မျက်ရည်နှင်းမှုန်ကြားက သံယောဇဉ်ကြိုး
(ဝတ္ထုရှည်) (Unicode)
ဆင်တဲဝမြတ်မင်း
မဟေသီမဂ္ဂဇင်း(၂၀၁၇ ခုနှစ်၊ မတ်လ)
ဆရာ . . . .
ဒီနှစ်ဆရာကန်တော့ပွဲမှာ ဆရာပါမယ်ဆိုလို့ ကျွန်တော်တို့အဖွဲ့တွေ အရမ်းဝမ်းသာနေမိတယ်ဆရာ။ မနှစ်တုန်းက ဆရာကန်တော့ပွဲမှာ မပါဘဲ ဒီနှစ်ကန်တော့ပွဲကျမှပါမယ်ဆိုလို့ အံ့လည်းအံ့သြမိတာပါဆရာ။
မနှစ်တုန်းက ဆရာပါမယ်ဆိုလို့ ကျွန်တော်တို့ အမျှော်ကြီးမျှော်ခဲ့ကြတာ။ တကယ်ရောက်လာတော့ တွဲဖက်ဆရာထဲက နှစ်ယောက်တည်းရယ်။ ဆရာဦးတင့်လွင်နဲ့ ဆရာမဒေါ်ကြည်ကြည်မြင့်၊ ဆရာနဲ့ဆရာ ဦးကျော်မြင့်လည်း ပါမလာဘူး။
ဘော်တွင်းတွဲဖက်မှာ အချိန်ပိုင်းသင်ခဲ့တဲ့ဆရာတွေကတော့ အများကြီးပေါ့ဆရာ။ ဒါပေမဲ့ ၉ တန်းနဲ့ ၁၀ တန်းမှာ တန်းပိုင်တာဝန်ပါယူပြီး၊ ဘာသာရပ်ခပ်များများကို အချိန်ပြည့်နဲ့ နှစ်ကြာကြာသင်ခဲ့တာက ဆရာရယ်၊ ဆရာဦးတင့်လွင်ရယ်၊ ဆရာဦးကျော်မြင့်ရယ်ပါ။
မနှစ်ကဆရာကန်တော့ပွဲလုပ်မယ်ဆိုတော့ ဘော်တွင်းမှာရှိတဲ့ ကျောင်းသား/သူအားလုံး ဆရာကန်တော့ ပွဲအတွက် အလှူငွေထည့်ကြတာပေါ့ဆရာ။ ဆရာကန်တော့ပွဲမတိုင်ခင်ကတည်းက အခမ်းအနားပြင်သူကပြင်၊ စားဖိုချောင်မှာ ချက်ဖို့ပြုတ်ဖို့ပြင်သူကပြင်၊ တည်းခိုရိပ်သာတွေမှာ ခြင်ထောင်တွေ၊ စောင်တွေပြင်သူကပြင်နဲ့ တက်တက်ကြွကြွဝိုင်းလုပ်ကြတာပေါ့ဆရာရယ်။ ဒါပေမဲ့ . . . ကန်တော့ပွဲကို ဟိုးအရင်တုန်းက ဘော်တွင်း ကျောင်းအလယ်တန်းမှာ သင်ခဲ့တဲ့ဆရာကြီး၊ ဆရာမကြီးတွေပဲ အများဆုံးရောက်လာပြီး၊ ကျွန်တော်တို့ တွဲဖက်မှာ သင်ခဲ့တဲ့ဆရာတွေပါမလာတော့ ကျောင်းသားတွေစိတ်ပျက်သွားတာအမှန်ပဲဆရာ။
ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေက တွဲဖက်မှာ အချိန်ပြည့်သင်ခဲ့တဲ့ဆရာပဲဖြစ်ဖြစ်၊ အချိန်ပိုင်း သင်ခဲ့တဲ့ဆရာပဲဖြစ်ဖြစ်၊ ကြောက်ချစ်ရိုသေလေးစားပြီးသားပါဆရာ။
ဒါပေမဲ့ တွဲဖက်ဆရာတွေထဲမှာ ကျွန်တော်ကတော့ ဆရာ့ကိုပိုပြီး ခင်မင်မိတယ်ဆရာ။ ပိုပြီးလေးစားမိ တယ်ဆရာ။ မြန်မာစာဆရာမို့ အသင်အပြကောင်းလို့၊ အဟောအပြောကောင်းလို့၊ ပုံတိုပတ်စပြောတတ်လို့ဆိုတာ တွေချည်းကြောင့်တင်မဟုတ်ဘူးဆရာ။ ဘော်တွင်းမှာအရာရှိနဲ့ သာမန်မိုင်းသမားဆိုပြီး လူတန်းစား ၂ မျိုး ကွဲနေ တဲ့ ဒေသကျဉ်းကျဉ်းလေးမှာ အချို့ဆရာ၊ ဆရာမတွေက အရာရှိသားသမီးတွေကို တန်းခန်းထဲမှာ အရေးလုပ် ဆေးသုတ်ဆက်ဆံပြီး၊ ကျွန်တော်တို့လို မိုင်းကြွက်သားသမီးတွေကျတော့ ဖုတ်လေတဲ့ငပိ၊ ရှိလေတယ်လို့တောင် မထင်ပဲ နှိမ့်ချဆက်ဆံနေတဲ့အချိန်မှာ ဆရာကတော့. . . . တန်းခန်းထဲမှာ တစ်ပြေးညီသင်ကြား၊ တစ်ပြေးညီ စေတနာထား၊ တစ်ပြေးညီဆက်ဆံတာတွေ့ရတော့ . . . ကျွန်တော်တို့ကျောင်းသားတွေ ဆရာ့ကို သဘောကျတာ အဆန်းလား၊ လေးစားတာ အဆန်းလား၊ ကြည်ညိုတာအဆန်းလား ဆရာ။
ဒါကြောင့် ပြောတာပေါ့၊ ဘော်တွင်းမှာ သင်ခဲ့ရတဲ့ မူလတန်း၊ အလယ်တန်း၊ တွဲဖက်အထက်တန်းဆရာ/မတွေထဲမှာ ဆရာ့ကိုပိုပြီး သံယောဇဉ်ရှိပါတယ်။ ဒါပေမဲ့. . . ကိုယ်လေးစားချစ်ခင်ရတဲ့ ဆရာတစ်ယောက် ဆရာကန်တော့ပွဲမှာ ပါမလာတော့ ကျွန်တော်တင်မကဘူး၊ ဘော်တွင်းတွဲဖက်ကျောင်းသား/သူ တွေ အရမ်းဝမ်းနည်းသွားတယ်လို့ပြောရင် ယုံမလားမသိဘူး ဆရာ။
ဆရာ . . . ဒီနေ့လယ် ၂ နာရီခွဲလောက်ထင်တယ် ဆရာ၊ VIP Rest House မှာ ဆရာတို့ရောက်နေပြီ ဆိုတဲ့ သတင်းကို မနက်ဖြန် နေ့လည်စာချက်ဖို့ ဒန်အိုးဒန်ခွက်တွေ ကျောင်းကုန်းပေါ် သယ်ပိုးနေတုန်း၊ ဝပ်ရှော့က မင်းနိုင်လာပြောတဲ့ အချိန်မှာ တစ်အားဝမ်းသာသွားတယ် ဆရာ။ မနက်ကတည်းက ရပ်ဝေးက ဆရာ/မတွေနဲ့ ကန်တော့မယ့် ကျောင်းသား/သူတွေ တဖွဲဖွဲ ရောက်နေတဲ့သတင်းကြောင့် ဘော်တွင်းတစ်တွင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်လို့ပေါ့။ဆရာမကြီးဒေါ်သန်းစိန်နဲ့ မိုင်းချုပ်ဟောင်းဦးညီတို့လည်း ရောက်နေကြပြီတဲ့။ ဆရာ ဦးခင်မောင်ချစ်၊ ဦးချစ်လွန်း၊ ဦးတင့်လွင်၊ဦးအောင်ညွှန့်၊ ဦးအောင်ရွှေနဲ့ ဆရာမဒေါ်ခါးရာ၊ ဒေါ်နန်းခမ်းလှ၊ ဒေါ်ဝါဝါလှ၊ ဒေါ်ကြည်ကြည်မြင့်၊ ဒေါ်မေစန်းမြိုင်တို့လည်း VIP ရိပ်သာမှာရောက်နေကြပြီတဲ့။
ကျွန်တော်ကတော့ . . . ဆရာနဲ့တွေ့ချင်စိတ်က ထိန်းမရဘူးဆရာ။ ချက်ဖို့ပြုတ်ဖို့ပစ္စည်းတွေ သယ်တာ ကလည်း ခုချိန်ထိ မပြီးသေးဘူး။ ဆရာရောက်နေတဲ့ VIP ကို သွားတွေ့ချင်ပါတယ်ဆိုကာမှ ပစ္စည်းတွေ သယ်တာ က မပြီးနိုင်ဘူး၊ မှောင်လာတဲ့အထိ ဆရာမဆီမရောက်နိုင်သေးဘူးဆရာ။
“ ငါ ဆရာနဲ့တွေ့ခဲ့ပြီးပြီ၊ ဆရာက ဟိုးအရင်တန်းခန်းထဲကလို ပိန်ပိန်ပါးပါးလေးမဟုတ်ဘူးကွ၊ ဝပြီးခန့်နေတာ။ I Max အနွေးထည်နဲ့၊ စတိုင်ဘောင်းဘီအနက်နဲ့၊ ဘေးလွယ်အိတ်အနက်နဲ့။ ကိုရီးယားမင်းသား ကျ နေတာပဲ။ ငါနဲ့တွေ့တော့ . . . ဆရာကပြုံးပြုံးနဲ့ အော်ဟစ်နှုတ်ဆက်တယ်ကွ။ ဆရာရောက်သံကြားလို့ ရောက်လာကြတဲ့ ညိုညို၊ ဖြူဖြူမြင့်၊ ဌေးဌေးမြင့်၊ ပြုံးပြုံးစံ၊ ဆန်းဆန်းနိုင်နဲ့ဆရာတို့ စကားပြောသံတွေက VIP မှာ ညံပွက်နေတာပဲ။ ငါ့ကို ဘာပြောတယ်မှတ်လဲ၊ မင်းက အိုယန်ဟိုင်တဲ့၊ ဘော်တွင်းက အိုယန်ဟိုင်တဲ့၊ မင်းအကြောင်းဝတ္ထုရေးရဦးမယ်တဲ့၊ မင်းကော ဆရာနဲ့တွေ့ပြီးလား ’’
ဘော်တွင်း အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်မို့၊ အိုယန်ဟိုင်နဲ့ အနှိုင်းခံရတဲ့မြင့်ဦးကလည်း ဆရာရောက်ကြောင်းပြောပြရင်း မေးနေလို့ ကျွန်တော်ခေါင်းယမ်းပြလိုက်တယ်ဆရာ။
VIP မှာ ဆရာ/မတွေ ပြည့်နေလို့ ရုံးကြီးနောက်က ဦးအုန်းမြင့်သိန်း နေသွားတဲ့အိမ်ဟောင်းမှာ ခွဲတည်းရသတဲ့။ နှစ်ထပ်ရိပ်သာအခန်းတွေလည်း ပြည့်ကုန်ပြီတဲ့။ ကောင်စီရုံးနားက ဦးမြိုင်နေသွားတဲ့အိမ်လည်း ဧည့်သည်တွေထားပေးရသတဲ့။ ဆရာတို့လည်း နှစ်ထပ်ရိပ်သာမှာတဲ့။ သတင်းတွေ . . . သတင်းတွေ။ ဆရာရယ် . . . တွဲဖက်ကျောင်းသား/သူတွရဲ့ ပါးစပ်ဖျားကထွက်လာတဲ့ စကားသံလှိုင်းဟာ ြမောက်ပြန်လေနဲ့အတူ ဆရာရဲ့ နာမည်တွေပဲ ဘော်တွင်းကျောက်ပြုတ်လမ်းမကြီးပေါ်မှာလွင့်ပျံနေတယ်ဆရာ။
ကျောင်းကုန်းပေါ် ပစ္စည်းတွေသယ်ပေးပြီးပြန်တော့၊ ထင်းတွေပါတိုက်ပေးနေရတော့ . . . ကျွန်တော့် ကားလည်း မနားရတော့ဘူးဆရာ။ ဝပ်ရှော့က ဦးအောင်ထွန်းလည်း ဆရာတွေဆီ ပြေးလိုက်၊ ကျောင်းပေါ်က ခန်းမဆီပြေးလိုက်၊ ချက်မယ့်နေရာပြေးလိုက်နဲ့ မနားမနေပေါ့ဆရာရယ်။ နက်ဖြန်ကျင်းပမယ့်အခမ်းအနားကို ဟာကွက်မရှိစေချင်လို့နေမှာပေါ့ဆရာရယ်။ ဆရာကန်တော့ပွဲကို ဦးဆောင်လုပ်ကိုင်နေ့တဲ့ မိုင်းချုပ်ကြီး ဦးခင်မောင်နဲ့ ဦးအောင်ထွန်းတို့လည်း ပွဲကို လှလှ ပပဖြစ်ဖို့ မနားတမ်း လှုပ်ရှားနေကြတာပေါ့ဆရာ။
ဆရာတွေအတွက် ညနေစာကို VIP ရိပ်သာမှာ စီစဉ်ထားပေမယ့်၊ တချို့ကလည်း နီးစပ်ရာဆွေမျိုးတွေ၊ တပည့်တွေရှိတဲ့ ရပ်ကွက်ဆီသွားလည်ကြ၊ သွားစားကြတာပေါ့ဆရာ။ ကျောင်းကုန်းပေါ်ထင်းတွေပို့ပြီးလို့ ဆရာရှိတဲ့ နှစ်ထပ်ရိပ်သာဆီ ကားမောင်းလာတော့ ကျွန်တော်မောသွားတယ်ဆရာ။ ဆရာမရှိဘူးတဲ့။ နွယ်နွယ်နဲ့ ဝင်းကြည်က ဆီးပြောတယ်။ သူတို့လည်း ဆရာနဲ့တွေ့ဖို့စောင့်နေတာတဲ့။ ကုလားကုန်းက ဦးသိန်းထွန်းသိန်းအိမ်သွားလည်သတဲ့။ ဪ . . . ဆရာက စာသမားဆိုတော့ စာပေဘော်ဒါအိမ်ကို သွားလည်တာနေမှာပေါ့။
ဆရာနဲ့တွေ့ကိုတွေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဆရာပြန်အလာကို နှစ်ထပ်ရိပ်သာမှာ ဇွဲနပဲနဲ့စောင့်နေ တုန်း စာတိုက်ကို အောင်ဌေးကလှမ်းအော်ပြောတယ်။ မိုင်းချုပ်ကြီးက မင်းကိုရှာနေသတဲ့။ သူဆီလာတွေ့ပါတဲ့။ အင်း . . . ဆရာနဲ့တွေ့အောင်စောင့်ပါတယ်ဆိုမှ မိုင်းချုပ်ကတစ်မှောင့်။ ဘာကိစ္စရှိလို့ပါလိမ့်။ အေးလေ ဒီည ဆရာနဲ့မတွေ့ရလည်း နက်ဖြန်ကန်တော့ပွဲမှာ ဆရာနဲ့တွေ့တော့မယ်။ ခန်းမထဲမှာ ဆရာ့ကိုကန်တော့မယ်ဆိုတဲ့ အတွေးနဲ့ မိုင်းချုပ်ဦးခင်မောင်ကို ရှာပုံတော်ဖွင့်ရပြန်တာပေါ့ဆရာရယ်။
တွေ့မယ့်တွေ့တော့ . . . မိုင်းချပ် ဦးခင်မောင်ကို ရုံးကြီးနားက မိုင်းချုပ်အိမ်ဟောင်းမှာ သွားတွေ့တယ်။ မိုင်းချုပ်ဟောင်းဦးညီနဲ့ ဆရာမကြီးဒေါ်သန်းစိန်တို့ ဇနီးမောင်နှံက မိုင်းချုပ်တာဝန်ထမ်းဆောင်စဉ်တုန်းက နေခဲ့တဲ့ သည်အိမ်ကြီးမှာ အလွမ်းပြေတည်းခိုချင်တယ်ဆိုလို့၊ အခုဆရာမကြီးတို့ကို ဒီအိမ်ကြီးမှာ မိုင်းချုပ်ဦးခင်မောင်က စီစဉ်ပေးထားတာပါဆရာ။
ကျွန်တော် ရောက်ရောက်ချင်း . . .မိုင်းချုပ်ဦးခင်မောင် ဆီးပြောလိုက်တဲ့စကားကြောင့် ရင်ဝကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်သလို ခံစားလိုက်ရတယ်ဆရာ။ မနက်ဖြန် မိုင်းချုပ်ဟောင်းဆရာညီသွားချင်တဲ့နေ ရာတွေဆီ ဘော်တွင်းတစ်တွင်းလုံးကို မင်းလိုက်ပို့ပေးလိုက်တဲ့။ အခု . . . ကားကြံ့ခိုင်ရေးသွားလုပ်ထားတဲ့။ ကျွန်တော်လည်း မိုင်းချုပ်ဟောင်းအိမ်ပေါ်က ပြေးဆင်းလာပြီး ကားကြံ့ခိုင်ရေးသွားလုပ်ဖို့ စက်မှုဘက် ပြေးလာ ခဲ့ရတာပေါ့ ဆရာ။ ဆရာနဲ့ လွဲပြန်ပြီပေါ့ဆရာရယ်။
မနက် ဆရာညီကို လိုက်ပို့ပေးနေတဲ့ အချိန်မှာ ကျွန်တော့်စိတ်က ကျောင်းကုန်းပေါ်ရောက်နေတယ် ဆရာ။ ၁၄ ရာစုကတည်းက ဘော်တွင်းမိုင်းကို ဆီမီးခွက်လေးတွေနဲ့ သတ္တုတူးခဲ့ကြတဲ့ တရုတ်တွေ ကိုးကွယ်ကြတဲ့ တရုတ်ဘုံကျောင်းနဲ့ သီရိမင်္ဂလာဘုန်းကြီးကျောင်းပေါ်ရောက်နေတော့လည်း၊ ခုချိန်ဆိုဆရာ/မ တွေကို ထမင်းတွေ၊ ဟင်းတွေ၊ အချိုပွဲတွေနဲ့ ဧည့်ခံနေကြရောပေါ့။ ရန်နိုင်ကွေ့ရပ်ကွက်၊ အပေါင်ဆိုင်ရှေ့နားက နန့်ပန်ယွန်းချောင်းကို ဖြတ်ကူးဖို့ဆောက်ထားတဲ့ ရှေးဟောင်းတရုတ်တံတား(ဘိလပ်ြမေမပါဘဲ ကျောက်တုံးတွေ ချည်းစီထား)ကို သွားကြည့်တော့လည်း၊ ခုချိန်ဆို . . . ဆရာ/မတွေကို ကန်တော့ဖို့ မန္တလေးက ဆရာဦးကိုကိုကြီးနဲ့ တွဲဖက်ကျောင်းသားဟောင်း ညီညီထွန်းတို့က ကန်တော့ချိုးကို ရှေ့ကတိုင်ပေးနေရောပေါ့။ ပေပေါင်း ၁၇၀ဝ ကျော်နက်တဲ့ြမေအောက်ကို လူအတင်အချ၊ သစ်သားအတင်အချ လုပ်တဲ့ဂိတ်ကြီး(မာမီယံရှပ်)၊( ြမေအောက် သတ္တုတွင်းထဲဆင်းတဲ့ ဓာတ်လှေကားစင်ကြီး)ဆီ ရောက်တော့လည်း၊ ခုချိန်ဆို . . . အခမ်းအနားမှူးလုပ်တဲ့ ဒင်နိုး ကဆုံးမသြဝါဒစကား မြွက်ကြားပေးဖို့ ကျောင်းအုပ်ဟောင်း ဆရာမကြီးဒေါ်သန်းစိန်ကို ဖိတ်ခေါ်နေရောပေါ့. . .။
ဆရာညီသွားချင်တဲ့ အထက်ရေကန်ကြီး၊ ဘော်တွင်းသတ္တုသန့်စင်စက်ရုံ၊ Open Pit (ြမေပေါ်ဟင်း လင်းပွင့် သတ္တုတွင်း)ကနေ၊ အောက်ဘက်ဆင်းလာပြီး၊ အောင်သိဒ္ဓိရပ်ကွက်က ဘော်လုံးကွင်းဆီဆင်းလာတော့၊ မင်္ဂလာကွေ့တံတားနားထိပ်အရောက်မှာ ဆရာကန်တော့ပွဲက ထွက်ပေါ်လာတဲ့ အသံတွေက ကျောင်းကုန်းပေါ် ကတစ်ဆင့်၊ ရေတမာပင်ကြီးကတစ်ဆင့်၊ သံလမ်းပေါ်ကတစ်ဆင့်၊ မင်္ဂလာကွေ့တံတားပေါ်က တစ်ဆင့် ကျွန်တော်တို့ ကားလေးထဲထိပြေးဝင်လာတော့ . . . ခန်းမထဲ ဝင်ထိုင်ခွင့်မရတဲ့ ကျွန်တော့်ရင်ထဲ ဆွေးဆွေးမြည့် မြည့်ကြီး ခံစားနေရတယ် ဆရာရယ်။
ဒါပေမဲ့ . . . ညနေ ၃ နာရီခွဲ ဆရာ ကန်တော့ပွဲအခမ်းအနားပြီးဆုံးတော့မယ်ဆိုတဲ့ သတင်းကြားကြားချင်း၊ ဆရာညီကို မိုင်းချုပ်အိမ်ဟောင်းဆီပြန်ပို့၊ ဆရာကန်တော့ပွဲ ကျင်းပတဲ့စာသင်ကျောင်းကုန်းဆီ အမြန်မောင်းလာခဲ့ တယ်ဆရာ။ မင်္ဂလာကွေ့တံတားထိပ်ရောက်တော့ . . . ကန်တော့ပွဲပြီးဆုံးလို့ ဆင်းလာတဲ့လူအုပ်ကြီးက နည်းတာ မဟုတ်ဘူး။ စကားပြောသံ၊ ရယ်မောသံ၊ နောက်ြပောင်သံ၊ လမ်းလျှောက်သံ၊ ဆောင်းဘောက်ကနေ ထွက်ပေါ် လာတဲ့ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာအညှာတစ်ခု သီချင်းသံတွေက စာသင်ကျောင်းကုန်းပေါ်မှာ၊ သံလမ်း ပေါ်မှာ၊ နမ့်ပန်ယွန်းချောင်းပေါ်က တံတားလေးပေါ်မှာ လွင့်ပျံ့နေတာပေါ့ဆရာရယ်။
ကျွန်တော်လည်း ကျောင်းကုန်းပေါ်က ပြိုဆင်းလာနေတဲ့ လူအုပ်ကြီးကို အတင်းတိုးဝှေ့ဖြတ်သန်း ရှောင်ကွင်းသွားနေတုန်း၊ ဗြုန်းဆို မျက်နှာချင်းဆိုင် မြင့်မြင့်သန်းနဲ့တွေ့မှ ြခေလှမ်းတွေ တန့်သွားတယ်။ မတန့်လို့မရတော့ဘူး ဆရာ။ မြင့်မြင့်သန်းကတွေ့တွေ့ချင်း ရန်ထောင်တော့တာကိုးဆရာရဲ့။
“နင်ဘယ်ပျောက်နေတာလဲ၊ ဆရာက နင့်ကိုမေးနေတယ်”
“ ငါကားမောင်းနေရလို့ ကန်တော့ပွဲမတက်ဖြစ်တာပါဟာ။ နင်တို့ကော ဆရာနဲ့စကားပြောဖြစ်ကြ သေးလား . . .”
“ အောင်မယ်လေးလေး၊ ပြောတာတော့မြပောပါနဲ့။ ဆရာ့ကို ဟိုလူကပြော၊ ဒီလူကပြော၊ ဆရာ့ခေါင်း ဟိုလှည့်ဒီလှည့်နဲ့ သနားစရာဟယ်။ Assembly ကွင်းထဲမှာ ဆရာနဲ့ဓာတ်ပုံရိုက်ဖို့ စောင့်နေရတာများအကြာကြီး။ ခင်လဲ့ဝင်း လည်း ဓာတ်ပုံမနားတမ်း ရိုက်နေရတယ်။ မုန်တောင်လည်းမှတ်တမ်းတင် ဗွီဒီယိုရိုက်နေရတယ်။ တစ်ကွင်းလုံး . . .ဆရာ့ပုံတွေချည်းပဲ . . .”
“ဘယ်နှယ့်လဲ၊ ဆရာကသွေးကြီးသွားပြီလား၊ အရင်ကလို ပြုံးပြုံးရွှင်ရွှင်ဖော်ဖော်ရွေရွေရှိသေးရဲ့လား. . .”
“တို့ ဆရာက ဘာမှမပြောင်းဘူး။ နည်းနည်းဝလာတာကလွဲပြီး အရင်ကလိုပဲ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေပဲ၊ ပြောပြဦးမယ်။ ကျောင်းလှေကားကနေ ဆရာတက်လာတော့ ရေတမာပင်ကြီးအောက်ကနေ စောင့်နေတဲ့ တို့တွဲဖက်ကျောင်းသား/သူတွေ တော်တော်များပါတယ်ဟာ။ ခင်စန္ဒာဦးတို့၊ မအိတို့၊ ဇင်မိုးလှိုင်တို့၊ ကျော်မင်းဦးတို့၊ သိန်းသိန်းအေးတို့၊ ညွှန့်ညွှန့်သန်းတို့၊ မဝင်းမြင့်တို့၊ ကျားစခန်း က သိန်းမေတို့၊ မိုးကျော်တို့၊ . . . ဟာ အများကြီးပဲ။ ၉ တန်း ထရံဆောင်နားရောက်ခါနီး ထိပ်ဆုံးလှေကားနားလည်းရောက်ရော။ တို့တစ်ဖွဲ့လုံး တိုင်ပင်မထားပါဘဲ၊ ကဗျာတစ်ကြောင်းကို ဝိုင်းပြီးအော်ဆိုလိုက်ကြတာ၊ “ မည်းမည်းမည်းမည်းနဲ့ ထရံမှာနား “ လို့လည်းစလိုက်ရော၊ ချက်ချင်းပဲ ဆရာက “လောက်လေးကို နင်မကြောက်လား . . . ” ဆိုပြီး ပြန်လည်းဆိုလိုက် ရော၊ နောက်ဆုံးကဗျာတစ်ကြောင်း “ ပျံဟဲ့ကျီးကန်း . . . “ ဆိုပြီး ဆရာရော၊ ငါတို့ရော ဝိုင်းဆိုလိုက်တဲ့အသံက ကျောင်းစာသင်ခန်းတွေကနေ၊ ဘေးကဘော်တွင်း၊ တောင်တကုံးတွေပေါ်ထိ လျှံတက်သွားတယ်ဟာ။ ၁၀ နှစ် ကျော် လောက်က သင်ခဲ့တဲ့ ကဗျာဖွဲ့နည်းထဲက ကာရံမှား၊ အချိုးမှားကဗျာနမူနာကို ခုချိန်ထိ အလွတ်ရနေကြတာ အံ့သြစရာပဲဟယ်။ ပျော်ရွင်စရာကောင်းတယ်ဟာ။ တို့တွဲဖက်ကျောင်းသား/သူအားလုံး ဆရာနဲ့အတူ ပြုံးကြ၊ ရယ်ကြ၊ စကားပြောကြနဲ့၊ ဟိုး . . .လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ဆီ ပြန်ရောက်သွားသလိုပဲဟာ။ တို့လည်းပြန်ငယ် သွား။ ဆရာလည်းပြန်ငယ်သွားသလိုပဲဟာ။ နင်ရှိရင်လည်း တစ်အားကိုပျော်မှာ သိလား။ ကဲ ငါသွားတော့မယ်။”
မြင့်မြင့်သန်းစကားနားထောင်ပြီး ကျွန်တော်မင်တက်နေမိတယ်ဆရာ။ သူဘယ်ချိန်ထွက်သွားမှန်း မသိလိုက်ခင်၊ ကျွန်တော့်လက်ကို ဖျက်ကနဲလာဆွဲတဲ့ သန်းဇော်ရောက်လာမှ သတိပြန်ဝင်လာတယ်ဆရာ။
“ ဟာ ဒီကနေ့ ဆရာကန်တော့ပဲ့မှာ ဆရာကြီး/မကြီးတွေ၊ ကျောင်းသားကြီး/သူကြီးတွေ ပြောသွားတဲ့ အထဲမှာ တို့ဆရာပြောတာ အကောင်းဆုံးပဲ။ ကိုယ်ငါးချဉ်မို့ချဉ်တယ်လို့ ပြောကြလိမ့်မယ်။ ကိုယ်ငါးချဉ်ကလည်း တကယ်ချဉ်တာကိုး။ ဘာတဲ့ နမ္မတူမြို့ကြီးရောက်ဖို့ ဘော်တွင်းကနေ ကားရထားစီးသွားရ သလိုပဲ။ အထကဆိုတဲ့ ကျောင်းတော်ကြီးဖြစ်အောင်၊ တွဲဖက်ဆရာ/မတွေက ကားရထားကြီးလိုပဲ၊ စေတနာရှေ့ထားပြီး ရှေ့ပြေးမောင်း နှင်သင်ကြားခဲ့ရတာ မဟုတ်လား။ တကယ်လို့သာ စေတနာထားပြီး သင်ပေးတဲ့ တွဲဖက်ဆရာ/မတွေ မရှိခဲ့ဖူး ဆိုရင် ဘော်တွင်းအထက ကျောင်းကြီးဆိုတာဖြစ်လာစရာ လုံးဝမရှိဘူးတဲ့။ မှန်လိုက်တဲ့စကား။ ပြီးတော့ ကဗျာဆရာ မောင်ရိုးဂုဏ်ရေးဖွဲ့ခဲ့တဲ့ “ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏၊” ဆိုတဲ့စေတနာ၊ ဝါသနာ၊ အနစ်နာရှေ့ထားပြီး သင်ကြားခဲ့တဲ့ ဆရာ/မတွေနဲ့ ဆိုင်တဲ့ ကဗျာလေးကို အသံနေအသံထားနဲ့ ရွတ်သွားတာများ ကောင်းမှကောင်းပဲကွာ . . .”
ဆရာသတင်းတွေကတော့ မွှေးပြီးရင်းမွှေးပေါ့ဆရာ။ အခု ဆရာဘယ်မှာလဲ၊ ခန်းမထဲမှာလား၊ ငါ ဆရာနဲ့ တစ်ခါမှ မတွေ့ရသေးဘူးလို့ သိန်းဇော်ကို မေးလိုက်တဲ့အချိန်မှာ ကျွန်တော်ပက်လက်လန်သွားပြန် တယ်ဆရာ။ ဘော်တွင်းသတ္တုတွင်း နှစ်တစ်ရာပြည့် စာစောင်ထုတ်ဝေဖို့ ခန်းမထဲမှာအစည်းအဝေးလုပ်နေ တယ်တဲ့။ ဟုတ်သားပဲ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ဆိုရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး ဘော်တွင်း မိုင်းကြီးရဲ့သက်တမ်းဟာ နှစ်တစ်ရာပြည့်ပြီမဟုတ်လား။ ဆရာနဲ့မတွေ့ရပြန်ဘူးပေါ့ ဆရာရယ်။
စိတ်မသာမယာနဲ့ ကားဆီးပြန်လာတဲ့အချိန်မှာ တံတားထိပ်မှာ မင်္ဂလာကွေ့က ဝင်းကြည်နဲ့ အောင်သပြေကုန်းက နွယ်နွယ်တို့က ကျွန်တော့ကိုရပ်ပြီး စောင့်နေတယ် ဆရာ။
“ ဒီနေ့ ခန်းမထဲမှာ နင့်ကိုမမြင်သလိုဘဲ၊ နောင်ဆုံးတန်းမှာလား၊ ဟင်. . . .”
နွယ်နွယ်အမေးမဆုံးခင် “ ဒီကောင်ကန့်တော့ပွဲ ရှောင်နေတာနေမှာဟဲ့၊ ဆရာတွေကို မကန်တော့ချင် လို့နေမှာ . . .” ဆိုပြီး ဝင်းကြည်ကပါ ဝိုင်းအပြင်တင်ကြတယ် ဆရာ။
“ ငါ . . . ဆရာ/မတွေကို ခန်းမထဲမှာ ကန့်တော့ချင်တာပါ။ အထူးသဖြင့် မြန်မာစာသင်ခဲ့တဲ့ ဆရာ့ကို ပိုကန်တော့ချင်တာ။ ဆရာ့ကိုကန်တော့ဖို့မပြောနဲ့၊ ခုချိန်ထိငါ ,. . . ဆရာနဲ့ မတွေ့ရသေးဘူး၊ ဒီနေ့တစ်နေ့လုံး ဆရာညီကို ဘော်တွင်းအနှံ့လိုက်ပို့နေရတာ။ ငါက ကံမကောင်းပါဘူးဟာ, . . . ”
“ ငါ နဲ့ ဝင်းကြည် က ဆရာ့ကို ၂ ခါတောင် ကန်တော့ပြီးပြီ။ ခန်းမထဲမှာ တစ်ခါ၊ မနေ့ညက နှစ်ထပ်ရိပ်သာမှာ လုံချည်တစ်ထည်စီရယ်၊ လက်ဖက်ခြောက်နဲ့ လက်ဖက်စိုရယ် သွားကန်တော့ခဲ့သေးတယ်၊ ဆရာက လက်ဖက်သုတ်တစ်အားကြိုက်တယ် မဟုတ်လား . . . .”
နွယ်နွယ့်စကားဆုံးတာနဲ့ ကျွန်တော့်ရင်ထဲ လှပ်ခနဲပျော်သွားပြီး၊ သူတို့ကို နှုတ်မဆက်ဘဲ ကားပေါ် ပြေးတက်ခဲ့တယ် ဆရာ။ ဝင်းကြည်နဲ့ နွယ်နွယ်တို့ကတော့ အံ့သြတဲ့အကြည့်တွေ့နဲ့ ကျန်ရစ်ခဲ့မယ် ထင်တယ် ဆရာ။ ကျွန်တော်လည်း အထက်ပိုင်းရက်ကွက်ဆီ ကားမောင်းတက်ခဲ့တယ် ဆရာ။
ဘော်တွင်း “ နမ့်ပန်ယွန်း” ချောင်းဘေးက ကျောက်ပြုတ်လမ်းမပေါ်မှာ ဆရာကန်တော့ပွဲပြန် ဆရာ/မတွေ၊ ကျောင်းသား/သူတွေနဲ့မို့၊ ကားကို ထိန်းပြီးမောင်းလာခဲ့ရတယ်ဆရာ။ ဈေးကွင်းထဲရောက်တော့ Hi Ace ကားလေးရပ်ထားတာ တွေ့ရတယ်။ ဆရာ/မတွေ ကားပေါ်ကဆင်းပြီး ရုပ်ရှင်ရုံ၊ဇာတ်ရုံကြီး၊ ဈေးတန်း ကွင်းလေးကို အလွမ်းပြေကြည့်ရှု့နေတယ်ထင်တယ် ဆရာ။ ကားဘေးလှမ်းကြည့်တော့ ငမိုး။ ကျားစခန်းက တင်အောင်မိုး။ အတန်းထဲမှာ ဆရာနာမည်ပေးထားတဲ့ လူဆိုး။ ဒီလူဆိုးက လားရှိုးမှာချမ်းသာနေပြီဆရာ။ ဇိမ့်ခံကား ၂ စီးနဲ့ ကုန်တင်ကားကြီး ၂ စီးပိုင်နေပြီဆရာ။ ခပ်လှမ်းလှမ်းမှာ ဘော်တွင်းကမဲတူရဲ့ကားနဲ့ ကိုထွန်းမြင့် ရဲ့ ကားလေးတွေလည်းရပ်လို့။ ကားနဲ့မနီးမဝေးမှာ ဦးရဲထွန်း၊ ဦးဟန်အေး၊ ကိုကျော်ထွေး၊ နမ့်ဆန်မှာ ကျောင်းဆရာလုပ်နေတဲ့ ကိုမင်းနိုင်တို့ကို တွေ့နေရတယ်ဆရာ။ကျားစခန်းက ကိုထွန်းမြင့်နဲ့ ငမိုးတို့ညီအစ်ကိုတွေ က သူတို့ကားတွေနဲ့ ဆရာကန်တော့ပွဲလာသူတွေကို လားရှိုး-ဘော်တွင်း ကူသယ်ခေါက်သယ် ကြို/ပို့ ပေးနေတာ ပေါ့ဆရာ။
ဆရာ ဒီညနှစ်ထပ်ရိပ်သာမှာ ဆရာတွေနဲ့ကျောင်းသာတွေ မိတ်ဆုံစားပွဲကို Hof Pop စီစဉ်ထားတယ် ဆရာ။ နေ့လည်ကတည်းက ကိုစီကျန်းတို့အဖွဲ့ချက်ပြုတ်နေပြီဆရာ။ ဒီပွဲမှာတော့ ဆရာရှိကိုရှိနေမှာ မဟုတ်လား။ ဒီတစ်ခါတော့ ဆရာနဲ့ကျွန်တော် အသေအချာကြီးကို တွေ့ရတော့မှာပါ။ တွေ့မှ ဆရာ့ကို အားရပါးရကန်တော့ မယ်ဆရာ။ လက်ချည်းသက်သက် မကန်တော့ဘူးဆရာ။ ဆရာ့အင်မတန်ကြိုက်တဲ့ လက်ဖက်စို၊ လက်ဖက် ြခောက်နဲ့ ကန်တော့မယ်ဆရာ။
ဆရာ့ကို ကန်တော့ဖို့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက် ဝယ်ဖို့ အောင်းချမ်းသာဆီ ကားကို ခပ်မြန်မြန် မောင်းခဲ့တယ် ဆရာ။ အထက်ကုန်းကိုသွားတဲ့ ကျောက်ပြုတ်လမ်း တစ်လျှောက်မှာလည်း ဆရာကန်တော့ပွဲ ပြန်လူတွေ တွေ့ရတုန်းပဲဆရာ။ ညစာစားပွဲပြီး သွားတဲ့အချိန်မှာမှ ဆရာ့အခန်းထဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း၊ ဆရာ့ရဲ့အဆုံးအမ စကားတွေကြားနာရင်း၊ ပြန်ခါနီးမှာ ဆရာ့ကို အဲ့ဒီလက်ဆောင်တွေနဲ့ အသေအချာ ကန်တော့မယ်ဆရာ။
မာမီယံရှပ်(ဂိတ်ကြီး)ရဲ့ အပေါ်နားရောက်တော့ မြင့်အောင်ရဲ့ ကားရပ်ထားတယ်ဆရာ။ သန်းစိုးဝင်း၊ ဝင်းကျော်၊ အောင်သူရတို့နဲ့ တွဲတဲ့ မြင့်အောင်လေဆရာ။ ဆရာ့ရဲ့တပည့်ပဲလေ။ ၁၀ တန်းမအောင်လို့ အလုပ်ထဲ ဝင်သွားတော့၊ အလုပ်တစ်ဖက်နဲ့ စကားဝါလိုင်းက ဆရာ့ကျူရှင်လည်း တက်ခဲ့သူပါ ဆရာ။ သန့်စင်စက်ရုံမှာ လုပ်နေတဲ့ မြင့်အောင် က တစ်ခါတစ်လေ ဘုန်းကြီးကားလည်း လိုက်မောင်းပေးရတယ် ဆရာ။ ဘုန်းကြီးဆိုတာ သီရိမင်္ဂလာကျောင်းထိုင်ဆရာတော်ပါ။ မိုင်းချုပ်ဦးခင်မောင်ကလည်း ဘုန်းဘုန်းကြွစရာရှိရင် မြင့်အောင်ကို ပဲလွှတ်ပေးလိုက်တာဆရာ။ အခုဟာက ဘုန်းဘုန်းမဟုတ်ဘူးဆရာ။ ဆရာမတွေကို ဂိတ်ကြီး၊ စက်မှု၊ သန့်စင် စက်ရုံနဲ့ Open Pit တွေကို ဘုန်းဘုန်းရဲ့ကားနဲ့ လိုက်ပို့ပေးတာဖြစ်မယ်ထင်တယ်ဆရာ။ ဘယ်သူတွေလဲ ဆိုတာ သိချင်လို့ မြင့်အောင်ကားနားရပ်ပြီး လှမ်းကြည့်လိုက်တော့ မေမြို့(ပြင်ဦးလွင်)က ဆရာမ ဒေါ်မိုင်နာနဲ့ ဒေါ်ညွှန့်ညွှန့်သန်း၊ ကျောက်မဲက ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မြအေး။ ဪ . . . ကျွန်တော် မသိတဲ့ဆရာမတွေ အများကြီးပဲဆရာ။ စက်ရုံဘက်တင်သွားတာ မြင်နေရတယ်ဆရာ။
ကျွန်တော် ကားရပ်လိုက်တာနဲ့ မြင့်အောင်ပြေးလာပြီး “ ဆရာကမင်းကို သူ့ဆီလာတွေ့ဦးတဲ့၊ မင်းဘယ် ပျောက်နေတာလဲ” လို့ပေးနေတာနဲ့ အကျိုးအကြောင်းပြောပြလိုက်တယ်ဆရာ။
“မင်းကံဆိုးတာပေါ့ကွာ။ ကျောင်းသားတွေ ကန်တော့ပြီးတော့ ဆရာမကြီး ဒေါ်သန်းစိန် သြဝါဒစကား ပြောတာ၊ မှတ်ဖို့တစ်အားကောင်းတယ်။ ဘော်တွင်းကျောင်းသား/သူတွေက ြမေဆီ ြမေနှစ်ပေါများတဲ့နေရာမှာ ပေါက်ရတဲ့အပင်မဟုတ်ဘူး။ ကျောက်တောင်ကျောက်ခဲကြားမှာ ပေါက်ရတဲ့အပင်။ အခက်အခဲတွေ၊ အကျပ် အတည်း တွေကြားက ပေါက်ရတဲ့အပင်။ အဲ့ဒီလိုအပင်မျိုးဟာ . . .ပိုပြီး သန်မာတယ်။ ပိုပြီးထွားကျိုင်းတယ်။ ပိုပြီးခံနိုင် ရည်ရှိတယ်။ အဲ့ဒီသစ်ပင်လိုပဲ ဘော်တွင်းတောင်ကြားက မွေးဖွားကြီးပြင်းရတဲ့ ကျောင်းသား/ သူတွေ ဟာ . . . ခံနိုင်ရည်ရှိတယ်။ လောကဓံဒဏ်ကြံ့ကြံ့ခိုင်နိုင်တယ်။ ပန်းတိုင်ရောက်အောင် ဇွဲနပဲနဲ့ ကြိုးစားနိုင်တဲ့ တပည့်တွေ တဲ့။ ဟာကွာ . . . ဒီလိုစကားမျိုးတွေ နားမထောင်ရတာ မင်းကံဆိုးတာပေါ့ကွာ . . .”
မြင့်အောင်ြပောလည်း ခံရမှာပေါ့ဆရာရယ်။ ကျွန်တော်လည်း အဖိုးတန်တဲ့စကားမျိုးတွေ နားထောင် ချက်တာပေါ့ ဆရာရယ်။ ဒါပေမယ့် . . . အထက်လူကြီးက တာဝန်ပေးတော့လည်း ကျေပွန်အောင်ထမ်းဆောင်ရ မယ် မဟုတ်လားဆရာ။ ငြင်းဆန်လို့လည်းမရဘူးလေ။ ကျွန်တော် တုံဏှိဘာဝေနဲ့ နားထောင်နေတုန်း မြင့်အောင် က ဆက်ပြောပြန်တယ်ဆရာ။
“ ကားပေါ်မှာ ဆရာမဒေါ်မိုင်နာက တို့ဆရာအကြောင်း ပြောသွားသေးတယ်ကွ။ ဆရာမကြီး ဒေါ်သန်းစိန် သြဝါဒစကားပြောပြီးတော့ ဘယ်သူပြောရတယ်မှတ်လဲ။ ဆရာ/မတွေရဲ့ ကိုယ်စား ဆုပေးစကားကို တို့ဆရာကပြောရတာကွ။ အဲဒါကို ဆရာမ ဒေါ်မိုင်နာက ငါ့ကိုဘာပြောတယ်မှတ်လဲ၊ နင်တို့ မြန်မာစာဆရာက အပြောကောင်းလား၊ မကောင်းလား မသိဘူး။ ဆရာမကြီး ဒေါ်သန်းစိန်းက ငါ့ကိုပြောတယ် သိလား။ ဟိုး .. .အဝေးကြီးကနေလာခဲ့ရတဲ့ ဆရာ/မတွေ ဂိတ်ကြီးတွေ့တော့လည်း လွမ်း၊ သန့်စင်စက်ရုံမြင်တော့လည်းလွမ်း၊ နန့်ပန်ယွန်းချောင်းလေးကို တွေ့တော့လည်း လွမ်း၊ ၁၀ ပေ အလုပ်သမားလိုင်းလေးတွေတွေ့တော့လည်းလွမ်း၊ စာသင်ကျောင်းကြီးကိုတွေ့တော့လည်းလွမ်း၊ ကျောင်းသား/သူတွေနဲ့တွေ့တော့လည်းလွမ်း . . .ဆိုပြီး ပြောရင်း နင်တို့ဆရာအသံက တဖြည်းဖြည်းနဲ့ တိမ်ဝင်သွားတော့ . . . မျက်ရည်တွေမကျအောင် ငါ့မှာမနည်းကို ထိန်းထား ရတယ်လို့ ဆရာမကြီးက ပြောတာဟဲ့။ နင်တို့ဆရာပြောနေတဲ့အချိန် ခန်းမတစ်ခုလုံးလည်းငြိမ်သွားတာပဲ။ အသံတိတ်ငိုနေကြသလား၊ မသိဘူးတဲ့။ နင်တို့ မြန်မာစာ ဆရာကတော့ မြန်မာစာဆရာပီသပါပေတယ်ဆိုပြီး၊ ငါတို့ဆရာစကားပြောကောင်းတာကို ချီးကျူးခန်းဖွင့်သွားတယ်ကွ သိလား။ ဟုတ်တယ်ကွ၊ တို့ဆရာကလည်း ဖီးလ်အပြည့်နဲ့ပြောသွားတာကိုးကွ။ ငါတောင်မှ ငိုမိတော့မလို။ မင်း . . .ဆရာ့ဆီသွားတွေ့ဖြစ်အောင် တွေ့လိုက်ဦးနော် . . .” လို့ပြောပြီး ဆရာမတွေသွားကြည့်တဲ့ စက်ရုံဆီ သူ့ကားမောင်းထွက်သွားပြီဆရာ။
ဆရာရယ် . . .၊ ဆရာရဲ့သတင်းက ပန်းသတင်းလေညှင်းဆောင်၊ လူ့သတင်းလူချင်းဆောင်ဆိုတဲ့ စကားလိုပါပဲ။ ကြားရ ကြားရ နားဝမှာ ဘဝင်ကျစရာတွေချည်းပါလား ဆရာရယ်။ ဒီလိုဆရာမျိုးနဲ့ တပည့်ဖြစ်ရ တာ အင်မတန်ကံကောင်းလေခြင်းလို့တွေးရင်း၊ ပီတိတွေဝေရင်း ဆရာ့အတွက် လက်ဖက်စိုနဲ့ လက်ဖက်ြခောက် အောင်ချမ်းသာကဝယ်ပြီး၊ အမြန်ပြန်မောင်းလာခဲ့တယ်ဆရာ။ နှစ်ထပ်ရိပ်သာမှာ မိတ်စုံစားပွဲပြီးတဲ့အချိန်မှာမှ ဆရာ့အခန်းသွား၊ ဆရာနဲ့စကားဖောင်ဖွဲ့ပြီး ဆရာ့ကို လက်ဖက်စို၊ လက်ဖက်ခြောက်နဲ့ ဦးခိုက်ကန်တော့ရမှာ ပါလားလို့ တွေးမိတော့ . . . ရင်ထဲ ရွှင်မြူးသွားတယ်ဆရာ။
ဆရာတည်းခိုတဲ့ နှစ်ထပ်ရိပ်သာအနီးရောက်လေ ၊ ကျွန်တော့်စိတ်တွေ ပိုမိုပျော်ရွှင်လာမိတယ်ဆရာ။
ရိပ်သာ ရောက်လို့ ကားရပ်ရပ်ချင်း၊ ဦးအောင်ထွန်းနဲ့ ဆရာ/မ ၆ ယောက် ကားနားရောက်လာကြတယ်ဆရာ။
“ဒီဆရာ/မတွေက ဒီညဘော်တွင်း မအိပ်တော့ဘူး။ နမ္မတူပြန်မှာတဲ့။ အဲဒါ . . . မင်းလိုက်ပို့ပေးလိုက်။ နည်းနည်းမှောင်နေပြီ၊ ကားကိုဖြည်းဖြည်းနဲ့ ဂရုစိုက်မောင်းနော်။မင်းနမ္မတူမှာ ညအိပ်ပြီး မနက်စောစော လေး ပြန်မောင်းခဲ့။ ကဲ . . . ဆရာ ဦးတင့်လွင်နဲ့ ဆရာမတို့ကားပေါ်တက်လို့ရပါပြီ . . .”
ဦးအောင်ထွန်းရဲ့ စကားသံအဆုံးမှာ စောစောကပျော်ရွှင်ခဲ့တဲ့ စိတ်ကလေးဟာ ဘော်တွင်းဆောင်း လေပြည်နှင့် အတူ အဝေးကိုလွင့်ပါသွားပြီဆရာ။ နမ့်ပန်ယွန်းရေစီးချောင်းထဲ မျောပါသွားပြီဆရာ။ ဒီည နှစ်ထပ်ရိပ်သာမှာ ဆရာနဲ့မတွေ့ရတော့ဘူးပေါ့။ ဆရာနဲ့လွဲရပြန်ပြီပေါ့။ ကျွန်တော့်ရင်ထဲ နွမ်းလျမောပန်းသွား တယ်ဆရာ။
နမ္မတူဆီ ကားကိုမောင်းနေပေမယ့် စိတ်ကနှစ်ထပ်ရိပ်သာဆီရောက်နေတယ် ဆရာ။ ခုချိန်ဆိုရင် . . .ဆရာ/မတွေနဲ့ ကျောင်းသား/သူတွေ ပျော်ပျော်ပါးပါး စာကားတွေပြောရင်း၊ ရယ်ရင်းမောရင်း၊ မှတ်တမ်းတင် ဗွီဒီယိုဓာတ်ပုံတွေရိုက်ရင်း၊ ညစာစားနေကြပြီပေါ့။ ဆရာကတော့ သူ့ဆီလာတွေ့နိုးတွေ့နိုးနဲ့ ညမအိပ်ဘဲ စောင့်မျှော်နေရင်း၊ ဒီတပည့်က သူ့အပေါ်သံယောဇဉ်မရှိလို့သာ လာမတွေ့တာဘဲလို့ အောက်မေ့နေတော့မယ် တင်တယ်ဆရာ။
ဒါပေမဲ့ဆရာ ကျွန်တော် ဆရာနဲ့မတွေ့တွေ့အောင် ကြိုးစားမယ်ဆိုပြီး သန္နိဌာန်ခိုင်ခိုင်ချလိုက်တယ် ဆရာ။ နမ္မတူမှာ ဆရာ/မတွေ အိမ်ဆီပို့ပြီးတဲ့အချိန်မှာ ည ၉ နာရီထိုးပြီးသွားပြီဆရာ။ မနက်ဖြန် ဘော်တွင်းကနေ လားရှိုး၊ ဆရာ/မတွေ ပြန်ပို့မယ်ကားတွေကို နမ္မတူက ဦးစန်းလွင်ဆီသွားပြီးစုံစမ်းလိုက်တယ်ဆရာ။ ကား ၄ စီး စီစဉ်ထားပြီး၊ မနက် Breakfast စားပြီးရင် ၇ နာရီမှာ ထွက်လာမယ်တဲ့။ လားရှိုးက ဦးထွန်းမြင့်ရဲ့ ကား၊ ဘော်တွင်းက မဲတူရဲ့ကားနဲ့ မြင့်လွင်ရဲ့ ကား ၃ စီးပေါ်မှာ ဆရာမပါဘူးတဲ့။ လားရှိုးက ငမိုးရဲ့ကားနဲ့ပါမယ်တဲ့။ ဦးစန်းလွင်က မိုင်းချုပ်ဦးခင်မောင်ဆီကနေ သတင်းအတိအကျယူပေးတော့ . . . ကျွန်တော်ဝမ်းသာရြပန်ပြီဆရာ။ နမ္မတူနဲ့ ဘော်တွင်းကားလမ်းက ၁၄ မိုင်သာသာရှိတော့ ကားမောင်းချိန် ၁ နာရီ ကျော်ကျော်ပဲရှိမယ် ဆရာ။ မနက်စောစောထွက်၊ ဆရာတို့ ဘော်တွင်းကမထွက်ခင် ရောက်အောင်မောင်း ၊ ဆရာ့ကို လက်ဖက်စိုနဲ့ လက်ဖက်ခြောက်ကန်တော့ . . . အိုကေပေါ့။
ဆရာ့ကို တွေချင်ဇောနဲ့ မနက် ၅ နာရီမှာ နှင်းထရံကြီးပိတ်ဆီးနေတဲ့ နမ္မတူကစထွက်ခဲ့တယ်ဆရာ။ ဆရာနဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် ဒီဇင်ဘာအချမ်းတောင် သတိမထားမိဘဲ ရင်ထဲနွေးကနဲဖြစ်သွား တယ် ဆရာ။ အလျင်လိုအနှေးဖြစ်သလားမသိပါဘူး ဆရာရယ်။ နမ္မတူအထက် ရုပ်ရှင်ရုံနားမှာ ကားဘီးပေါက်သွားတယ်၊ ဖြစ်မှဖြစ်ရလေဆရာရယ်။ ဘီးဖာချိန် ၁ နာရီနီးပါးအချိန်လင့်သွားတာပေါ့ဆရာရယ်။
ဘီးဖာပြီးပြီးချင်း ကားကို အရှိန်တင်မောင်းခဲ့တယ်ဆရာ။ ဒါပေမဲ့ ရှမ်းပြည်လမ်းတွေက အကွေ့အကောက်တွေ၊ ချောက်ကမ်းပါးယံတွေနဲ့ဆိုတော့ . . . ထင်သလောက် ခရီးကမတွင်လှဘူပေါ့ဆရာရယ်။ ဘော်တွင်းရောက်ဖို့ သိပ်မလိုတော့ဘူး။ ခုချိန်ထိ ဆရာတွေရဲ့ကားတွေ တစ်စီးမှပေါ်မလာသေးဘူး။ အေးလေး . . .စားနေ၊ သောက်နေ၊ နှုတ်ဆက်နေနဲ့ဆိုတော့ . . . ဘော်တွင်းကထွက်တာ နောက်ကျမှာပေါ့ဆရာ။ နောက်ကျပြီး မှထွက်လေ၊ ကောင်းလေ။ ဒါမှ . . . ဆရာ့ကို ကန်တော့ခွင့်ရမယ်လေ။
နမ္မတူ-ဘော်တွင်း ကားလမ်းပေါ်မှာ တောင်တွေ၊ တောတွေကို ကွေ့ကာကောက်ကာမောင်းလာလိုက်တာ . . . ရုရှားတောင်ကုန်း တောင်းတန်းတွေနဲ့ ယူကလစ်ပင်တန်း၊ ထင်းရှူးပင်တန်းတွေကိုတောင် နှင်းပဝါကြားမှာ လှမ်းမြင်နေရပြီဆရာ။ တဖြည်းဖြည်းမောင်းလာရင်း အကွေ့ကွေ့လိုက်တော့. . . ရုရှားတောင်ကနေ ဆင်းလာတဲ့ ကားတစ်စင်းကို ဘွားကနဲမြင်တွေ့ရတယ် ဆရာ။ ကျွန်တော်ကအတက်ဆိုတော့ ဖြည်းဖြည်းချင်းတက်ရင်း လှမ်းကြည့်လိုက်တော့ . . .ငမိုးကား၊ သေချာတယ် တင်မောင်မိုး ကား။အဲ့ဒီကားပေါ်မှာ ဆရာပါလာတယ်ဆိုတဲ့
အသိကြောင့် ရင်ထဲလှပ်ကနဲပျော်သွားတယ်ဆရာ။ ကားကိုရပ်ပေးဖို့ မီးလည်းတောက်၊ ဟွန်းလည်းတီး။ ငမိုးက လည်း အဆင်းဖြည်းဖြည်းဆင်းရင်း ပြန်ပြီးမီးတောက်၊ ပြန်ပြီးဟွန်းတီး။ ဒါဆို ကားသမားချင်း နားလည်ပြီ။ လမ်းသာတဲ့နေရာမှာ ရပ်ရုံပဲ။ ဒါပေမဲ့ . . .ကျွန်တော်ကလည်း အတက်ဆိုတော့ ချက်ချင်းရပ်မရ၊ ငမိုးကလည်း အဆင်းဆိုတော့ ရုတ်တရက်ရပ်မရ၊ ကား ၂ စီးလုံး ဟိုး . . .အဝေးကြီးရောက်သွားမှ ရပ်လို့ရတော့မယ် ဆရာ။ ကျွန်တော့်ကား ရပ်လိုက်ပြီဆရာ။ ငမိုးကား ရပ်မရပ် ဆင်းကြည့်လိုက်တော့ ငမိုးကားလည်း ရပ်သွားပြီဆရာ။ ဝမ်းသာချက်ကတော့ ပြောမနေနဲ့၊ ထခုန်မိမတတ်ဘဲ ဆရာ။ ဆရာနဲ့တွေ့ရတော့မယ်၊ ကန်တော့ရတော့မယ်ဆိုတဲ့ အပျော်စိတ်လေးနဲ့ ဆရာ့ဆီသွားဖို့ ကားထဲက လက်ဖက်ခြောက်ထုပ်နဲ့ လက်ဖက်စိုထုတ်ခပ်မြန်မြန် ဝင်ယူလိုက် တယ်ဆရာ။ ပြီးတော့ ငမိုးကားဆီပြေးသွားမယ်ဆိုပြီး ခြေလှမ်းလှမ်းနေတုန်း .. . ငမိုးကားထွက်သွားပြီးဆရာ။ ငမိုးရပ်ဦး၊ ငမိုးရပ်ဦး၊ ငမိုးရပ်ဦး၊ ငမိုးရပ်ဦး . . . .ဆိုတဲ့ ကျွန်တော့်ရင်ထဲက အတင်းရုန်းထွက်ပြီး နှုတ်ဖျားကနေ လှမ်းအော်နေတဲ့အသံဟာ ပတ်ပတ်လည်မှာရှိနေတဲ့ တောင်တန်းတွေကို ပဲ့တင်ရိုက်ခတ်သွားတယ်ဆရာ။ ကားထဲ က လက်ဖက်ခြောက်၊ လက်ဖက်စိုထုပ် ကုန်းယူနေတာကို ကားမောင်းဖို့ကားပေါ်ပြန်တက်သွားပြီအထင်နဲ့ ငမိုးက ကားကို ဆက်မောင်းသွားတာနေမှပေါ့ဆရာရယ်။
ဆရာ့ . . . လက်ဖက်ြခောက်ထုပ်နဲ့ လက်ဖက်စိုထုပ်လေးကိုင်းရင်း .. . ရင်ထဲငိုချင်လာနေတယ်ဆရာ။ အရင့်အရင်လွဲခဲ့တာက ဆရာနဲ့တွေ့နိုင်သေးပေမယ့်၊ အခုလွဲတာကတော့ . . . ဆရာနဲ့ ဘယ်လိုမှ မဆုံတွေ့နိုင်တော့ပါလားဆိုတဲ့ ခံစားမှုက ကျွန်တော့်နှလုံးသားကို ဓားပါးပါးနဲ့လှီးခံရသလိုပဲဆရာ။
ဒါပေမဲ့ဆရာ . . . ၊ ဟိုးဝေးဝေးနှင်းမှုန်ထဲမောင်းနှင်သွားတဲ့ ကားပေါ်မှာ ဆရာပါသွားပါလားဆိုတဲ့ အသိလေးနဲ့ ဆရာ့ကိုရည်မှန်းပြီး ြမေပြင်မှာ လက်ဖက်ခြောက်ထုပ်လေးရယ်၊ လက်ဖက်စိုထုပ်လေးရယ် ရှေ့မှာချပြီး “ ဆရာ့အပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပစ်မှားမိခဲ့ရင်၊ တပည့်ကို ခွင့်လွှတ်ပါဆရာ . . .” ဆိုပြီး ဦးသုံးကြိမ်ဖြင့် ကန်တော့လိုက်ပါတယ်ဆရာ။
ဆရာ့ကို ကန်တော့ပြီးလို့ ဆရာတို့ကားကို လှမ်းကြည့်နေတဲ့အချိန်မှာ ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်နှင်းမှုန်တွေ ဝေနေပြီဆရာ။ ကြည့်ရင်း ကြည့်ရင်း . . . ဆရာ့တို့ ကားလေးက ဟိုး . . .တောင်စွယ်ကနေ ပျောက်ကွယ်သွားပါပြီဆရာ။
ဆရာရယ် . . .မျက်စိရှေ့မှာ ကားလေးကွယ်ပျောက်သွားပေမယ့် . . . ကျွန်တော့မျက်လုံးထဲမှာ ၊ ကျွန်တော့် နှလုံးသားထဲမှာ၊ ဆရာ့ရဲ့ပုံပန်းသဏ္ဍာန်၊ ဆရာ့ရဲ့စေတနာ၊ ဆရာ့ရဲ့ သံယောဇဉ်အရိပ်တွေကတော့ ဘယ့်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဆရာ။
ကျွန်တော် ကျေနပ်ပါတယ်ဆရာ။ ဆရာ့ကို ရည်မှန်းပြီး ကန့်တော့လိုက်ရလို့ပါ။ ဆရာ့ကို ကျွန်တော် ကန်တော့ခဲ့တာကို ဘော်တွင်းကလူတွေ၊ သူငယ်ချင်းတွေကတော့ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ . . . ဆရာ့ကို ကျွန်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့လိုက်တာကိုတော့ , . . ပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ ဟောဒီတောင်တန်းကြီးတွေ သိပါတယ်ဆရာ။
ဆရာ . . . နောင်နှစ်လည်း ဆရာကန်တော့ပွဲအရောက်လာခဲ့ဦးပေါ့ဆရာ။ ဆရာနဲ့ကျွန်တော် ရေစက်တွေမကုန်လောက်သေးပါဘူးဆရာ။ ဒီတစ်ခေါက်လာရင်တော့. . . ဆရာနဲ့ကျွန်တော် ရေစက်ဆုံကြဦး မှာပါ ဆရာ။ ဆရာ့ခြေတော်ရင်းမှာ အသေအချာ ကန်တော့ခွင့်ရချင်ပါသေးတယ်ဆရာ။
ဒီတစ်ခါဆရာ့ကို ကန်တော့ရင် . . . ဘော်တွင်းပတ်ပတ်လည်မှာရှိတဲ့ ဟူးဆာ၊ ဟိုက်တောင်၊ ကုန်းကယား ကထွက်တဲ့ လက်ဖက်စို၊ လက်ဖက်ခြောက်နဲ့ မကန်တော့ဘူးဆရာ။ ဘော်တွင်းရဲ့ ဟိုးတောင်ဘက် ယွှန်းယွန်းမှာ ရှိတဲ့ တောင်ကျော်က ရွှေဖီမိုးလွတ် လက်ဖက်ခြောက်နဲ့ နမ့်ဆန်ကထွက်တဲ့ ဇယန်းလက်ဖက် အညွှန့်အဖူး အကောင်းစားတွေနဲ့ကို အသေအချာ ကန်တော့ပါမယ်ဆရာ။
ဆရာ . . . နောင်နှစ် ဆရာကန်တော့ပွဲမှာ ဆက်ဆက်မျှော်နေမယ်နော်။
* * *
တစ်ခါကတွဲဖက်ဆရာရဲ့တပည့်
မောင်ဘော်ခဲ
ဆင်တဲဝ-မြတ်မင်း(၂၁.၁၂.၂၀၁၃ နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ဘော်တွင်းကျားစခန်း အာစရိယပူဇော်ပွဲကို အမှတ်တရရေးဖွဲ့ပါသည်။)
No comments:
Post a Comment