ ပစ္စည်းများကို တစ်ယောက်တည်း သယ်ကာရုံးကားပေါ်တင်နေရသည်။ လက်ဆွဲအိတ်များ၊ ဟန်းဘက်အိတ်များ၊ ဘူမိဗေဒဆိုင်ရာစမ်းသပ်သည့်ပစ္စည်းများ၊ အောက်ဆီဂျင်ဘူးများ၊ ပစ္စည်းကတော်တော်များသည်။ ဒါတောင် တွဲ စောင့်အဘိုးကြီးနှင့် ဧည့်သည်များကို အနီးကပ်ပြုစုရန် လိုက်ပါလာသော နမ္မတူဂျီအမ်(မ်)ရုံး(အထွေထွေမန်နေဂျာရုံးက) ယူဒီ ထွန်းလင်းအောင်တို့က ကူသယ်ပေး၍ တော်သေးသည်။
ဧည့်သည်များသည် ဘူတာရုံမှ ဗွီအိုင်ပီရိပ်သာသို့ ကားမစီးတော့ဘဲ ဖြတ်လမ်းမှခြေလျင်လျှောက်သွားကြပြီ။ ကျွန်တော်နှင့် ထွန်းလင်အောင်တို့လည်း ပစ္စည်းများကို ကားဖြင့် ရိပ်သာသို့ သယ်လာခဲ့ကြသည်။
ဧည့်သည်တွေဗွီအိုင်ပီရိပ်သာပေါ်ရောက်လျှင် ယူဒီကျော်တင့်ကလည်း ချာလီရေမွှေးဆွတ်ထားသည့် လန်းဆန်းပဝါကို ဆီး၍ ကမ်းပေးနေပေလိမ့်မည်။ ဘီစီကိုမြသန်းကလည်း ဝင်လာလာချင်းသောက်ဖို့ရေနွေးကြမ်းကို အသင့်ငှဲ့ထားပေးလိမ့်မည်။ နောက်ဖက် မီးဖိုဆောင်ထဲတွင် ရုံးစာရေးမများကလည်း နက်စ်ကဖေးကို အကောင်းဆုံးဖျော်နေကြပေလိမ့်မည်။
ကျွန်တော်တို့ကား ဗွီအိုင်ပီရိပ်သားနားရောက်ချိန်တွင် ဧည့်သည်များကလည်း ကော်ရစ်ဒါ၌ လန်းဆန်းပဝါလေးတွေဖြင့် မျက်နှာ သုတ်နေကြသည်။ ကျွန်တော်တို့ ရိပ်သာပေါ်ပစ္စည်းများ အခေါက်ခေါက်အခါခါ ဆွဲပို့ပြီးချိန်တွင် ဧည့်သည်များ ကော်ဖီ သောက်နေကြပြီဖြစ်သည်။
ကျွန်တော်တို့ကလည်း လက်ကလေးတွေနောက်ဖက်ပစ်ပြီး ဘာတွေလိုအပ်မလဲလို့ မျက်တောင်မခတ်ဘဲကြည့်နေစဉ် မိုင်းချုပ်ထလာ ပြီး ကိုမြသန်းကို တိုးတိုးပြောနေသည်။ မိုင်းချုပ်ပြန်သွားတော့ ကိုမြသန်းက ခရီးစဉ်တွေ ပြောပြသည်။
ယခုကော်ဖီသောက်ပြီးလျှင် ဘူမိဗေဒဌာန၌ ဘော်တွင်းမြေပေါ်မြေအောက်သတ္တုသိုက်နှင့် ပတ်သက်သည့် မြေပုံများ၊ မဟိုး ချောင်း(သတ္တုသိုက်အသစ်တည်ရှိသည့်နေရာ)မြေပုံများကို ကြည့်ရှုမည်။ ထို့နောက် မြေတိုင်းရုံးတွင် ဏူညေ များကို ကြည့်ရှုမည်။ ပြီးလျှင် ကိုးနာရီခန့်၌ ဘော်တွင်းမြေပေါ်သတ္တုကြောရှိနိုင်မည့် အထက်ပိုင်းဧရိယာများသို့ သွားကြည့်မည်။ မနက်ပိုင်းခရီးစဉ်သည် လေ့လာကြည့်ရှုတာနှင့် ပြီးဆုံးသွားပြီး နေ့လည်ပိုင်း၌ ဘူမိနှင့်မြေတိုင်းဌာနများတွင် မြေပုံများကို လေ့လာကြည့်ရှုကြမည်။
နက်ဖြန်မနက်ပိုင်းတွင် မိုင်းထဲဆင်းလေ့လာမည်။ နေ့လယ်ပိုင်း၌ ဘူမိနှင့်မြေတိုင်းဌာနများတွင် မြေပုံများကို လေ့လာ ကြည့်ရှုမည်။နောက်တစ်ရက်၌ မြေပေါ် ဟင်းလင်းဖွင့်သတ္တုရိုင်းတူးဖော်ရေးနှင့် သတ္တုရိုင်းသန့်စင်ရေးစက်ရုံသို့ လေ့လာပြီး နေ့လယ် စာ သုံးဆောင်ပြီးလျှင် နမ္မတူသို့ပြန်လည်ထွက်ခွာမည်။
ကျွန်တော်တို့ရုံးအဖွဲ့က ဧည့်ခံကျွေးမွေးတာ၊ ညစောင့်အိပ်တာ၊ ခရီးစဉ်၌လိုအပ်သည့် ဗာဟီရတွေလုပ်ကိုင်ပေးရမည် ဖြစ်သည်။ နက်ဖြန်မိုင်းဆင်းမှာမို့ ဖိနပ်၊ ဦးထုပ်၊ မီးခွက်၊ဝတ်စုံတွေအဆင်သင့် ထုတ်ထားရပေမည်။
ယခုပင် ကျွန်တော့်မှာ ကားသမားတွေ အသင့်ဖြစ်ဖို့သွားပြောထားရသည်။ ကိုးနာရီခရီးစဉ်မှာ လိုက်သွားဖို့ ကျွန်တော်နှင့် ထွန်းလင်းအောင်ကို တာဝန်ပေးသဖြင့် ရေသန့်ဘူးတွေ၊ ကိုကာကိုလာဘူးတွေ၊ တိုက်ဂါးဘီယာဘူးတွေ၊ ဆဲဗင်းအပ်ဘူးတွေ ခြင်းတောင်းထဲတည့်ကာ ကားပေါ်ကြိုတင်ထားလိုက်သည်။ ပစ္စည်းတွေတင်ပြီးချိန်တွင် နိုင်ငံခြားသားနှင့်အဖွဲ့လည်း ဘူမိဗေဒနှင့် မြေတိုင်းရုံးမှ ရုံကြီးရှေ့ကားများဆီသို့ ဆင်းလာနေပြီဖြစ်သည်။ ကျွန်တော်နှင့် ထွန်းလင်းအောင်လည်း ဗွီအိုင်ပီရိပ်သာမှ ပြေးဆင်းလာစဉ် နောက်မှ ကိုမြသန်းအသံကြောင့် ရိပ်သာပေါ်သို့ ပြန်တက်ရသေးသည်။
]ဖိုးကျော်၊ ထီးယူသွားဦး မိုးကျနိုင်တယ် ရော့}
ဟုတ်သားပဲ၊ ဇူလိုင်မိုးကအုံမှိုင်းနေသည်။ ကျွန်တော်လည်း ထီးငါးလက်ယူကာ ကားဆီပြေးဆင်းလာခဲ့သည်။
လက်ထောက်ညွှန်မှူးမှ နိုင်ငံခြားသားနှစ်ယောက်ကို ရှင်းပြရင်း ကားဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ အရပ် ရှည်ရှည်၊ နဖူးပြောင်ပြောင်၊ ကြေးနီရောင်ဆံပင်၊ အသားနီစပ်စပ် ဟစ်တလာနှုတ်ခမ်းမွှေးနှင့် နိုင်ငံခြားသားက လက်ထောက် ညွှန်မှူးရှင်းပြတာကို သေချာနားထောင်နေသည်။ သူ့အမည်မှာ မစ္စတာဟိုင်ဇင်လောင်းဖြစ်ပြီး မန္တလေးမိုင်းနင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်၊ ဘူမိဗေဒပညာရှင်လည်းဖြစ်ပြီး ဒေါက်တာဘွဲရထားသူ တစ်ဦးဖြစ်သည်။ သူသည် ဂျာမန်နိုင်ငံသားဖြစ်သည်။ မန္တလေးမိုင်းနင်းကုမ္ပဏီနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ အကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်မြောက်ရေးမှာ သူ့အပေါ်တွင် အများကြီး တည်မှီနေသည်။
နောက်တစ်ဦးမှာ အသားဖြုဖြူ၊အရပ်မနိမ့်မမြင့်၊ နှာခေါင်းချွန်ချွန်၊ ငွေရောင်ဆံပင်နှင့် ခန့်ညားသော ဥပဓိရုပ်ရှိသူဖြစ်သည်။ သူ့အမည်မှာ မစ္စတာဒေးဗစ်ဖြစ်ပြီး ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သည်။ သူကဩစတြေးလျနိုင်ငံသားဖြစ်သည်။ သူသည်လက်ထောက် ညွှန်မှူးရှင်းပြနေသည့် စကားထက် ပန်ဝန်းကျင်ရှိ ရုံးအဆောက်အဦ၊ ဗွီအိုင်ပီရိပ်သာ အဆောက်အဦ၊ တောင်စောင်းဘေးမှ အင်္ဂလိပ် တို့ ဆောက်လုပ်နေထိုင်သွားခဲ့သည့် မီးခိုးခေါင်းတိုင် ပေါ်ထွက်နေသော အရာရှိအိမ်လုံးများ၊ ခပ်လှမ်းလှမ်းရှိသတ္တုထွက်ရှိရာ ကွာလီတောင်မြင့်မြင့်ကြီးဆီငေးမောကြည့်လိုက်၊ ကင်မရာနှင့် ဓာတ်ပုံရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ဧည့်သည်များအတွက် လင့်ရိုဘာကားသုံးစီးစီစဉ်ထားသည်။ ပထမကားပေါ်တွင် လုံခြုံရေးရဲဘော်များ၊ ဒုတိယကားပေါ် တွင်နိုင်ငံခြားသားနှစ်ဦး၊ လက်ထောက်ညွှန်မှူး၊ ဘူမိဗေဒအရာရှိ ဦးတင့်လွင်၊ ဘူမိလက်ထောက် ဦးချန္ဒာရာ၊ ထွန်းလင်းအောင်နှင့် ကျွန်တော်၊ နောက်ဆုံးကားပေါ်တွင် မိုင်းချုပ်နှင့် အခြားပုဂ္ဂိုလ်များ။
လုံခြုံရေးကားစထွက်ထွက်ချင်းမိုးကတဖွဲဖွဲရွာချတော့သည်။ ကျွန်တော်တို့ကားနှစ်စီးလည်း ခပ်လှမ်းလှမ်းမှ လိုက်လာ ခဲ့သည်။ ဦးတင့်လွင်နှင့် ဦးချန္ဒရာက ဘော်တွင်းမြေပုံများကို မိုးမစိုအောင်သံဘူးရှည်တွေထဲ ထည့်ယူလာခဲ့သည်။ ဟုတ်သည် ရေစိုခံ၍မဖြစ်။ သည်မြေပုံတွေက အင်မတန် အရေးကြီးနေသည် မဟုတ်လော။
လက်ထောက်ညွှန်မှူးက နိုင်ငံခြားသားများကို ရှင်းပြလိုက်၊ သူတို့ကပြန်မေးလိုက်နှင့် ကွာလီတောင်အနီး ရောက်လာသည်။ ၁၉၇၉-၈၀ ခုနှစ် လောက်အထိ မြင်းမိုရ်တောင်ကြီးလို တမေ့တမောကြည့်ရှုခဲ့ရသည့် ကွာလီတောင်မြင့်ကြီးမှာ ယခုတော့ တောင် တစ်ခြမ်းမှာ ဘောလုံးကွင်းကြီးလိုဖြစ်သွားခဲ့ပြီ။ ထိုတောင်ကြီးမှ ဘော်များကို ဖြိုချယူငင်ရာမှ ခုတော့လည်း တောင်ကြီးပြိုစပြုနေ ပါပြီကော။ လက်ထောက်ညွှန်မှူးက လက်ညိုS;ညွှန်ရင်း ကွာလီတောင်ကြီး၏ မကြာသေးမီက အတိတ်တောင်ကြီးအကြောင်း ရှင်းပြ နေလိမ့်မည်ထင်သည်။ လှေကားထစ်သဖွယ်ဖြစ်နေသော ကွာလီတောင်စောင်းမှ ဘော်ကြုံးနေသော ဘူဒိုဇာဝါဝါကြီးတွေ၊ ဘော်သယ် နေသော ဇက်အမ်ကားပြာကြီးတွေကို နိုင်ငံခြားသားနှစ်ဦးက စိတ်ပါဝင်စားစွာ ကြည့်ရှုနေလေသည်။ ဪသူတို့မျက်စိကျလောက် သည့် သူတို့ကို အားကျဖွယ်ဆွဲဆောင်နိုင်စွမ်းရှိသည့် မိုးရေချိုးနေသည့် ဘော်တောင်ကြီးတွေပါကလား။
ကွာလီတောင်ကို လွန်လာသောအခါ ကမ္ဘာပေါ်၌ ဒုတိယအကြီးဆုံး မိုင်းဟု နာမည်ကြီးသည့် ဘော်တွင်းမြေအောက်မိုင်းထဲ သို့ဆင်းသည့်ဂိတ်ကြီး(မြေအောက်ဆင်းတွင်း)သို့ရောက်လာခဲ့သည်။ ပေပေါင်း ၁၄၀၀ ကျော်နက်သည့် မြေအောက်သို့ အလုပ်သမား များ အဆင်းအတက်လုပ်ရာနေရာလည်းဖြစ်သည်။ မိုင်းသုံးသစ်သားများ အတင်အချလုပ်ရာ နေရာလည်းဖြစ်သည်။ ဤဂိတ်ကြီးကို ၁၉၁၄ ခုနှစ်၌ ]မာမီယံ}ဆိုသော အင်ဂျင်နီယာက ဆောက်ခဲ့သဖြင့် ]မာမီယံရှပ်}ဂိတ်ကြီးဟု အမည်တွင်လေသည်။ မာမီယံရှပ်ဂိတ်ဝန်း ထဲ၌ အလုပ်သမားတွေ သစ်သားအတင်အချလုပ်နေလျက် ဂိတ်မောင်းသည့် ဝိုင်ဒါရုံ(ဂိတ်မောင်းရုံ)ဘက်မှ အချက်ပေးသံ ]ကလင်လင် တောင် တောင် တောင် တီ တီ င်္တီ}အသံတွေကလည်း မြည်နေလျက် မိုင်းသမားများစီးသည့် ဂိတ်ပုံးကြီးတို အတင် အချ လုပ်နေသည့် သံမဏီကြိုးလုံးများလည်း ဆီတစ်စက်စက်ဖြင့် အထက်အောက် ရွေ့လျားနေလျက်။ လက်ထောက်ညွှန်မှူးသည် မာမီယံရှပ် သမိုင်းကြောင်းကို မခြွင်းမချန်ရှင်းပြလိမ့်မည်ထင်သည်။ မာမီယံအင်ဂျင်နီယာမတိုင်မီ ၁၉၀၅ ခုနှစ်လောက်က ဘော်တွင်း မိုင်း၌ မိုင်းချုပ်လုပ်ခဲ့ဖူးသည့် မစ္စတာဟားဘတ်ဟူးဘားဆိုသည့် ပုဂ္ဂိုလ်သည် အမေရိကန်နိုင်ငံတွင် ၃၁ကြိမ်မြောက်သမ္မတ ဖြစ်ခဲ့ဘူးသည်ကိုလည်း မမေ့မလျော့ ပြောပြကောင်းပြောပြလိမ့်မည်ထင်သည်။
ကားသည် ဂိတ်ကြီးအတက်ကွေ့လိုက်စဉ်သတ္တုရိုင်းသန့်စင်စက်ရုံကြီးကို ဘွားကနဲတွေ့လိုက်ရသည်။ မိုးရွာထဲတွင် ခဲကန်၊ သွပ်ကန်များထဲ၌ သန့်စင်အလုပ်သမားများ ဂေါ်ထိုးနေလျက်၊ ကားလမ်းဘေးရှိဘော်လှောင်ကန်များမှ ခဲများ သွပ်များလည်းကား လမ်းမပေါ် တစက်စက်ယိုကျနေလျက်၊ လက်ထောက်ညွှန်မှူးကစက်ရုံအကြောင်းလည်း ရှင်းပြမည်ထင်သည်။
လက်ထောက်ညွှန်မှူးကတော့အင်္ဂလိပ်စကားပြောကျွမ်းကျင်သည်။ သူတို့နားလည်အောင်လည်း ရှင်းပြနိုင်သည်။ သူတို့ပြော တာကိုလည်း နားလည်သည်။ ယခင်ကဘော်တွင်း၌ လေဘာဘော(ကြီးကြပ်ရေးမှူး)ဘ၀မှ မိုင်းချုပ်အဆင့်အထိ အချိန်ကြာကြာ လုပ်ကိုင်ဖူးသဖြင့် ဘော်တွင်းမိုင်းအကြောင်း ခရေစေ့တွင်းကျ သိထားသူဖြစ်သည်။ နိုင်ငံခြားသားကမေးလိုက်တိုင်း အထစ် အငေါ့မရှိပြောနိုင်သူ ဖြစ်သည်။
ကားသည် စက်ရုံမရှင်းရှော့များကို လွန်မြောက်ပြီး ရတနာမြေရပ်ကွက်ကို ကျော်လွန်ခဲ့လေပြီ။ ကားလမ်းဘေး၌ အလုပ် သမားများနေထိုင်သည့် ၁၀ ပေခန်းတွဲ လိုင်းများအစီအရီ။ ကားတွေတက်လာတော့ ကလေးတွေ၊ အလုပ်သမားတွေနှင့် အမျိုးသမီး တွေကဝိုင်းကြည့်နေတာကို မစ္စတာဒေးဗစ်ကသဘောကျသဖြင့် ပြုံးရယ်နေရင်းလက်ထောက်ညွှန်မှူးကို ဘာတွေမှန်းမသိမေးမြန်း နေသည်။ ဘားမားကော်ပိုရေးရှင်းလက်ထက်ကတည်းက ဆောက်လုပ်ထားခဲ့သည့် ဆယ်ပေခန်းလေးတွေ ယခုအချိန်ထိ ပြောင်းလဲမှု မရှိသေးတာကို လက်ထောက်ညွှန်မှူးပြောမပြောသိချင်စမ်းပါဘိ။
ရန်နိုင်ကွေ့နှင့် သီရိမင်္ဂလာရပ်ကွက်များကို ကျော်ဖြတ်လာချိန်တွင် အတက်လမ်းများဖြစ်နေသဖြင့် ကားစက်သံမှာ ပိုမြည် လာပြီး ပိုရုန်းနေရသည် ထင်သည်။ ခုနှစ်လုံးတန်းနားအတက်ရောက်တော့ကားငယ်မှာ ငယ်သံတောင်ပါနေပြီ။ တက်ရင်းနှင့်ကားသံ မှာ နှေးသွားပြီးရပ်တော့မှာလားဟု စိုးရိမ်တုန်း ကားရပ်သွားသည်။ ရှေ့ကြည့်တော့ လုံခြုံရေးကားလည်းရပ်နေပြီ။
]ကဲ ဆရာတို့၊ ဒီနားဆင်းကြမယ်။ တရုတ်ဘုံကျောင်းနားကတောင်ကြောကို အရင်သွားကြည့်ရအောင်}
ဘူမိဗေဒအရာရှိ ဦးတင့်လွင်က လက်ထောက်ညွှန်မှူးကိုလည်းပြော၊ နိုင်ငံခြားသားတွေကိုလည်းပြောလိုက်တော့ ကားပေါ်က ဆင်းဖို့ဟန်ပြင်သည်။ မိုင်းချုပ်တို့လည်း ကားပေါ်မှ ဆင်းလာကုန်ပြီ။ မိုးကတော့ ခပ်စိတ်စိတ်ရွာနေဆဲပင်။
ကျွန်တော်သည် လက်ထောက်ညွှန်မှူး၊ ဦးတင့်လွင်နှင့် ဦးချန္ဒရာတို့ကို ထီးတစ်လက်စီပေးပြီး မစ္စတာဟိုင်ဇင်လောင်းအား ထီးမိုးပေးရန် ထွန်းလင်းအောင်ကို ထီးတစ်လက်ပေးလိုက်သည်။ ကျွန်တော်ကတော့ မစ္စတာဒေးဗစ်ကို ထီးမိုးပေးမည်။
လုံခြုံရေးများက ရှေ့ဆုံးမှနေ၍ တရုတ်ဘုန်းကြီးကျောင်းရှိရာ တောင်ကမ်းပါးယံလမ်းဘေးအတိုင်းခပ်သွက်သွက် သွားနှင့် သည်။ တရုတ်ဘုန်းကြီးကျောင်းကို သီရိမင်္ဂလာဘုန်းကြီးကျောင်းဘေး တောင်းခါးပန်း လမ်းကလေးအတိုင်းသွားရသည်။ ဦးတင့်လွင် နှင့် ဦးချန္ဒရာက မြေပုံဘူးကိုင်ကာ ရှေ့ဆုံးမှ ချီတက်သည်။ သူတို့နောက်တွင်မှ ထွန်းလင်းအောင်နှင့် ဟိုင်ဇင်လောင်း၊ ပြီးတော့ . . . .ကျွန်တော်နှင့်ဒေးဗစ်။ ထီးမိုးပေးရင်း နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ မိုင်းချုပ်တို့အုပ်စုလည်းနောက်မှ ကပ်လျက် ပါလာသည်။
သီရိမင်္ဂလာဘုန်ကြီးကျောင်းအလွန် တောင်ခါးပန်းကွေ့လိုင်လျှင် ထင်းရှုးပင်များ အုပ်ဆိုင်းဝန်းရံနေသော တရုတ်ဘုံ ကျောင်းကို အထင်းသား မြင်လိုက်ရသည်။ ဘော်တွင်းမိုင်းကို တရုတ်တို့ ပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့သည့် အမှတ်အသား တစ်ခု သဖွယ်ယူဆ၍ ရသည်။
]အိုး အိုး အိုး}
ဟိုင်ဇင်လောင်းချော်သွားသဖြင့် ထွန်းလင်းအောင်က ဖျတ်ကနဲ ဆွဲလိုက်သဖြင့် သင့်ခ်ယူဟု ပြုံး၍ ပြောလိုက်သည်။ ကလန်ကလားနိုင်လှသော ဟိုင်ဇင်လောင်း၏အရပ်ကြီးကို အရပ်ပုပုထွန်းလင်းအောင်က ထီးမိုးပေးနေသည့်ပုံမှာ ရယ်ချင်စရာ။ သူ လက်ဆန့် မြှောက်ထားသော်လည်း ထီးက ဟိုင်ဇင်လောင်းခေါင်းပေါ်မရောက်။ ဒေးဗစ်အရပ်က သိပ်မမြင့်သော်လည်း ကျွန်တော့် ထက် ခေါင်းတစ်လုံးပိုမြင့်နေသဖြင့် လက်ကို အပေါ်မြှောက်ကာထီးမိုးပေးရင်း ဘေးမှ ခပ်သွက်သွက်လိုက်ပါနေရသည်။
တရုတ်ဘုံကျောင်းပေါ် ခဏဝင်ကြည့်ကာ ကျောင်းအနောက်တောင်ဘက် လျှိုကြီးအတိုင်း ချီတက်တော့ ကျွန်တော်တို့ လည်း ပြေးတက်ရပြန်သည်။ မြက်ရိုင်းတောများဖုံးနေသော လူသွားလမ်းကလေးတိုင်း စမ်းတဝါးဝါးလျှောက်နေကြသည်။
]ဒီနေရာ ဒီတောင်ကြောပဲထင်တယ်။ သူတို့ကြည့်ချင်တာ}
ဦးချန္ဒရာက ဦးတင့်လွင်ကိုပြောရင်း သံဘူးထဲမှ မြေပုံလိပ်ထုတ်ကြည့်သည်။ ဦးတင့်လွင်က နိုင်ငံခြားသားနှစ်ယောက်ကို မြေပုံပေါ်ထောက်ပြရင်း ဒီနေရာ ဟုတ်မဟုတ်မေးနေတော့ ဟိုင်ဇင်လောင်းက မြေပုံကို သေချာစွာကြည့်နေသည်။ မြေပုံမိုးရေမစိုစေ ရန် ကျွန်တော်တို့က ထီးမိုးပေးထားသည်။
]နိုး နိုး နိုး}
ဟိုင်ဇင်လောင်းက သူကြည့်ချင်သော နေရာမဟုတ်ကြောင်းရှင်းပြသဖြင့် ဦးတင့်လွင်နှင့် ဦးချန္ဒရာတို့လည်း တပ်ပြန်ခေါက် ခဲ့သည်။ တကယ်တော့ ကွာလီတောင်နှင့် နန့်ပန်ယွန်းချောင်းခြားထားသော ဒီဘက်တောင်များတွင် ဘော်တွေ့ရှိနိုင်သည်ဟု ယခင် ပြုစုခဲ့သော အနောက်တိုင်းသာ ဘူမိဗေဒပညာရှင်များ၏ Rနစသမအ နှင့် မြေပုံများမှ သဲလွန်စများကို ခြေရာခံခြင်းဖြစ်ရာ တောင် ကုန်းနှင့်လျှိုနေရာ လွှဲမှားနေခြင်းဖြစ်မည်။ သူတို့တွေ့လိုသော ကျောက်နမူနာ ဒီနေရာ၌ မတွေ့ရပေ။
တစ်ဖွဲ့လုံးသီရိမင်္ဂလာဘုန်းကြီးကျောင်းဘက်ပြန်လျှောက်လာခဲ့ကြသည်။ ကျောင်းအနောက်ဘက် မြစ်ခြေချောင်(မြစ်ခြေ ဇာတိအလုပ်သမားများစုနေသည့်နေရာ)မှအထက်ဘက်လျှိုအတိုင်း ချီတက်ခဲ့ကြပြန်သည်။ ထိုအချိန်တွင်မိုးကဝုန်းကနဲရွာချလိုက်သည်။ ဦးတင့်လွင်တို့နောက် ဟိုဇင်လောင်းက ထက်ကြပ်မကွာပြေးလိုက်နေသဖြင့် ထွန်းလင်းအောင်လည်း အတင်းပြေးလိုက်နေရတော့သည်။ သို့သော် သူ့ခြေလှမ်းကျဲကြီးတွေကို ထွန်းလင်းအောင်မမီတော့။ သည်အထဲ မြက်ရိုင်းပင်များ၊ တံမြက်စည်းနှံပင်များ၊ စိန်နပန် ပင်များ၊ ကျောက်တောင်ကျောက်ခဲများကို ကျော်လွှားသွားရသဖြင့် မလိုက်နိုင်တာလည်းဖြစ်မည်။ ထွန်းလင်းအောင်ခမျာ နောက်မှ နောက်မှ မမီ့တမီ။ ကျွန်တော်လည်း ဒေးဗစ်နောက်သို့ ခပ်မြန်မြန်လိုက်နေရသည်။ တကယ့်ဘူမိဗေဒသမားပီသသည်။ ရှည်လျား သောမြက်ရိုင်းပင်များ၊ ကျောက်ကမ်းပါးယံများကို မမှု။ လျှိုအတိုင်း အထက်သို့ ခပ်မြန်မြန်ဆန်တက်သည်။ မိုးတွေရွာနေသည့် ကြားမှပင် ကျွန်တော့်မှာ ချွေးတွေစို့လာနေပြီ။ သို့သော် ဒေးဗစ်အနားမှ ကပ်၍ ထီးအမိုးမပျက်ခဲ့ပါ။
ကျောက်တောင်ကမ်းပါးတစ်နေရာအရောက်၌ ဦးတင့်လွင်က ရပ်တန့်လိုက်ပြီး တူဖြင့်ကျောက်ကိုထုကာ ဟိုဇင်လောင်းအား နမူနာပြလိုက်သည်။ မုန်ဘီလူးအငယ်စားလေးဖြင့် ဟိုဇင်လောင်းကကျောက်ကို သေချာစွာကြည့်လိုက်သည်။ ပြီးတော့ ကျောက်ကို လျှာဖြင့် လျက်ကြည့်သည်။ ကျွန်တော်အံ့ဩသွားသည်။ တချို့က ဘူမိဗေဒသမားကို သတ္တုမုဆိုးဟု တင့်စားကြသည်။ သတ္တုရှိမည့် နေရာကို အနံ့ခံတတ်ကြသည်။ ယခုတော့ လျှာဖြင့်လျက်ကြည့်နေလေပြီ။ ဘယ်လိုအရသာများ ရရှိလေမလဲ။ သူကြည့်ပြီးတော့ ဒေးဗစ်ကိုပြသည်။ သူကလည်းအနုလုံ ပဋိလုံသေချာစွာကြည့်နေသည်။
ကျွန်တော့်မှာ ခုမှ အမောဖြေရတော့သည်။ တက်လာသည့် လျှိုကို ပြန်ငုံ့ကြည့်လိုက်တော့ အလိုလို တော်တော်မတ်စောက် နက်လှိုင်းလှပါပကော။ တော်တော်မြင့်တက်ခဲ့ပါပကော။ ဘော်တွင်းရောက်တာ ၁၆ နှစ် ကျော်ခဲ့ပေမယ့် တစ်ခါမှ ဒီလျှို၊ ဒီတောင်ခါးပန်းကို မရောက်ဖူးခဲ့။ သီရိမင်္ဂလာစေတီကိုတောင် မိုးဖွဲဖွဲမှာ မှိုင်းပျပျသာမြင်ရသည်။ အထက်မော့ကြည့်လိုက်တော့ ဂူ အ ဖွေသားနှင့် တရုတ်သင်္ချိုင်းကြီးပါလား။ အင်း ဘော်တွင်းပတ်ပတ်လည်ရှိတောင်ကတုံးများအနက် တရုတ်သင်္ချိုင်းကအမြင့်ဆုံး။ အနည်းဆုံးပေ ၂၀၀ ကျော်တော့ရှိမည်ထင်သည်။
ဦးတင့်လွင်က ကျောက်နမူနာကိုင်ပြီး အင်္ဂလိပ်လိုရှင်းပြနေသည်။ သူ့စကားတွေနားမလည်သော်လည်း ]ချောင်းမကြီး}ဆို သောစကားခဏခဏပါသည်။ စင်စစ်ဘော်တွင်းသတ္တုကြောမှာ ချောင်းမကြီးအုပ်စုတွင်ပါဝင်သည်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးကျောက် ဖြစ်သည်။ အနည်ကျကျောက်အုပ်စုဖြစ်သည်။ ထို့ကြောင့်လည်း ဘော်တွင်းသတ္တုသိုက်မှ ငွေ၊ ခဲ၊သွပ် အများအပြားထွက်ရှိခြင်းဖြစ် သည် မဟုတ်လော။
ဟိုင်ဇင်လောင်းကကျောက်နမူနာကိုင်ပြီး ပတ်ဝန်းကျင်တောင်များကို ငေးမောကြည့်နေချိန်တွင် ဒေးဗစ်က မိုးမှုန်မှုန်အောက်မှ စေတီကိုဓာတ်ပုံရိုက်ယူနေသည်။ ထို့နောက် တစ်ဖွဲ့လုံး လာလမ်းအတိုင်း ပြန်ဆင်းလာခဲ့ကြသည်။
လျှိုကြီးအတိုင်းပြန်ဆင်းလာချိန်တွင် ကျွန်တော်နှင့်ဒေးဗစ်အနီး၌ လက်ထောက်ညွှန်မှူးလည်းပါလာခဲ့သည်။ မိုးအရွာနည်း သွားသော်လည်း ကျွန်တော်ကတော့ ထီးအမိုးမပျက်ဘဲ ဘေးချင်းယှဉ်လျက်ပါလာခဲ့သည်။
ကားများဆီပြန်ရောက်သောအခါ နိုင်ငံခြားသားနှစ်ယောက်သည် ရေသန့်ဘူးပဲသောက်သည်။ ဘီယာနှင့် အချိုရည်များ မသောက်ကြပေ။ ဒေးဗစ်က ကျွန်တော့်မျက်နှာကြည့်ရင်းလက်ထောက်ညွှန်မှူးကို စကားပြောလိုက်တော့ နှစ်ယောက်စလုံး ရယ်မော နေသည်။ ကျွန်တော့်မှာ ရယ်ချင်ပေမယ့် သူတို့ဘာပြောမှန်းမသိ၍ မရယ်နိုင်ပါ။ သူတို့ပြောတဲ့စကား နားမလည်ရကောင်းလားဟု ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိသည်။ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အင်္ဂလိပ်စကားမပြောတတ်တာ၊ နားမလည်တာ၊ ညံ့လွန်းလှတာကို ကိုယ့်ကိုယ်ကိုပဲ ဒေါသဖြစ်ရမလား၊ ဘယ်သူ့သွားပြီး အပြစ်တင်ရမလဲ။
]မိုင်ဘက်စ်ဖရန့်}
ကျွန်တော့်ကို ပြုံးစပ်စပ်ကြည့်ရင်း ဒေးဗစ်ကပြောနေတော့ လက်ထောက်ညွှန်မှူးကပြုံးနေသည်။ ထိုအချိန်တွင် ဒေးဗစ်က သူ့ကင်မရာကို ဟိုင်ဇင်လောင်းဆီပေးလိုက်သည်။ ထို့နောက်သူသည် နောက်ဘက်ဆုတ်ကာကားလမ်းမပေါ်၌ ရပ်လိုက်သည်။ ကျွန်တော်က သူ့ကိုလိုက်၍ ထီးမိုးပေးနေဆဲပင်။
]သူဓာတ်ပုံရိုက်ဦးမယ်တဲ့ ကိုဖိုးကျော်}
လက်ထောက်ညွှန်မှူးက ပြောလိုက်တော့ ကျွန်တော်လည်းထီးမမိုးတော့ဘဲ ဘေးသို့ ရှောင်ပေးလိုက်သည်။ လူအုပ်က လည်း ဝိုင်းကြည့်နေသည်။ ဟိုဇင်လောင်းကလည်း ဖိုးကပ်စ်ချိန်နေပြီ။ ထိုစဉ်ဒေးဗစ်က လက်ထောက်ညွှန်မှူးကို လှမ်းပြောလိုက် ပြန်သည်။
]ကိုဖိုးကျော်၊ ခင်ဗျားနဲ့ရိုက်ချင်တာတဲ့၊ သူ့ဘေးရပ်ပေးလိုက်ပေါ့}
ကျွန်တော်လည်း ထီးမိုးပေးရင်း သူ့ဘေးဝင်ရပ်လိုက်ချိန်တွင် ကင်မရာမီးက မျက်စိပေါ် လက်ခနဲဖြာသွားသည်။
]မိုင် ဘက်စ်ဖရန့်၊ မိုင်အမ်ဘရဲလား}
ဒေးဗစ်ကကျွန်တော့်ပခုံးပုတ်ရင်းပြောနေသောစကားကိုတော့ နားလည်ပါသည်။ သူနှင့်တွဲပြီး ဓာတ်ပုံရိုက်ခံရသဖြင့် သူ၏ အကောင်းဆုံးမိတ်ဆွေဟုချီးမွမ်းခံရသဖြင့် သူ၏]ထီးလူ}အဖြစ် အသိအမှတ်ပြုခံရသဖြင့် ကျွန်တော့်ရင်ထဲ ပီတိတွေဖြစ်နေမိသည်။
ဘော်တွင်း အထက်ပိုင်း ယူကလစ်aတောရှိ ခဲချော်ချေး(Slag) ရှိရာသို့ခရီးဆက်သွားချိန်ထိ ကျွန်တော့်မှာ ကားပေါ်တွင် တစိမ့်စိမ့်ကြည်နူးနေမိသည်။
ခဲချော်ချေးများရှိရာသို့ရောက်သောအခါ ဦးတင့်လွင်မှရှင်းပြသည်။ တကယ်တမ်း ဘော်တွင်းမိုင်းသို့ ပထမဆုံးလာရောက် ခဲ့သောတရုတ်များက ငွေ၊ ခဲ၊ သွပ်ရောနှောနေသည့် သတ္တုများထဲမှ အရည်အသွေးအကောင်းဆုံး ငွေစင်ကိုသာ ချက်ယူသွားသဖြင့် ချော်ချေးများ ဘော်တွင်းပတ်ဝန်းကျင်၌ ဟိုနားတစ်ပုံ ဒီနားတစ်ပုံကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
ခဲချော်ချေးများကို ကြည့်ပြီးနောက် ဘော်တွင်းတစ်မြို့လုံးအတွက် သောက်ရေ၊ သုံးရေ၊ သန့်စင်စက်ရုံလည်ပတ်ဖို့ရေ၊မိုင်းထဲ သုံးဖို့ရေများသိုလှောင်စုဆောင်းရာ ဆည်ကြီး၊ လွယ်မြေပန့်နှင့် နမ္မလပန့်များဆီသို့ ခရီးဆက်ခဲ့ပြန်သည်။ မိုးကတော့ ရွာလေမစဲ တသဲသဲမို့ကားတွေလည်း တောင်တက်လမ်းများ၌ ငယ်သံတွေမြည်နေတော့သည်။
ယူကလစ်ပင်များဝန်းရံနေသော ဆည်ကြီး အပေါ်ဘက်လမ်း ချိုးကွေ့လိုက်ရာ ဘော်တွင်းမှ မန်တုံသို့သွားသည့် ကားလမ်း မပေါ်ရောက်လေသည်။ ]ဘော်တွင်းလမ်းခွဲ}ဆိုင်းဘုတ်အနီးတွင် ကားတွေရပ်ပြီး အားလုံးကားပေါ်မှ ဆင်းကြပြန်သည်။ လက်ထောက် ညွှန်မှူးက ပတ်ဝန်းကျင်သို့ လက်ညှိုးညွှန်ကာ ရှင်းပြနေသည်။ ဤနေရာသည် တောင်များ၏ ထိပ်သို့ ရောက်နေရသလိုပင်။ ရာသီ ဥတုကြည်လင်လျှင် အရှေ့ဘက် ပြာမှိုင်းမှိုင်း တောင်တန်းများပေါ်မှ လားရှိုးမြို့ကိုလည်းကောင်း၊ တောင်ဘက်တောင်စဉ်အထပ်ထပ် ပေါ်မှ နမ့်ဆန်မြို့ကိုလည်းကောင်း၊ အနောက်မြောက်ဘက် တောစိမ်းစိမ်း၊ တောင်စိမ်းစိမ်းပေါ်မှ မန်တုံမြို့ကိုလည်းကောင်း၊ မြောက် ဖက်ယွန်းယွန်း မြူဆိုင်းဆိုင်း တောင်တန်းများအထက်မှ ခမောက်သဏ္ဍာန်တည်ရှိနေသော သံခမောက်တောင်မြင့်မြင့်ကြီးကိုလည်း ကောင်းလှလှပပမြင်တွေ့ရမည်ဖြစ်သော်လည်း ယခုအခါ တမိုးလုံးမိုးတိမ်များ အုံဆိုင်းပြီးမိုးများတဖွဲဖွဲကျနေသဖြင့် အနီးပတ်ဝန်းကျင် ရှိ သဲစက်တောင်မှ ထင်းရှုးပင်များ၊ အနောက်ဖက် နမ္မလချောင်းအပေါ်ရှိ ဂေါ်ရခါးတဲပေါ်သို့ တအိအိပြိုဆင်းလာနေသော တိမ်ပင် လယ်များကိုသာ မြင်နေရသည်။
]မိုင် အမ်ဘရဲလား}
ဒေးဗစ်ကကျွန်တော့်ကိုပြောမှန်းသိသဖြင့် ထီးမိုးပေးရင်း သူ့နောက်လိုက်လာခဲ့သည်။ နမ္မလတောစိမ်းစိမ်းပေါ်တွင် တစ်စ တစ်စပြိုဆင်းလာနေသော ဂွမ်းလိပ်များကိုသူက မျက်တောင်မခတ်ဘဲ ငေးမောကြည့်ရှု့နေသည်။
သူ့မျက်စိထဲဝယ်အင်မတန်လှပသော မြန်မာ့ရှုခင်းများထဲမှ ဘော်တွင်းမိုးတစ်နေ့ရှုခင်း ရှုကွက်ကို မြင်တွေ့ရသဖြင့် အံ့ဩနေ မည်ထင်သည်။ ထာ၀ရစွဲနစ်နေမည်ထင်သည်။ သူ့အနီးလက်ထောက်ညွှန်မှူးရောက်လာမှပင် မျက်စိအကြည့်ရုပ်သိမ်းကာ စကားပြော ဖို့သတိရတော့သည်။
]သူဓာတ်ပုံရိုက်ဦးမယ်တဲ့၊ ဟိုးကတိမ်ဖြူဖြူတွေကို နောက်ခံထားပြီးဓာတ်ပုံရိုက်ချင်တယ်တဲ့}
လက်ထောက်ညွှန်မှူးစကားဆုံးတော့ အားလုံးက ဒေးဗစ်ဆီအာရုံရောက်လာကြပြန်သည်။ ကင်မရာကို ဟိုဇင်လောင်း လက်ထဲပေးလိုက်သည်။ ကျွန်တော်လည်း အလိုက်သိစွာ ထီးကိုင်လျက်မှပင်ဘေးသို့ဖယ်ပေးလိုက်သည်။
]အိုး နိုး နိုး}
ဒေးဗစ်က ကျွန်တော့်လက်ကို အတင်းဆွဲခေါ်သည်။ လက်ထောက်ညွှန်မှူးကို လှမ်းပြောပြန်သည်။
]ကိုဖိုးကျော်၊ ခင်ဗျားနဲ့အတူ ဓာတ်ပုံရိုက်ချင်တာတဲ့၊ ဟိုးနောက်က ရှုခင်းကို နောက်ခံထားပြီး သူ့ကို ထီးမိုးပေးနေတဲ့ပုံကို အမှတ်တရရိုက်ချင်တာတဲ့}
ကျွန်တော်လည်း သူ့ဘေးမှ ဝင်ရပ်ရင်း ထီးမိုးလျက် ဓာတ်ပုံအရိုက်ခံလိုက်ရသည်။ ကျွန်တော့်ရင်ထဲတွင် ပီတိများတဖွား ဖွား ဖြစ်နေသည်။
တောင်ပေါ်မှ ဗွီအိုင်ပီရိပ်သာသို့ ပြန်လာသော လမ်းတလျှောက်လုံး ကျွန်တော့်မှာ ဝမ်းသာကြည်နူးနေမိသည်။ နိုင်ငံခြားသား က တခုတ်တရခေါ်ပြီး ဓာတ်ပုံရှိက်သည်ကို ဂုဏ်ယူနေမိသည်။ ကားသုံးစီးပေါ်မှ လူများကလည်း ကျွန်တော့်ကို နိုင်ငံခြားသားက ထူးထူးခြားခြား ခင်မင်တာကို ဝမ်းသာနေကြသည်ထင့်။ အားကျဂုဏ်ယူနေကြသည်ထင့်။
]ကိုဖိုးကျော်၊ ကျန်တဲလူတွေတော့ မသိဘူး၊ ခင်ဗျားကတော့ ဒေါ်လာစားရဖို့နီးစပ်တယ်၊ ပဏာမရှာဖွေလေ့လာရေးတွေ လုပ်နေတဲ့ အချိန်မှာတော့ ခင်ဗျားကို ဒေးဗစ်က ခေါ်လောက်တယ်}
ထွန်းလင်းအောင်က ဒေါ်လာစကားပြောလိုက်သဖြင့် အူကို လေပင့်သလို ကျွန်တော်ပို၍ ရွှင်မြူးနေတော့သည်။ ဗွီအိုင်ပီ ရိပ်သာပြန်ရောက်လျှင် ရုံးထဲမှ လူများနှင့် သူငယ်ချင်းများကို ကြွားလိုက်ဦးမည်ဟု အားခဲလာခဲ့သည်။ ကွာလီတောင် အဆင်းရောက် သောအခါ ဒေးဗစ်က ကျွန်တော့်ကိုကြည့်ရင်း လက်ထောက်ညွှန်မှူးကို စကားပြောနေသည်။ လက်ထောက်ညွှန်မှူးက ကျွန်တော့် ဘက် လှည့်ကာ
]ဒေးဗစ်က ပြောတယ်၊ သူ့ဘ၀တစ်လျှောက်လုံး မွေးကတည်းက တစ်ခါမှ သူ့ကို ထီးဆောင်းပေးခဲ့တာမျိုး မရှိခဲ့ဘူးတဲ့၊ ခုတစ်ကြိမ်ဟာ သူ့ဘ၀မှာ ထီးမိုးပေးခံရတာ ပထမဦးဆုံးပဲတဲ့၊ သူသိပ်သဘောကျတယ်တဲ့၊ သူသိပ်ကျေနပ်တယ်တဲ့၊ သူသိပ်ဂုဏ်ယူ တယ်တဲ့}
]သေဟဲ့}
လက်ထောက်ညွှန်မှူးစကားကြားရတော့ စောစောက ကြည်နူးစိတ်တွေ ဘယ်ရောက်သွားသည် မသိတော့။ စောစောက ဂုဏ်ယူဝံ့ကြွားစိတ်များအစား ရှက်စိတ်၊ သိမ်ငယ်စိတ်တွေ ရုတ်ခြည်းဝင်ရောက်လာသည်။ ဪထီးမိုးပေးသူက ဂုဏ်တက်တာလား။ ထီးမိုးခံရသူက ဂုဏ်တက်တာလား။
]ကိုဖိုးကျော်၊ ဆင်းတော့လေ}
ထွန်းလင်းအောင်က သတိပေးမှ ဗွီအိုင်ပီရိပ်သာအနီးကားရပ်တာကို သတိရတော့သည်။ မိုးကလည်း စဲသွားပြီ။ မိုးနှင်းမှုန် ကလေးလောက်သာ ကျတော့သဖြင့် ဒေးဗစ်ကို ထီးမိုးပေးရန် မလိုတော့။ သို့ဖြင့်ပစ္စည်းများသယ်ဖို့ ဟန်ပြင်နေစဉ်
]မိုင် အမ်ဘရဲလား}
ဒေးဗစ်စကားမဆုံးမီ လက်ထောက်ညွှန်မှူး ဦးတိုးဝင်းမောင်က ကျွန်တော့်ကို အမူအရာပြသဖြင့် ကျွန်တော်လည်း ထီးဖွင့်ကာ...
(၁၉၉၇ ခုနှစ်၊ စတုတ္ထအကြိမ် မိုးမိုး(အင်းလျား)အမှတ်တရ ဝတ္တုတိုပြိုင်ပွဲဆုရဝတ္တု)