Tuesday, June 5, 2018

တစ်ရက်နိဗ္ဗာန်ပျောက်ဆုံးခြင်း (ဝတ္တုတို)
unicode
ဆင်တဲဝ မြတ်မင်း
၂၀၁၈ခု၊ ဇွန်​လ၊ မ​ဟေသီမဂ္ဂဇင်​း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

" ဥသြမှုတ်ပြီနော်….. အလုပ်ခေါ်
လစာထုတ်ပြီနော် ……. အပြုတ်ဆော်
အိမ်ပြန်ရောက်ရင်နော်…… အကြွေးရှင်ကမျှော်…."
မိုင်းသုံးပစ္စည်းများ အထုတ်အသွင်းလုပ်ပေးနေသည့် မြေအောက်စတိုးထဲ ဝင်လာလာချင်း အော်ဆိုလာ သော လူပျိုကြီးကိုအောင်စိုး အသံကြားလိုက်တာနှင့် ဒီနေ့လစာထုတ်ရက်ဆိုတာ ကျေညာပေးနေသလိုပင်။
" ဒီညနေတော့…. နိဗ္ဗာန်ရောက်ဦးမှာပေါ့၊ စတိုးကလပ်ကြီးကော နိဗ္ဗာန်လိုက်ဦးမလား"
မြေအောက်မိုင်းထဲဝတ်မည့်အဝတ်အစား ထည့်လာသောအဝတ်လိပ်ဖြေပြီး အဝတ်အစားလဲနေရင်း၊ ကိုအောင်စိုးက ကျနော့်ကို ပြောလိုက်သည်။ ကိုအောင်စိုးမှာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး၊ ရန်နိုင်ကွေ့ ရပ်ကွက်မှာ နေထိုင်သူဖြစ်၏။ သူက မြေအောက်နံပါတ် (၄)လယ်ဗယ် (Level) (မြေအောက်လိုဏ်ခေါင်း)ထဲမှ ဦးအောင်ကြီး၏စတုတ် (Stope) (ငွေ၊ ခဲ၊ သွပ် သတ္တုရိုင်းထုတ်သည့် လုပ်ကွက်) ထဲက ငယ်သားဖြစ်၏။
" ဒီညနေ နိဗ္ဗာန်ပွဲက ဘယ်မှာလဲ၊ ဘာအထိမ်းအမှတ်လဲ…."
ကျနော်က ပြန်မေးလိုက်သည်။
" မင်္ဂလာကွေ့ရပ်ကွက်၊ နှစ်ထပ်လိုင်းက လေဘာဘောဌေးအောင်ရဲ့ အခန်းမှာ လုပ်မှာ။ ပြီးခဲ့တဲ့လက ဘော်(ငွေ၊ခဲ၊သွပ်၊သတ္တုရိုင်း) (၁၇)ခန်းပြီးလို့၊ ဘောနပ်စ်ဆုငွေ ရလို့တဲ့ဗျာ။ အဲမှာ…..ကြိုက်တာစား၊ ကြိုက်တာ သောက်တဲ့။ ရှိတ်(၃)ရှိတ် (မနက်ဆင်းအဆိုင်း၊ နေ့လည်ဆင်း အဆိုင်း၊ ညနေဆင်း အဆိုင်း) ကယမ်းထွန်း (ဦးဆောင် လုပ်သား)၊ စက္ကင်း( ဒု- ရှေ့ဆောင်လုပ်သား)နဲ့ ငယ်သားအဖွဲ့အားလုံး ပျော်ပွဲစားကြမှာတဲ့ဗျာ….."
" ခင်ဗျားတို့က ဒါမျိုးကျ ကျုပ်ကို မခေါ်ဘူး။ သူတို့ဘော်ထုတ်ဖို့ စတိုးထဲက ပစ္စည်းတွေ အထုတ်အသွင်း လုပ်ပေးရတာက ကျုပ်။ ဒီလိုပွဲမျိုးကျ မေ့နေပြီ…."
ကျနော့်စကားမဆုံးမီ မြေအောက်စတိုးထဲသို့ ရှစ်ဘော့ ဦးအေးဟန်ရောက်လာသည်။ ဘော်တွင်းမြေအောက် မိုင်းထဲတွင် မိုင်းအလုပ်သမားများကို အနီးကပ်ကြီးကြပ်ရသောလူကို လေဘာဘော (Level Boss) ဟုခေါ်ဆိုပြီး၊ မြေအောက်အဆိုင်းကြီးတစ်ခုံးလုံးကို ကြီးကြပ်ရသောလူကို ရှစ်ဘော့ ( Shift Boss) ဟုခေါ်ဆိုသည်။ ယခုရှစ်ဘော့ ဦးအေးဟန်ကိုင်လာသော ဘက်ထရီမီးခွက်၏ အလင်းရောင်ကြောင့် မြေအောက်စတိုးခန်းထဲမှာ ထွန်းထားသော ခရမ်းချဉ်သီးသာသာ လောက်သာလင်းနေသည့် (၄၀) ဝပ်အား မီးမှုန်မှုန် အလင်းရောင်လေးမှာ ပျောက်သွားသည်။
" ခုနက ကြားလိုက်ပါတယ်ကွ။ ဘာပွဲ…."
နားပါးသော ဦးအေးဟန်က မေးနေသည်။
" မြေအောက်နံပတ်(၄)လယ်ဗယ်က ဦးအောင်ကြီးတို့ စတုတ်အဖွဲ့တွေက ဘောနပ်စ်ဆုငွေရလို့ ပျော်ပွဲစား မှာတဲ့ဆရာ။ တုံပဲချောင်းဖက်က ရတဲ့ဆတ်သား၊ မန်းညို့ချောင်းဖက်ကရတဲ့ ဂျီသား ချက်မှာတဲ့ဆရာ။ မန်စံက ထွက်တဲ့ ကောက်ညှင်းအရက်ရယ်၊ အာမီရမ်ရယ်၊ ပြီးတော့ ….. ဂျော်နီလမ်းလျှောက်ရယ်ဆိုလားဘဲ၊ အရက်မျိုးစုံတဲ့ဆရာ။ ဆရာကော မပါဘူးလား….."
လူပျိုကြီး ကိုအောင်စိုးက ရှစ်ဘော့ ဦးအေးဟန်ကို ပြန်ရှင်းပြလိုက်သည်။
" ငါ့ကို ဘယ်သူမှ မဖိတ်ဖူး။ ရှိတ်(၃)ရှိတ်က ယမ်းထွန်းတွေ၊ စက္ကင်းတွေ တစ်ယောက်မှ ငါ့ကိုမဖိတ်ဖူး။ ငါကဖြင့် ….. မိုင်းထဲမှာ ဘော်ကြော(ငွေ၊ ခဲ၊ သွပ် သတ္တုရိုင်းရှိသောနေရာ)ရှိနိုင်မဲ့နေရာတွေကို ရွေးချယ်ပေးခဲ့ရတာ။ ကြီးကြပ်လမ်းညွှန်ပေးခဲ့ရတာ။ အခု….ဘော်တွေ တအားထွက်လို့၊ အခန်း (သတ္တုရိုင်းထုတ်ရသော(၇)ပေအခန်းဖွဲ့) များများပြီးလို့ ဘောနပ်စ်ဆုငွေစားရတဲ့အခါကျ ငါ့ကိုသတိမရကြတော့ဘူး။ သူတို့ပျော်ပွဲစားလုပ်တော့ ငါ့ကို မေ့နေ ကြပြီ။ ဟုတ်လား၊ အောင်စိုး"
လူပျိုကြီး ကိုအောင်စိုးက ရှစ်ဘော့ ဦးအေးဟန်ကို ငေးကြည့်နေ၏။
" တကယ်ဆို ဆရာတို့လိုရှစ်ဘော့တွေ၊ မိုင်းဖိုမင်တွေလဲ ဖိတ်သင့်တယ်။ နေ့တိုင်းနေ့တိုင်း ပစ္စည်းထုတ်ထုတ် ပေးနေတဲ့ ကျနော်တို့လို စတိုးကလပ်ဆို သတိတောင်မရတော့ဘူး ဆရာရယ်"
ကျနော်လည်း ရှစ်ဘော့အား တိုင်းတန်းလိုက်သည်။
" ကျနော်ကတော့ လက်အောက်ငယ်သားပါဆရာ။ ဘယ်သူတွေကို ဖိတ်တယ်၊ မဖိတ်ဘူးဆိုတာလဲ ကျနော် တကယ်မသိပါဘူး။ စတိုးမှာ ပစ္စည်းထုတ်ပေးဆို ထုတ်၊ ယမ်းပေါက်ဖောက်ဆိုလဲ ဖောက်၊ ဘော်ကျုံးဆိုလဲ ကျုံး၊ ဘော်လှည်းတွန်းဆိုလဲ တွန်း။ ခိုင်းရင်လုပ်လိုက်တာဘဲ၊ ကျွေးရင် စားလိုက်တာဘဲ၊ တိုက်ရင် သောက်လိုက်တာဘဲ…."
ထိုစဉ်… ပစ္စည်းထုတ်မည့် ကိုသောင်းအေး ဝင်လာသည်။ ဝင်လာလာချင်း…..
" ဒီည… ဟေဝန်နန်းဗီဒီယိုရုံမှာ နိုက်ရှိုးကြည့်ဖို့ လက်မှတ်ဘွတ်ကင်လုပ်ထားပြီးပြီ။ လစာထုတ်ရက်ဆိုတော့ ကြည့်မဲ့သူက များမှာမို့လား။ စတိုးကလပ်ကြီးရော မှာပြီးပြီလား….."
ရှစ်ဘော့ရှိမှန်းမသိဘဲ စွတ်ပြောနေလို့ ကိုသောင်းအေးကို မသိမသာ မျက်လုံးပြူးပြီး မေးငေါ့ပြလိုက်မှ ခေါင်းကလေးပုသွားကာ ပါးစပ်ကို လက်ဝါးဖြင့် အုပ်လိုက်သည်။
ဒီနေ့လစာထုတ်မှာမို့ မြေအောက်စတိုးထဲ ပစ္စည်းလာထုတ်သော၊ အဝတ်အစားလာလဲသော၊ ကာဗိုလ်မီးခွက် လာပြင်သော မိုင်းသမားအသံတွေက ရွှင်မြူးနေ၏။ တက်ကြွနေသည်။ လန်းဆန်းနေ၏။
မှန်ပါသည်။ တစ်လလုံးလုံး ခြိုးခြံချွေတာစားခဲ့ရသမျှ၊ ပင်ပင်ပန်းပန်းလုပ်ခဲ့ရသမျှ ဒီနေ့အတိုးချကာ စားကြ သောက်ကြမည်။ လစာထုတ်သည့်နေရာ၌ မိန်းမနှင့် ကလေးတွေခေါ်လာလိမ့်မည်။ စျေးကွင်းထဲမှာ၊ စာတိုက်နားမှာ၊ သမဆိုင်ထဲမှာ လူတွေတရုန်းရုန်းနှင့် စည်ကားနေလိမ့်မည်။ နမ္မတူက စျေးသည်တွေ၊ တောင်ပေါ်မှ ကချင်၊ ပလောင် စျေးသည်တွေနှင့် ခြေချင်းလိမ်နေလိမ့်မည်။
ကိုအောင်စိုးပြောသလို၊ ဒီနေ့ဟာ နိဗ္ဗာန်ရောက်မဲ့နေ့ဆိုတာ တကယ်ဘဲလား။
မိုင်းသမားအများစုက ရွှင်လန်းတက်ကြွနေပေမဲ့…..မြေအောက်စတိုးထဲ နောက်ဆုံးဝင်လာသည့် သောင်းနိုင် တစ်ယောက်ကတော့ မှိုင်တိုင်တိုင်။
" ဒီနေ့လခထုတ်တဲ့နေ့လေ။ လစာရမဲ့နေ့လေ။ ဘာလို့မှိုင်နေတာလဲ သောင်းနိုင်"
လူပျိုကြီး ကိုအောင်စိုးက မေးနေပေမဲ့… သောင်းနိုင်ကတော့ ငူတူတူ။
" ပြောစမ်းပါဦးကွ၊ ဘာတွေစိတ်ညစ်စရာရှိလို့လဲ…."
အနီးမှာ ထိုင်နေသော ထန်ဆွမ်းမန်က ဝင်မေးပြန်သည်။
"ခင်ဗျားတို့မသိပါဘူးဗျာ…"
သောင်းနိုင်က လေသံပျော့ပျော့လေးနှင့်ပြန်ဖြေရင်း၊ အဝတ်အစားလိပ်ကို စတိုးထဲမှ ငုတ်၌ ချိတ်လိုက်၏။
" ငါတို့ကတော့… ဒီည အမူးသောက်၊ အမူးစား၊ အမူးလဲမယ်။ တစ်လလုံးလုံးပင်ပန်းသမျှ ဒီနေ့ဇရက်မင်း စည်းစိမ်ခံမယ်ကွာ။ ဒီနေ့ဟာ… ဒို့မိုင်းသမားတွေအတွက် တစ်ရက်နိဗ္ဗာန်ဘဲကွာ။ ကဲကဲ….စတုတ်ထဲသွားတော့ မယ်။ ယမ်းတွန်းနဲ့ စက္ကင်းတို့စောင့်နေတော့မယ်။ အလုပ်သိမ်းတာနဲ့ မိုင်းထဲကနေ မြေပေါ် စောစောတက်မယ်…."
လူပျိုကြီးကိုအောင်စိုးက သောင်းနိုင်ပြောပြီး ထွက်သွားပြီ။ ကိုသောင်းအေးလည်း နောက်ကလိုက်သွားပြီ။ ထန်ဆွမ်းမန်လည်း ပစ္စည်းတွေထမ်းကာ ထွက်သွားပြီ။ ရှစ်ဘော့ ဦးအေးဟန်လည်း စတုတ်တွေဆီ လှည့်လည် စစ်ဆေးရန် ကားမီးသီးလို လင်းထိန်နေသော ဘက်ထရီမီးဖွင့်ကာ လယ်ဗယ်အတိုင်း ထွက်သွားပြီ။
"စပယ်ယာလေး၊ ဒီနေ့ဘာပစ္စည်းထုတ်မှာလဲ…."
" ကိုစိန်မွှေးကလဲ၊ သိသားနဲ့။ မောင်တင့်တယ်လက်နက်လေ…."
ကျနော်လည်း မှုန်တေတေစပယ်ယာလေး သောင်းနိုင်အား တူကြီးတစ်လက်ထုတ်ပေးလိုက်သည်။ သူ့ကို စကားပြောမလို့ရှိသေး။တူကြီးထမ်းကာ သူ့တာဝန်ကျသည့်ဘော်ဒိုက်(ဘော်သတ္တုများသွန်ချရာလမ်းကြောင်းနေရာ) ဆီသို့ စိုက်စိုက်ဖြင့်ထွက်သွားပြီ။ စပယ်ယာလေးသောင်းနိုင်မှာ တခြားမိုင်းသမားတွေလို စတုတ်သတ်သတ်မှတ်မှတ် မရှိ။ အလုပ်ဝင်တာလည်း မကြာသေးတော့ မိုင်းထဲမှာ လိုအပ်သည့်နေရာတွေမှာ လုပ်ရသည့် စပယ်ရာအလုပ်သမား သာဖြစ်၏။ စပယ်ယာဆိုတော့… လယ်ဗယ်ထဲက ဘော်လှည်းတွန်းသည့် သံလမ်းဘေးမှ ရေမြောင်းသန့်ရှင်းရသော ဂျမ်းရှင်းသည့်အလုပ်၊ ယမ်းပို့ ယမ်းသယ်ရသည့် ဘာလီဝါလားအလုပ်၊ ဘော်(သတ္တု)ထုတ်ပြီးသော နေရာများ ပြိုကျမလာအောင် ပြန်လည်ပြင်ဆင်ပေးရသော လပဲယား (Repair) အလုပ်များတွင်သာ လိုက်ပါနေရသူဖြစ်၏။ သူ့ကျောပြင်ကို ကြည့်ရင်း ကျနော်လည်း ပင့်သက်ချနေမိသည်။
" သောင်းနိုင်၊ နေရထိုင်ရတာ အဆင်ပြေရဲ့လား"
မိုင်းထဲဆင်းစက မှုန်တေတေသောင်းနိုင်အား ကျနော်မေးဖြစ်ခဲ့သည်။
"မပြောချင်ပါဘူး ဦးစိန်ရာ" …ဟုစိတ်ညစ်သည့်လေသံဖြင့် ပြောပြီး အလုပ်ထဲဝင်ဝင်သွားတက်သော်လည်း နောက်ပိုင်းရင်းနှီးလာသောအခါတွင် သူ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်းကို ကျနော့်အား ရင်ဖွင့်ပါသည်။
စပယ်ယာလေးသောင်းနိုင်မှာ သူ့ဦးလေးကခေါ်လာသဖြင့် ဘော်တွင်းမိုင်းရောက်လာရခြင်းဖြစ်၏။ မြင်းခြံ၊ တောင်သာဖက်က အိုင်မဒေါင့်၊ မြောင်းဆုံရွာကဖြစ်၏။ ရွာမှာ မိုးလေဝသမကောင်းလို့ စီးပွားရေး အဆင်မပြေ ဖြစ်နေချိန်မှာ ရွာကို အလည်ပြန်လာသော ဦးအောင်သိန်း အဆွယ်ကောင်းသဖြင့် ဘော်တွင်းကို လိုက်လာခြင်း ဖြစ်သည်။ ဦးလေးဆိုသော်လည်း အရင်းမဟုတ်။ နှစ်ဝမ်းကွဲ တော်စပ်သော ဦးလေး။ ဦးလေးက သဘောကောင်း သော်လည်း ဦးလေးမိန်းမ၏ ငြူစူဆောင့်အောင့်ခြင်းကို နေ့စဉ်ခံနေရသူဖြစ်၏။
" ထမင်းစားချိန်ရောက်မှာကို ကြောက်နေတယ်ဦးစိန်။ ဆီစျေးတွေတတ်နေပြီနော်၊ ဆန်စျေးကလည်း မိုးထိုး နေပြီနော်၊ ကိုအောင်သိန်း…. ရှင်သိအောင်ပြောနေတာနော်။ ဦးလေးကို ပြောသလိုနဲ့ ကျနော့်ကို စောင်းပြောနေတာ။ ဦးစိန်စဉ်းစားကြည့်။ ထမင်းက မျိုမကျတော့ဘူး။ လည်ချောင်းဝမှာ တစ်နေတာ။ ဒီကြားထဲ ကံဆိုးချက်က၊ အယင်လူ တွေများ ဘော်တွင်းရောက်ပြီး (၂)ပတ်လောက်နေပြီးရင် ဆေးစစ်ပြီးတာနဲ့ မိုင်းထဲတန်းဆင်းရတာ။ ကျနော့်ကျမှ (၁)လခွဲကျော်မှ မိုင်းထဲဆင်းရတယ်။ ခုကျ… အလုပ်က မရသေးဘူး၊ ထမင်းကြွေးက တင်နေပြီ…"
" စတိုးကလပ်ကြီးစဉ်းစားကြည့်။ ရွာလာတုန်းကတော့….လိုက်ခဲ့ပါကွာ၊ အလုပ်မရခင် ငါကျွေးထားပါ့မယ်၊ ငါတို့စားသလိုစားရမှာပေါ့တဲ့။ ဟင်း…. ခုကျ.."
" ခု… အလုပ်မရခင်စားထားတာကို ထမင်းလခတောင်းနေတယ်ပေါ့၊ ဟုတ်လား..။မင်းဦးလေးက အပြော တခြား၊ အလုပ်တခြား…"
ကျနော်ပင် ကြားထဲက ဒေါသဖြင့် ဝင်ပြောဖြစ်သည်။
" ဦးလေးကတော့…အလကားကျွေးချင်မှာပါ။ ဒါပေမဲ့…သူ့မိန်းမကို မလွန်ဆန်ရဲတာလဲ ပါမှာပေါ့။ ပြီးတော့ ပြောသေးတယ်၊ ကလေးသုံးယောက်ပါးစပ်ပေါက်တွေရှိသေးတယ်နော် ကိုအောင်သိန်းဆိုတဲ့စကားက ကျနော့်ကို အလကား တင်ကျွေးမထားနဲ့လို့ စောင်းပြောနေသလိုဘဲ"
" လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်" ဆိုတဲ့စကားအစား၊ " လုပ်စားတော့ မိုးခေါင်၊ ဘော်တွင်း လိုက်လာတော့ ဦးလေးမိန်းမကဟောင်.." လို့တောင်၊ အဆိုအမိန့်ကို ပြောင်းပစ်ရတော့မလို ဖြစ်နေပြီ ဦးစိန်…"
" ဦးစိန်ရေ…၊ အခု… ထမင်းကြွေး(၂)လစာရယ်၊ သံစတိုး(ပစ္စည်းထိန်းဌာန)က ထုတ်မပေးသေးလို့ အကြွေး ဝယ်ထားရတဲ့ မိုင်းဘိနပ်ဖိုး၊ မိုင်းဦးထုပ်ဖိုး၊ ကာဗိုက်မီးခွက်ဖိုးတွေရယ်….. ဘယ်လိုခွဲဆပ်ရမလဲလို့ စဉ်းစားပြီး၊ ညည အိပ်လို့တောင်မပျော်ဘူး။ ဒီကြားထဲ ရွာကမိန်းမက ဘယ်တော့ငွေပို့မှာလဲ၊ ဒီမှာ…ရှင်ယူသွားတဲ့ လမ်းစရိတ်နဲ့ ကျုပ်တို့မိသားစု ယူစားထားတဲ့ အကြွေးတွေကို အရှေ့ဝိုင်းက အကြွေးရှင် ဒေါ်ရွှေခင်ကြီး လာလာတောင်းနေပြီ ကိုသောင်းနိုင်ရဲ့တဲ့…"
နေ့စဉ်နေ့တိုင်း ပစ္စည်းထုတ်ချိန်၊ အပ်ချိန်များ၌ ရင်ဖွင့်စကားတွေ ပြောနေသော စပယ်ယာလေး သောင်းနိုင် စကား နားထောင်ရင်း၊ စိတ်မကောင်းဖြစ်မိသော်လည်း၊ တောင်မင်းကို မြောက်မင်းမကယ်နိုင်သည့် ဘဝတွေ မဟုတ်လား။ သို့သော်… တစ်ခါတလေ အားပေးစကားလေးပြောလိုက်၊ တစ်ခါတလေ အကြံဉာဏ်လေး ပေးလိုက်။
" ဒီလိုလုပ်ပေါ့ကွာ။ စားကြွေး(၂)လစာရှိတာကို (၁)လစီခွဲပေးလိုက်။ ပထမဆုံးလမှာစာကြွေးနဲ့ မိုင်းဖိနပ် ကြွေးပေးလိုက်။ ဒုတိယလမှာ စားကြွေးနဲ့ ကာဗိုက်မီးခွက်ကြွေးပေးလိုက်။ တတိယလကျရင် … အခုစားကြွေးနဲ့ မိုင်းဦးထုပ် ကြွေးဆပ်လိုက်။ ဒါဆို…တစ်ဖြည်းဖြည်းနဲ့ အကြွေးကျေသွားမှာပါ။ (၅)လကျော်ရင်တော့ … အကြွေးလုံးလုံးကျေပြီး မင်းမိန်မဆီ ငွေပို့နိုင်တော့မှာပါ။ ဟုတ်ဖူးလား…"
ကျနော်အကြံပေးသလို စပယ်ယာလေးသောင်းနိုင် လိုက်နာပါသည်။ အခုဆိုလျှင်.. (၂)လစာထုတ်ပြီးသွားချိန် တွင် စားကြွေးအဟောင်းရယ်၊ မိုင်းဖိနပ်ကြွေးရယ်၊ မီးခွက်ကြွေးရယ် ကျေသွားခဲ့ပြီ။ အခု…(၃)လမြောက် လစာထုတ် လျှင် အခုစားကြွေးနှင့် မိုင်းဦးထုပ်ဖိုး အကြွေးကို ဆပ်နိုင်တော့မည်မဟုတ်လား။
အင်း…ဒီလထုတ်ပြီးလျှင်တော့… ဘိနပ်၊ ဦးထုပ်၊ ကာဗိုက်မီးခွက် အကြွေးတွေ ကျေလောက်ရောပေါ့ဟု တွေးမိကာ၊ သူ့ကိုယ်စား ကျနော့်ရင်ထဲ ကြည်နူးစိတ်များရိုက်ခတ်သွားလေသည်။
အလုပ်သိမ်းပြီးလို့ တူကြီးလာအပ်တော့မှဘဲ ဒီနေ့ဟာ … လစာထုတ်တဲ့နေ့၊ မိုင်းသမားတွေ ငွေကိုင်ရမဲ့နေ့၊ စားကြ သောက်ကြမဲ့နေ့၊ နိဗ္ဗာန်ရောက်မဲ့နေ့။ ဒီတော့… စပယ်ယာလေး သောင်းနိုင်လည်း ပျော်ပျော်ရွင်ရွင်နေဖို့၊ မကြာမီလများမှာ စိတ်ချမ်းသာမည့် နိဗ္ဗာန်အရသာတွေခံစားရတော့မှာမို့ မှိုင်တိုင်တိုင်မနေဖို့၊ မှုန်တေတေမျက်နှာ ရွှင်မြူးလာအောင် ရယ်စရာမောစရာစကားများ ပြောလိုက်ဦးမည်ဟု ကျနော်စိတ်ကူးနေမိတော့သည်။
x x x x x

" စတိုးကလပ်ကြီး သွားတော့မယ်ဗျို့"
ခါတိုင်းက မနက်(၆)နာရီ မြေအောက်မိုင်းထဲဆင်းရသော မိုင်းသမားတွေက နေ့လည်(၁)နာရီခွဲပြီးမှ မိုင်းထဲမှ ထွက်ကြသော်လည်း၊ ဒီနေ့တော့…. (၁) နာရီမထိုးမီကပင် အလျှိုအလျှို မိုင်းထဲက ထွက်ကုန်ကြပြီ။ လူပျိုကြီး ကိုအောင်စိုးလည်း ပစ္စည်းတွေမြန်မြန်အပ်ကာ၊ ကျနော့်ကို နှုတ်ဆက်ပြီး ထွက်သွားလေပြီ။
လစာမြန်မြန်ထုတ်ချင်ကြသော မိုင်းသမားတွေက ကျနော့်ထံ ပစ္စည်းတွေ မြန်မြန်အပ်၊ ရေမိုးချိုးပြီး မြေပေါ် ပြန်တတ်ကုန်ပြီ။ မိုင်းသမားအများစုမှာ သီချင်းတွေဆို၊ ရယ်စရာတွေပြော၊ တစ်ယောက်နှင့် တစ်ယောက်စကြ နောက်ကြ၊ ပြီးတော့…. ကျနော်‌့ကို နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြပြီ။ သို့သော်…. ကျနော်၏ ဇာတ်လိုက် စပယ်ယာလေး မောင်သောင်းနိုင်ကတော့ ခုချိန်ထိ ရောက်မလာသေး။
သူရောက်လာလျှင်…မှုန်တေတေမနေဖို့၊ ဒီလထုတ်ပြီးလျှင် အကြွေးတွေကျေတော့မှာမို့ စိတ်မညစ်ဘဲ ပျော်ပျော်ရွှင်ရွှင် နေဖို့အားပေးစကားပြောရန် စောင့်ဆိုင်းနေသော်လည်း၊ ကိုယ့်လူကတော့ ရောက်မလာသေး။ သူအလုပ်လုပ်ရသောကပ်လျှက်စတုတ်မှ ကိုသောင်းအေးပဲပျာပျာပျာပျာဖြင့်ရောက်လာသည်။ရောက်ရောက်ချင်း….
" စတိုးကလပ်ကြီးရေ…ဟောဒီမှာ ပေါက်ချွန်းနဲ့ ဂေါ်ပြားအပ်ခဲ့ပြီနော်၊ သွားတော့မယ်။ ရုံးကြီးမှာ လစာထုတ်နောက်ကျနေလိမ့်မယ်။ ငွေထုတ်ပေးမဲ့ ငွေစာရင်းရုံးရဲ့ သံဇကာတန်းမှာ အချိန်မှတ်စာရေး ကိုအောင်ငွေရဲ့ အော်လံအသေးစားလေးနဲ့ ငွေထုတ်ဖို့ အော်ခေါ်တဲ့အချိန် ရှိနေမှဗျ"
ကိုသောင်းအေး စတိုးထဲမှ ထွက်တော့မည့်ဆဲဆဲ ကျနော်မေးလိုက်သည်။
" မိုင်းထဲမှာ လူကုန်တော့မယ်။ ငါ့ဇာတ်လိုက်လေး မလာသေးပါလားကွ ကိုသောင်းအေးရ…"
" မိုင်းထဲမှာ ဇာတ်လိုက်တွေက အများကြီး၊ ဘယ်ဇာတ်လိုက်လဲ စတိုးကလပ်ကြီးရဲ့…"
" ဂျမ်းဝါလား သောင်းနိုင်လေကွာ။ အကြွေးတွေနဲ့ စိတ်ညစ်နေတဲ့ကောင်လေကွာ။ ဒီလထုတ်ပြီးရင်တော့ အကြွေးတွေ ကျေတော့မှာမို့ စိတ်မညစ်နဲ့ ပျော်ပျော်နေဖို့၊ တစ်ရက်တာ နိဗ္ဗာန်အရသာခံစားဖို့ ပြောမလို့ စောင့်နေ တာ။ ခုချိန်ထိ ရောက်မလာလို့…."
" အော်…အော်…ကျုပ်လှည်းတွန်း၊ ဘော်ချနေတဲ့ ဒိုက်က ဂျမ်းဝါလား ကောင်းလေးလား…"
" အေးလေ..ဘော်ခဲခွဲတဲ့ကောင်လေးကွာ။ ခုချိန်ထိ တူကြီးလာမအပ်သေးလို့.."
" ဟာ…အကြွေးရှင်လေးလား။ အခု..အဲကောင်လေးငိုနေခဲ့လေရဲ့ စတိုးကလပ်ကြီးရေ…"
" ဘာ… ဘာဖြစ်လို့လဲ၊ Accident ဖြစ်လို့လား"
' ဘာဖြစ်ရမလဲ၊ ဘော်တုံးခွဲရင်း ခေါင်းမှာ ချိတ်ထားတဲ့ ကာဗိုက်မီးခွက်ပြုတ်ပြီး ဒိုက်ထဲကျသွားတာ။ အဲဒါ… ပြီးခဲ့တဲ့လကမှ အကြွေးဆပ်ထားတဲ့ ကာဗိုက်မီးခွက်လေးဆိုပြီး ငိုနေလို့ ကူလီခေါင်းက ချော့မော့နေလေရဲ့ဗျာ။ ဟော…ဟော…. ပြောရင်းဆိုရင်း ဟိုမှာလာနေပါပြီဗျာ…."
ကိုသောင်းအေးစကားမဆုံးမီ ကူလီခေါင်း ဦးသာအောင်နှင့် စပယ်ယာလေး သောင်းနိုင် စတိုးထဲ ရောက်လာ သည်။
" မပြောချင်ပါဘူး မောင်စိန်မွှေးရာ…"
ရောက်မဆိုက်၊ ကူလီခေါင်းက သူ့နောက်မှာရပ်နေသော သောင်းနိုင်ကို မေးငေါ့ပြသည်။ ကျနော် ကြည့်လိုက် တော့… ကလေးငယ်တစ်ယောက်လို တရှုံ့ရှုံ့ ငိုထား၍ ပါးပြင်ပေါ်မှာမျက်ရည်စီးကျနေသော သောင်းနိုင်ကို မြင်လိုက်ရတော့… ကျနော်စိတ်မကောင်း။
" သိပြီးပါပြီ ကူလီခေါင်းကြီး၊ အခုဘဲ ကိုသောင်းအေးက ပြောပြနေတာ…"
ကျနော်ပြန်ပြောလိုက်တာ့….ကူလီခေါင်ကြီးက…
"စပယ်ယာလေးက ကံဆိုးပါတယ်ကွာ။ တစ်ပူပေါ် တစ်ပူဆင့်တာပေါ့ကွာ။ အယင်အကြွေးက မကျေသေးဘူး၊ အခု… ကာဗိုက်မီးခွက်က ဒိုက်ထဲကျသွားပြန်ပြီ၊ ဟူး…"
ကူလီခေါင်းကြီးကလည်း စိတ်မကောင်းစွာ သက်ပြင်းမှုတ်လိုက်သည်။ ကိုသောင်းအေးကလည်း၊ သောင်းနိုင် ကို ကရုဏာသက်စွာ ကြည့်နေသည်။ စောစာက သူ့ကို ရယ်စရာမောစရာ စကားပြောဖို့ ကျနော့်စိတ်ကူးတွေလည်း ဘယ်ဆီ ထွက်ပြေးကုန်မှန်းမသိ။ တစ်ရက်နိဗ္ဗာန်အရသာလေး ခံစားစမ်းပါကွာလို့ ပြောပြမည့် ကျနော့်ပါးစပ်ကလည်း အာစေးထည့်ထားသူလိုပင်။ သူ့ကြည့်လိုက်တော့… တရှုပ်ရှုပ်ငိုနေဆဲ။ မြေအောက်စတိုးခန်းထဲမှာ စကားသံတွေ တိတ်ဆိတ်နေဆဲ။ ကျနော်၊ ကူလီခေါင်းကြီး ကိုသောင်းအေးတို့ ပါးစပ်ဖျားမှ ဘာစကားမှ ထွက်မလာတော့…။
ထိုခဏ၌ ငိုရှိုက်သံကြားက စပယ်ယာလေးသောင်းနိုင် နှုတ်ဖျားမှ ထစ်ထစ်ငေါ့ငေါ့ စကားတစ်ခွန်း ထွက်လာသည်။
" နက်ဖြန် ကျနော်ဘယ်လိုအလုပ်ဆင်းရမလဲ စတိုးးကလပ်ကြီး။ ကျနော့်ကာဗိုက် မီးခွက်မရှိတော့ဘူး…"
ကျနော့်ကို အားကိုးတကြီး ပြောနေသော စပယ်ယာလေး သောင်းနိုင်၏ စကားသံမှာ ထွက်ပေါက်မဲ့နေ၏။ အနာဂတ်မဲ့နေ၏။ မနက်ဖြန်ဆိုတာ ပျောက်နေ၏။ ကျနော်သူ့ကို သနားသွားကာ၊ ကရုဏာစိတ်လှိုင်းက ကျနော့်ရင်ထဲ တဝုန်းဝုန်း ရိုက်ခတ်လာနေသည်။ သူဝမ်းသာစေမည့် စကားကို ကျနော်တိုးတိုးလေးပြောလိုက်သည်။
" မနက်ဖြန် အလုပ်ဆင်းဖို့ စိတ်မပူနဲ့ စပယ်ယာလေး။ ငါ့အခန်းဘေးမှာ ပင်စင်ယူသွားတဲ့ ဦးညိုအောင်ရဲ့ ကာဗိုက်မီးခွက်ဝယ်ပေးပါ့မယ်။ အဲဒီမီးခွက်ဖိုး ငါပေးလိုက်ပါ့မယ်။ မငိုနဲ့တော့၊ တိတ်ကွာ….။ ကဲ….မြေပေါ်တက်ကြ ရအောင်၊ မိုင်းထဲမှာ ဒို့ဘဲကျန်တော့တာ။ လစာထုတ် နောက်ကျနေလိမ့်မယ်။ သွားကြစို့…"
ကျနော်စတိုးခန်းကို သော့ပိတ်ကာ မိန်းလယ်ဗယ်ဆီသို့ ထွက်လာခဲ့ကြသည်။ ကျနော်က ရှေ့ဆုံး၊ နောက်မှာ ကူလီခေါင်းနှင့် ကိုသောင်းအေး၊ နောက်ဆုံးကတော့… စပယ်ယာလေး သောင်းနိုင်။ ကျနော်တို့သည် မြေပေါ် ပြန်တက်ရန် စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် မြေအောက်လိုဏ်ဂူထဲမှာ လျှောက်နေမိတော့၏။
ကူလီခေါင်းဦးသာအောင်၏ အတွေးထဲ၌ စပယ်ယာလေးနဲ့ ပတ်သက်လို့ဘာတွေ တွေးနေမလဲ။
ကိုသောင်းအေး၏ အတွေးထဲ၌ စပယ်ယာလေးနဲ့ ပတ်သတ်လို့ ဘာတွေ တွေးနေမလဲ။
စပယ်ယာလေး သောင်းနိုင်၏ အတွေးထဲမှာကော ဘာတွေတွေးနေမလဲ။ စားခဲ့တဲ့ အကြွေးဟောင်း ထမင်းကြွေးတွေ၊ မိုင်းဦးထုပ်ကြွေးတွေ ဆပ်ဖို့ တွေးနေမလား။ မနက်ဖြန် ကျနော်ဝယ်ပေးမည့် ကာဗိုက်မီးခွက် အတွက် ကျနော့်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောဖို့ တွေးနေမလား။
ကျနော်၏အတွေးထဲမှာတော့ …… မနက်က မြေအောက်စတိုးထဲ ဝင်ဝင်ချင်း လူပျိုကြီးကို အောင်စိုး အော်ဆိုလာသော အသံကိုသာ ကြားယောင်နေမိသည်။
" ဥသြမှုတ်ပြီနော်….. အလုပ်ခေါ်
လစာထုတ်ပြီနော် ……. အပြုတ်ဆော်
အိမ်ပြန်ရောက်ရင်နော်…… အကြွေးရှင်ကမျှော်…."

ဆင်တဲဝမြတ်မင်း
( ၂-၁၀-၂၀၁၇)

No comments:

Post a Comment