Thursday, February 9, 2017

ယမ်းငွေ့များမပြယ်မီ 
(၁၉၈၇၊ စက်တင်ဘာလ၊ မိုးဝေမဂ္ဂဇင်း အမှတ် ၂၃၂)
ဆင်တဲဝမြတ်မင်း
 
 
 

“ ‘‘ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်’’
အဆက်မပြတ်ပေါ်ထွက်နေသော မရှင်းဖောက်သံသည် ‘စတုတ်’ထဲတွင်သာမက မြေအောက်သတ္တုတွင်းရှိနံပါတ်ငါးလယ်ဗယ် လိုဏ်မကြီးနှင့် အခြားလိုဏ်ဖြတ်ငယ်များတစ်လျှောက် ပြေးလွှားဆူညံနေလေသည်။ ရေအားလေအားတို့ကို အသုံးပြု၍ မရှင်း အပေါက်များဖောက်နေစဉ်၌ ကျောက်သားနှင့်မရှင်း ဘာလီချောင်းတို့ ထိတွေ့မှုကြောင့် ဖြာထွက်လွင့်စင်လာသော ကျောက်မှုန် ရေမှုန် များမှာ ကာဘိုက်မီးရောင် တန်းထဲတွင် မြူမှုန်တွေလွင့်ပါးနေသလိုမှုန်မှိုင်းနေလေသည်။
မရှင်းကိုဖိကိုင်ထားသော စက္ကင်းမောင်အေးနှင့် ပေါက်စတို့၏ကိုယ်ပေါ်တွင်လည်း ကျောက်မှုန်များ၊ ရေစက်ရေပေါက်များ၊ ချွေးများအထပ်ထပ်တင်နေကာ တစ်ကိုယ်လုံးရွှဲနစ် နေလေသည်။
သူတို့သည်မရှင်းကို အားရှိသမျှအတင်းဖိတွန်းနေရသည့်တိုင် ကျောက်သားမှာ တအားမာလွန်းနေသဖြင့် မရှင်းဘာလီချောင်း မှာ ရှေ့သို့မတိုးနိုင်တော့ဘဲ မရှင်းတစ်ခုလုံး ခုန်နေသည်။ တုန်တုန်ခါခါဖြစ်နေသည်။ မရှင်းကိုင်ထားသောစက္ကင်း မောင်အေးနှင့် ပေါက်စ တိုမှာလည်း တုန်ခါနေတော့သည်။
‘‘ဒုတ်....ဒုတ်...ဒုတ်...’’
မရှင်းသည် ရှေ့သို့ဆက်မတိုးတော့ပေ။ မရှင်းဘာလီချောင်း၏ ထိပ်ဖျား၌ ကျောက်သားကို စူးဝင်ထိုးဖောက်နိုင်ရန်အတွက် တပ်ဆင်ထားသော ‘စိန်လွန်သွား’သည်ပင် ရှေ့ဆက်တိုးဖို့ တွန့်နေသည်။ ဘာလီချောင်းမှာ ‘တောင်တောင်တောင်’ ဟူ၍မြည်ကာ လည်နေတော့သည်။
“ ‘‘ယမ်းထွန်း မရှင်းကမတိုးတော့ဘူး၊ ကျောက်မာတယ်’’
စက္ကင်းမောင်အေးကစတုတ်ထဲမှ ဆောင်းတိုင်ကိုမှီလျက် မီးထိုးပြနေသော ယမ်းထွန်း ဦးစံဖြိုးကို လှမ်းပြောလိုက်သည်။
ယမ်းထွန်းကလည်း ရေဘဲပိတ်ရန်အတွက် ငယ်သားချက်ဖောင်းကို လက်ဟန်ခြေဟန်ဖြင့်လှမ်းပြောလိုက်ရာရေရပ်သွားသည်။ မရှင်းစက်သံလည်း ရပ်သွားသည်။ စတုတ်ထဲတွင် လေဘဲဖွင့်သံ‘တရှီးရှီး’ အသံသာလျှင်ဆူညံနေတော့သည်။ စက္ကင်းမောင်အေးနှင့် ပေါက်စတို့လည်းမရှင်းဘာလီချောင်းကိုပြန်၍ ဆွဲထုတ်၊ ဆီထပ်ဖြည့်ကာ တွင်းထဲပြန်စိုက်ပြီးနောက် ခဏနားနေသည်။ သည် တစ်ပေါက်ကျကာမှ ဘာဖြစ်လို့လျှောလျှောရှူရှူမဖြစ်ဘဲ ခဲယဉ်းနေရ သလဲဟု စက္ကင်းမောင်အေးတွေးနေမိသည်။
မြေအောက်တွင်သတ္တုတူးဖော်လျှင် ဘော်ကြော(ငွေခဲသွပ်ရောနှောနေသည့် သတ္တုကြော)ကြီးများကို‘ဒိုင်းနမိုက်ခွဲပြီးမှ ဘော် ထုတ်ကြရသည်။ ထိုအခါ ‘စတုတ်’(သတ္တုထုတ်သည့်လုပ်ကွက်နေရာ)ထဲတွင် ယမ်းခွဲရန်အတွက် ‘မရှင်း’(ကျောက်ဖော်စက်)ဖြင့် အပေါက်ငယ်များဖောက်ကြရသည်။ ထိုသို့ဖောက်ရာ၌ ‘မရှင်း’၏ထိပ်တွင် တစ်လက်မပတ်လည်ရှိပြီး လေးပေရှည်သော ‘ဘာလီ ချောင်း’(သံချောင်း)ကို တပ်ဆင်ကာအဖျား၌ ‘ကျောက်’(ဘော်ကြော)ကို ထိုးဖောက်နိုင်ရန် ‘စိန်လွန်သွား’ တပ်ထားရလေသည်။ မရှင်း အပေါက်များဖောက်ပြီးကာမှပင် ထိုအပေါက်ထဲသို့ ယမ်းတောင့်များသိပ်ကာစနက်တန်ဖြင့်မီးရှို့၍ ယမ်းဖောက်ခွဲကြရလေသည်။
ဘော်တွင်းမိုင်း၌ သတ္တုတူးလျှင် အများအားဖြင့် ခုနစ်ပေခန်းများဖွင့်ကြရသည်။ ယမ်းခွဲပြီးသွားလျှင်ဘော်များကို မိုင်း လက်တွန်းလှည်းထဲထည့်ကာ ဒိုက်ထဲသို့ ဘော်များ သွန်ကြရသည်။ ဖွင့်ပြီးသောအခန်းနေရာမှာ လစ်ဟသွားသဖြင့်အပေါ်မှ မြေများ အိပြိုကျမလာနိုင်စေရန် အမိုး၊ အကာ သစ်သားများကို စနစ်တကျထည့်ကာ ထူထည်းခိုင်ခံ့လှသော သစ်သားကြီးကြီးဒေါက်တိုင်များ စိုက်ထူရသည်။ သို့မှသာရှေ့ဆက်၍ အခန်းဖွင့်နိုင်မည် မဟုတ်လား။ ခုနစ်ပေခန်းပြီးလျှင် တစ်ခန်းရသည်ဟုရေတွက်လေ့ရှိသည်။
‘စတုတ်’တစ်ခုကို ဖွင့်လျှင်တစ်လလုံးအတွက် ပုံမှန်(၁၀)ခန်းဖွင့်ရသည်။ ဤ(၁၀) ခန်းထက်ပိုမိုကျော်လွန်ပြီး ဖွင့်နိုင်လျှင် ဖွင့်နိုင်သလောက် ‘ဘောနပ်’စားရသည်။ အခုစက္ကင်း မောင်အေးတို့‘စတုတ်’မှာလည်း အခုလဝက်ပင်ရှိသေးသည် (၁၅)ခန်းပြီးနေပြီဆို တော့ ဒီလအတွက် သေချာပေါက်‘ဘောနပ်’စားရတော့မှာမို့ သူတို့တစ်ဖွဲ့လုံးမှာ အင်တိုက်အားတိုက်ကြိုးစားလုပ်နေကြခြင်း ဖြစ်သည်။ သို့သော်ဒီနောက်ဆုံးတစ်ပေါက်ကျကာမှ‘မရှင်း’ကရှေ့မတိုးတော့။
‘ဟူး...မောတာပဲအဖတ်တင်တယ်၊ဒီနောက်ဆုံးအပေါက်ကျမှဘာဖြစ်နေလဲမသိဘူး’
စက္ကင်းမောင်အေးသည်နားနေရင်းမှ ထုတ်ညည်းလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည်၊စောစောကယမ်းပေါက်ရှစ်ပေါက် ဖောက်ပြီးသွားပြီ။ လျှောလျှောရှူရှူ ချောချောမောမောပင်။ ဒီတစ်ပေါက်ကျကာမှ တစ်ခံနေသည်။ ဒီလိုကျောက်မာတာကို အခါခါ ကြုံခဲ့ဖူးကြပြီ။ဒီတစ်ခါတော့ ပိုလို့ပင်မာသည်ဟုထင်သည်။
‘အေးပေါ့ကွာ၊ အခက်အခဲဆိုတာတော့ရှိနေမှာပဲ
ယမ်းထွန်း ဦးစံဖြိုးက တိုးညင်တဲ့လေသံဖြင့်ပြောလိုက်သဖြင့် စက္ကင်းမောင်အေးက ယမ်းထွန်းကိုငေးကြည့်နေလိုက်သည်။ ကာဘိုက်မီးရောင်မှုန်လဲ့လဲ့အောက်တွင် ယမ်းထွန်း၏ တွန့်လိမ်နေသော ပါးရည်နားရည်များကို မြင်နေရသည်။
စတုတ်တစ်ခုတွင် ငါးယောက်အဆိုင်းလုပ်ကြရပြီး ဦးဆောင်တာဝန်ယူရသူကို ယမ်းထွန်းဟုခေါ်ဆိုကာ၊ ဒုတိယ ဦးဆောင်ရ သူကိုစက္ကင်းဟုခေါ်သည်။ ကျန်တာကငယ်သား သုံးယောက်ပါဝင်သည်။ ယမ်းထွန်းက ဦးဆောင်ရသူဆိုပေမယ့် တကယ်တန်း အပင် ပန်းခံ၍ လုပ်ရသူမှာ စက္ကင်းသာလျှင်ဖြစ်၏။ ယမ်းထွန်းကြီးများမှာ အသက်အရွယ်ရလာသည်ကတစ် ကြောင်း၊ အားအင်မှာ လူငယ် တွေလောက် သန်သန်မာမာမရှိတော့တာကတစ်ကြောင်း ဘေး မှထိုင်ကာ မီးခွက်ထိုးပြရင်း ကောင်းသောလမ်းညွနှ်မှုသာ ပြုနေရ၏။
အဓိကအပင်ပန်းခံ၍ မရှင်းဖောက်၊ ယမ်းမီးရှို့၊ ယမ်းခွဲ၊ ဘော်ချ၊ ဘေးပန်းထိုး၊ မိုးပန်းထိုး တိုင်ထောက်စသည့်အလုပ် တွေအားလုံးကို ဇယ်ဆက်သလို လုပ်ရသူမှာ စက္ကင်းသာ လျှင်ဖြစ်၏။ ဒီလိုလုပ်ရလို့ဆိုပြီး ယမ်းထွန်းကြီးများအပေါ် စက္ကင်းများက မငြိုငြင်။ သူတို့လည်းစက္ကင်းဘ၀ကျရောက်စဉ်က ဒီလိုအပင်ပန်းအဆင်းရဲခံရပြီးမှ ယမ်းထွန်း ဘ၀ရောက်လာရသည်ကို သဘော ပေါက်ထားသောကြောင့်ဖြစ်သည်။
အခုလည်းစက္ကင်းမောင်အေးပါးစပ်က ထုတ်ညည်းတာအဆန်းတော့မဟုတ်၊ ညည်း မယ်ဆိုရင်လည်းညည်းချင်စရာပင်။
XXXXXXXXX
‘ကဲ... သုံးယောက်ဖိတွန်းကြည့်ပါဦး၊ ရမှာပါ’
ယမ်းထွန်း ဦးစံဖြိုးက စက္ကင်းမောင်အေးကိုလှမ်းပြောလိုက်သည်။ ရေဘဲသွားဖွင့်ပြီးသော ချက်ဖောင်းလည်း မရှင်းဖောက် သည့်နေရာသို့ ရောက်လာသည်။ ပြီး ... စက္ကင်း မောင်အေး၊ ပေါက်စနှင့် ချက်ဖောင်းတို့သည် မရှင်းကိုဝိုင်း၍ ဖိတွန်းထားကာ ခလုတ်စဖွင့် လိုက်သည်။
‘‘ဒုတ်....ဒုတ်...ဒုတ်...’’
မရှင်း၏ အသံမှာ အစ၌ တစ်ချက်ချင်း ‘‘ဒုတ်’’ ‘‘ဒုတ်’’ဟု မြည်နေသေးသော်လည်း ခဏအကြာတွင် ကျောက်သားထက် အဆများစွာမာကျစ်လှသော ဘောကြောကြီးထဲသို့‘စိန်လွန်သွား’က တစ်စတစ်စထိုးဖောက်ဝင်ရောက်သွားနေတော့သည်။
ယမ်းထွန်း၏ ကာဘိုက်မီးရောင်အောက်၌ မရှင်းကို ဝိုင်းဖိနေသောလူသုံးယောက် ကို အထင်းသားမြင်နေရသည်။ အားလုံး မှာ မရှင်းတုန်သလို တုန်ခါနေလျက်၊ ရေမှုန် ကျောက်မှုန်များမှာ ကာဘိုက်မီးအလင်းတန်းထဲ၌ တဖွားဖွားလွင့်နေလျက်။ တဖြည်း ဖြည်း ဘာလီချောင်းမှာ အောက်သို့မြှုပ်သွားပြီ။ လေးပေအရှည်ရှိသော ဘာလီချောင်းမှာ အဆုံးအထိ လုံးဝမြှုပ်သွားပြီ။ သုံးယောက် သား ဝမ်းသာသွား၏။
‘ယမ်းထွန်း . . . ပေါက်သွားပြီဗျို့’
စက္ကင်းမောင်အေးသည် ပြောရင်းမှာပင် မရှင်းကိုရပ်လိုက်သည်။ ချက်ဖောင်းက ရေဘဲသွားပိတ်လိုက်သည်။ ပေါက်စက မရှင်းနှင့်ဘာလီချောင်းများကို ယမ်းခွဲမည့်အန္တရာယ် မှဝေးကွာသောတစ်နေရာသို့ သွားထားလိုက်သည်။
မကြာမီ စက္ကင်းမောင်အေး၊ ပေါက်စနှင့် ချက်ဖောင်းတို့လည်း လေပိုက်အနီး၌ ထိုင်လိုက်ကာ စောစောကချွေးများကို လေပိုက်ဖြင့် မှုတ်ပစ်လိုက်သည်။ မောသမျှ၊ ပန်းသမျှလေပိုက်ရှူရင်းပျောက်ကွယ်စေရတော့သည်။ သူတို့၏ကိုယ်လုံးများအပေါ်တွင် စတုတ်၏ အပေါ်မှ တစက်စက်ကျနေသောရေများ၊ စောစောကမရှင်းဖောက်တုန်းက လွင့်စင်ထားသော ရေစက်များနှင့်ချွေးများကြောင့် ရွဲရွဲစိုနေဆဲပင်. . . ။
မိုင်းထဲမှာ သတ္တုထုတ်ရသော ‘စတုတ်’များ၌ အခြေအနေတွေမတူညီကြ။ အချို့နေရာများ၌ ပွက်ပွက်ဆူနေသော ရေနွေးအိုး ၏ အပေါ်၌ ထိုင်နေရသည့်အလား အိုက်စပ်စပ် ပူလောင်လောင်နှင့်ချွေးမိုးရွာနေသော နေရာတွေရှိသလို၊ အချို့နေရာများ၌ ရှမ်းပြည် ၏ မိုးရာသီကဲ့သို့ပင်အမြဲတမ်းရေများတဖျောဖျော၊ တစိမ့်စိမ့်ကျနေကာစိုစွတ်နေပြီး အေးစိမ့်သည့် နေရာလည်းရှိ၏။ တချို့နေရာများ ၌ကား အပူအအေးမျှတပြီး နေလို့ထိုင်လို့ကောင်းသည့် လိုဏ်မကြီးတွေ၊ လိုဏ်ဖြတ်ငယ်တွေ၊ လုပ်ကွက်နေရာတွေလည်းရှိပါသည်။
အခုစက္ကင်းမောင်အေးတို့အဖွဲ့ လုပ်နေရသော စတုတ်မှာလည်း ရေတစက်စက် ကျသည့်ကြား၌ လုပ်နေရခြင်းဖြစ်သည်။ စက္ကင်းတို့သုံးယောက်ခေတ္တနားနေစဉ်၌ ယမ်းထွန်းက မရှင်းဖောက်ထားသည့် ယမ်းပေါက်ကိုးပေါက်ထဲရှိ ခဲငယ်လေးများ ကင်းရှင်း စေရန် နားဖာချေးကလော်သည့် ညှပ်နှင့်ဆင်ဆင်တူသော‘ဆမ်ရှုးဘာလီ’(မိုင်းထဲအခေါ်)ဖြင့်ဆွဲထုတ်နေသည်။ သို့မှအပေါက်၏ အောက်ခြေအထိ ယမ်းတောင့်ကိုထည့်နိုင်ပြီး၊ ယမ်းခွဲသည့်အခါတွင်လည်း ကောင်းကောင်းကွဲပေမည်။
စက္ကင်းမောင်အေးတို့အဖွဲ့နားနေစဉ် ကိုက်(၁၀၀)အကွာရှိ တစ်ဖြောင့်တည်း ဖောက်ထားသော လယ်ဗယ်၏ အစွန်အဖျားမှ ကာဘိုက်မီးရောင်လဲ့လဲ့တွေ့လိုက်သည် ဆိုလျှင်ပင် ယမ်းထုတ်သွားသော မောင်မောင်ပြန်လာပြီဟု အားလုံးသိလိုက်ကြလေသည်။ သူ့မှာအရွယ်နှင့်မမျှသော မိုင်းဖိနပ်ကိုစီးထားရာ မနိုင့်တနိုင်သယ်လာရသော မိုင်းဖိနပ်သံ ‘ဂလုပ်. . . ဂလုပ်’ဆိုသည့်အသံက သူ့ အရင်ရောက်လာသည်။ ဒီကောင်လေးမှာ စတုတ်ထဲရောက်တာ နောက်ဆုံးမှ။ လူမှာငယ်လွန်းသဖြင့် ခြေထောက်နှင့်ဖိနပ်တောင်မှ မကိုက်လှ။ အရွယ်ကဆယ့်ငါးဆယ့်ခြောက်လောက်ပဲရှိဦးမည်။ တလောက သူ့ဖခင်ဆုံးသွားသဖြင့် ရှစ်တန်းမှထွက်ကာ မိုင်းထဲ ဆင်းလာရခြင်းဖြစ်သည်။ ယမ်းထွန်း ဦးစံဖြိုးက သူ့ဖခင်နှင့်လုပ်ဖော်ကိုင်ဖက်ဆိုတော့ ဒီကောင်လေးကို‘စတုတ်’ထဲခေါ်ထားခြင်း ဖြစ် သည်။ မောင်မောင်မှာ သစ်သားကြီးကြီးမားမားတွေမသယ်နိုင်၊ မ,မနိုင်၍ စတိုး၌ယမ်းထုတ်ခိုင်း၊ ပစ္စည်းထုတ်ခိုင်း၊ မီးအပြခိုင်းတာ လောက်ပဲလုပ်ခိုင်းရသည်။ ယမ်းထွန်းနှင့် တစ်ဖွဲ့လုံးက သူ့ကိုညှာကြပါသည်။ တကယ်အကြမ်းခံ လုပ်ရတာကတော့ စက္ကင်း မောင်အေး၊ ပေါက်စနှင့်ချက်ဖောင်း တို့သာပင်။
စတုတ်ထဲရောက်ပြီဆိုလျှင်ပင် မောင်မောင်သည် ယမ်းပုံးကိုချလိုက်ရင်း. . . .
‘ယမ်းထွန်း၊ လေဘာဘော ကမှာလိုက်တယ်၊ ခဏနေသူလာခဲ့မယ်တဲ့၊ သူလာမှ ယမ်းခွဲပါတဲ့၊ အခု...သူစတုတ်တွေအားလုံး လှည့်ကြည့်လိုက်ဦးမလို့တဲ့. . . ’
ယမ်းထွန်းသည် ‘ဆမ်ရှုးဘာလီ’ကို တွင်းနှုတ်ခမ်းပေါ်တင်ရင်းအပေါ်မှတစက်စက် ကျနေသောရေစက်များကို မျက်နှာပေါ်မှ သပ်ချရင်း၊ ယမ်းခွဲသင့် မခွဲသင့်စဉ်းစားနေမိ၏။ တကယ်တမ်း၌ ‘စတုတ်’တစ်ခုတွင် ယမ်းခွဲတော့မည်ဆိုလျှင် ‘လေဘာဘော’က စောင့်ပေးရသည်။ အကြောင်းမှာယမ်းတောင့်များ အပျောက်အရှ မရှိစေရန်အတွက်လည်းကောင်း၊ ယမ်းခွဲရာ၌ အန္တရာယ်မရှိအောင် လိုအပ်သမျှ ညွနှ်ကြားနိုင်ရန်အတွက်လည်းကောင်း၊ စောင့်ကြပ် ပေးရခြင်းဖြစ်သည်။ မသမာသော မိုင်းသမားအချို့က ယမ်းတောင့် အချို့ကို ယူငင်ထားတတ်ပြီး အပြင်သို့ ရောင်းစားတတ်လေသည်။ သို့သော် မိုင်းအလုပ်သမားအများစုမှာ ထိုသို့ အောက်တန်း ကျသောအလုပ်ကို မလုပ်ကြပါ။ ယခုယမ်းထွန်း ဦးစံဖြိုးတို့အဖွဲ့မှာယမ်းတောင့် အရေအတွက် အပြည့်အ၀ ထည့် သိပ်ကာ မှန်မှန်ကန်ကန် ယမ်းခွဲသည်ကို ‘လေဘာဘော’ တိုင်းကသိကြသည်။ ယုံကြည်ကြသည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံ၌ ‘လေဘာဘော’ မလာနိုင်လျှင် ကိုယ့်ဘာသာကိုယ်ခွဲလိုက်သည်။ ဘာမှပြဿနာမဖြစ်။အခုလည်း ခွဲလိုက်ရလျှင် ကောင်းမလားဟု စဉ်းစားနေ၏။ နောက်ဆုံးတော့ ဘော်များများထုတ်နိုင်ဖို့၊ အခန်းများ များပြီးနိုင်ဖို့ အချိန်တွေအလဟာသ အကုန်ဆုံးမခံနိုင်ဟု ယူဆ ကာ ယမ်းထွန်းသည် ခွဲဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
‘ကဲကဲ.. မောင်အေးနဲ့ပေါက်စ ကာယမ်းတောင့်ထည့်ကွာ၊ ရွှံ့သိပ်ကွာ၊ ချက်ဖောင်းကမီးပြလိုက်၊မောင်မောင်က ရေပိုက် တွေဖြုတ်ပြီးယမ်းကွဲရင်လွတ်လောက်မယ့်နေရာသွားထား၊ အခုန မရှင်းထားတဲ့နေရာမှာ သွားထားလိုက်၊ ပေါက်စကိုမေးလိုက်၊ ဘယ် နေရာမှာ လည်းလို့. . . . ’
စက္ကင်းမောင်အေးနဲ့ပေါက်စတို့လည်း ယမ်းတောင့်များနှင့်ယမ်းကြိုးများကို ရေတွက်နေသည်။ ယမ်းခွဲမည့် အပေါက်က ကိုး ပေါက်ဆိုတော့. . .ယမ်းတောင့် (၃၆)တောင့် ကုန်မည်။ မောင်အေးသည် တစ်ကျင်း(တစ်ပေါက်) လျှင်ယမ်းတောင့်လေးတောင့်ထည့် ပြီး စနက်တန်တပ်ပြီးသော လေးပေအရှည်ရှိသည့် ယမ်းကြိုးကိုပါ ထိပ်ဆုံးယမ်းတောင့်ထဲမှာ စိုက်သွင်းလိုက်သည်။ ပြီးသောအခါ ပေါက်စက ယမ်းပေါက်၌ လစ်ဟာနေသော အပေါ်ယံ အပိုင်းကို ရွှံ့စိုစိုများဖြင့်ဖိသိပ်သည်။ ပို၍ သိပ်သိပ်သည်းသည်းဖြစ်အောင် ရွှံ့ ဆောင့်သည့် တုတ်တိုဖြင့် အကြိမ်ကြိမ်ဖိဆောင့်သည်။ သို့မှသာ ယမ်းကွဲအား ကောင်းပြီး ဘော်များပိုမို ကြေမွလွင့်စင်နိုင်မည် မဟုတ်လား။
ယမ်းထွန်းကလည်းယမ်းပေါက်များထဲမှ ကျောက်စကျောက်နများကိုကလော်ပြီးဖြစ်၍ စက္ကင်းနှင့်ပေါက်စတို့ သိပ်ပြီးသွားသော ယမ်းကျင်းများကိုလိုက်၍စနစ်တကျ စစ်သည်။
စင်စစ်ယမ်းခွဲသည့် အလုပ်မှာ ပေါ့ပေါ့ဆဆ လုပ်၍မရ။ တစ်ချက်ကလေး အမှားအယွင်းမရှိလိုက်နှင့်၊ တစ်ချက်မှားလျှင် တစ်သက်စာ အသက်ပါသွားနိုင်သည်။ ဤမိုင်း၌ ဤလိုအမှားအယွင်းမျိုးကြောင့် ဒုက်ခရောက်ခဲ့ရသည်မှာ အကြိမ်ကြိမ်။ စတုတ် တစ်ခုလျှင် အနည်းဆုံးယမ်းခုနစ်လုံး၊ အများဆုံးကိုးလုံး ခွဲလေ့ရှိသည်။ (ယမ်းတွင်းတစ်တွင်းကို တစ်လုံးဟုခေါ်သည်။) အချို့မှာ ယမ်းခွဲလိုက်သော်လည်း မပေါက်ကွဲဘဲကျန်ရှိနေတတ်ပြီး ဘော်များကို ပေါက်ချွန်းဖြင့်တူးဖော်စဉ်၌ ထ၍ပေါက်ကွဲကာ လူအန္တရာယ် ဖြစ်တတ်သည်။ တကယ်တော့လည်း ယမ်းခွဲရတာ မလွယ်လှ။ ယမ်းကြိုးအားလုံးမီးရှို့ပြီးပြီးချင်း အတင်း ထွက်ပြေးရသည်။ လေးပေ အရှည်ကြိုးသည် နှစ်မိနစ်ကြာလောင်ပြီး ကွဲတော့သည်။ ထို့ကြောင့်ယမ်းကိုးလုံးကို နှစ်မိနစ်အတွင်း မီးရှို့ပြီး လွတ်အောင်ထွက်ပြေး နိုင်ရမည်။ အကယ်၍ မပြေးနိုင်လျှင်တော့ . . . .ယမ်းပေါက်ကွဲသဖြင့် ကြီးစွာမြည်ဟည်းသောအသံနှင့်အတူ၊ အရှိန်ပြင်းစွာ (အလွန်အရှိန်ပြင်းထန်စွာ) ပေါက်ကွဲလွင့်စဉ်လာသော ကျောက်ခဲများ၊ ဘော်ခဲများထိမှန်ခြင်းခံရပြီဆိုလျှင် ဘယ်နည်းနဲ့မှ မသက် သာတော့။
တစ်ခါက နံပါတ်လေးလယ်ဗယ်ရှိ စတုတ်တစ်ခု၌ ထိုအဖြစ်မျိုးဖြစ်ခဲ့ဖူးသည်။ ယမ်းထွန်းနှင့်စက္ကင်းသည် ယမ်းကြိုးတွေကို မီးရှို့ပြီးပြီးချင်း တစ်ဟုန်ထိုးထွက်ပြေးလာရာ နောက်မှ စက္ကင်းသည် ခလုတ်တိုက်မိပြီး လဲသွားရာ၊ ချက်ချင်းထမပြေးနိုင်ဘဲဖြစ်နေစဉ် ယမ်းကွဲပြီးလွင့်စင်လာသော ကျောက်ခဲ၊ ဘော်ခဲကြီးများ၏ ထိမှန်ခံရကာ ခန်ဓာကိုယ်တစ်ခု လုံးမှာ အဖုတွေ၊ အပိန့်တွေ၊ အချိုင့် အခွက်တွေဖြစ်ပြီး၊ ခြေထောက်နှင့်လက်မောင်းများမှာ နဂိုမူလအတိုင်း သန်သန်မာမာ မဟုတ်တော့။
တော်သေးသည်။ အသက်မသေလို့။
ယမ်းပေါက်ကိုးပေါက်စလုံးယမ်းသိပ်ပြီးသွားပြီ။ ယမ်းကွဲလျှင် မထိမှန်နိုင်အောင် ပစ္စည်းများကိုလည်း ဘေးလွတ်ရာ၌ သိမ်း ဆည်းပြီးနေပြီ။ လေပိုက်ကြီးတစ်ခုဘဲ စတုတ်ထဲ ကျန်တော့သည်။လေပိုက်ကတော့ ဖွင့်ခဲ့ရသည်။ ဒါမှယမ်းခွဲပြီးလျှင် ယမ်းခိုးယမ်း ငွေ့များကို အပြင်ဘက်ရောက်အောင် မှုတ်ထုတ်ပေးနိုင်မည်မဟုတ်လား။
‘လေဘာဘောကလည်း ခုထိမလာဘူး. . . . ’
စက္ကင်းမောင်အေးကညည်းတွားလိုက်သည်။ တကယ်တော့ အကျိုးသင့် အကြောင်း သင့်ပြောရန်စောင့်နေကြခြင်းဖြစ်သည်။ သူတို့အားလုံးသည်ကိုက်(၁၀၀)အကွာရှိလယ်ဗယ်၏ အဆုံးမှ တောင်မြောက်အရှည်တန်းနေသောမိန်းလယ်ဗယ်(လိုဏ်မ)ကြီးဆီသို့ လှမ်းကြည့်နေကြသည်။ အခုသူတို့ဖောက်နေတာက လယ်ဗယ်ခွဲ(လိုဏ်ဖြတ်ငယ်)ဖြစ်သည်။ သူတို့က ‘လေဘာဘော’ဟုခေါ်သည့် ‘မြေအောက်ကြီးကြပ်ရေးမှူး’လာလျှင်သိသာ၏။ သူတို့ကိုင်ဆောင်သောမီးခွက်မှာ မိုင်းအလုပ်သမားများကိုင်ဆောင်သော ကာဘိုက်မီး ခွက်အသေးစားမျိုးမဟုတ်။ ဘက်ထရီမီးခွက်ဖြစ်၏။ မီးရောင်က ကာဘိုက်မီးရောင်လို မှိန်လဲ့လဲ့၊ မှုန်ဝါးဝါးမဟုတ်။ လင်းလင်း ထိန်ထိန်၊ ကားမီးသီးလိုပင်။ ထို့ကြောင့်မီးရောင်ကို ကြည့်ကာ အလုပ်သမားလား၊ လေဘာဘောလားဟုခွဲနိုင်ခြင်းဖြစ်၏။ ဘက်ထရီ မီးခွက်ကိုတော့ မိုင်းချုပ်၊အင်ဂျင်နီယာများ၊ မိုင်းဖိုမင်များ၊ ရှစ်ဘော့များနှင့် လေဘာဘောများသာလျှင် ကိုင်တွယ်သုံး စွဲရသည်။ အများအားဖြင့် ၄င်းမီးရောင်ထိန်ထိန်ကို မြင်ရလျှင် ‘လေဘာဘော’ဟုသိနေကြ၏။ အကြောင်းမှာ ‘လေဘာဘော’အထက်မှ ပုဂ္ဂိုလ်များ ကအလာကြဲသောကြောင့်ဖြစ်၏။ ‘လေဘာဘော’သည် မိုင်းဖိုမင်များ၊ရှစ်ဘော့များ၏ ခိုင်းစေညွနှ်ကြားချက်များကို ယူဆောင်လာကာ အလုပ်သမားများကို အနီးကပ်ထပ်မံခိုင်းစေရန် တာဝန်ရှိသည့်အပြင် အလုပ်သမားများနှင့်လည်း အပေးအယူမျှတသူလည်းဖြစ်၏။
‘ကဲ သူမလာလဲတို့ဖာသာတို့ ခွဲလိုက်ကြရအောင်၊ နောက်‘တရှိတ်’ဝင်လာရင် အဆင်သင့်ဖြစ်အောင်၊ နောက်တစ်ခါ ယမ်းခွဲပေးခဲ့ရအောင်’
ယမ်းထွန်းကပြောလိုက်သည်။ အခုတစ်ခါခွဲပြီးလျှင် ဘော်ချ၊ လှည်းတွန်း၊ သစ်သားထည့်၊ နေရာအသစ်လုပ်ပြီး နောက်တစ်ခါ မရှင်းဖောက်၊ ယမ်းခွဲပေးခဲ့ရဦးမည်။ ဒါမှ နောက်တရှိတ်ဝင်လာလျှင် အဆင်သင့် ဆက်လုပ်နိုင်ပေမည်။ သို့မှသာ နှစ်ရှိတ်စလုံးအတွက် အခန်းများများပြီး၍‘ဘောနပ်’များများ စားရမည်မဟုတ်လား။ဘောနပ်များများစားရမှသာလျှင်. . . .
‘ပေါက်စ၊ချက်ဖောင်းနဲ့ မောင်မောင်တို့က ခါတိုင်းစောင့်နေကျ လယ်ဗယ်တွေမှာ သွားစောင့်ကြ၊ ဘယ်သူမှ မလာစေနဲ့၊ ကိုးလုံးခွဲပြီးတဲ့အသံကြားမှ စတုတ်ထဲပြန်လာခဲ့ကြ’
‘ဟုတ်ကဲ့ ယမ်းထွန်း’
ပေါက်စ၊ချက်ဖောင်းနှင့်မောင်မောင်တို့လည်း မီးခွက်ကိုယ်စီယူသွားကာ လူသွားလမ်းနေရာ ဖြစ်သည့်လမ်းဆုံများမှ သွား ရောက်စောင့်ကြပ်ရန် ထွက်သွားပေပြီ။ ဒါကလည်း အလွန်အရေးကြီးသည်။ စတုတ်တစ်ခု ယမ်းခွဲတော့မည်ဆိုလျှင် ထိုနေရာသို့ မည်သူမျှ လာခွင့်မရှိ။အဆုံးအစွန်ပြောရလျှင် သာမန်မိုင်းအလုပ်သမားကိုပင်မဆိုထားနှင့်။ မိုင်းတမိုင်း လုံးကိုအုပ်ချုပ်ရသော မိုင်းချုပ် ကိုပင် လုံးဝသွားခွင့်မပြု။ အကယ်၍ သွားခွင့်ပြုခဲ့လျှင် သူလည်းစတုတ်ထဲအရောက် ယမ်းအကွဲနှင့် တိုက်ဆိုင်ခဲ့လျှင် မတွေးဝံ့စရာ။
ထို့ကြောင့် အစောင့်တာဝန်ယူထားသူများအဖို့ တော်တော်တာဝန်ကြီးလှသည်။ ထိုနေရာ၌ လူရောက်လာလျှင် ယမ်းခွဲမှာမို့ ခေတ္တစောင့်ပေးဖို့၊ ဆက်မသွားဖို့၊ မေတ္တာရပ်ခံ စကားပြောရသည်။ အကယ်၍ ပြောမရလျှင် ထိုလူ့အားခြေထောက်ကို ရိုက်ချိုး လျှင်ရသည်။ အပြစ်မရှိ။
အကြောင်းမှာ အသက်သေသွားမှာထက် ခြေထောက်ကျိုးတာကဘာမှ မဟုတ်လှ။
ယခုလည်းပေါက်စ၊ ချက်ဖောင်းနှင့် မောင်မောင်တို့လည်း လယ်ဗယ်ဆုံများမှ နေ၍ စောင့်နေလေသည်။
တစ်ဆက်တည်းမှာပင် ယမ်းပေါက်ကွဲသံကိုးချက်ကိုလည်း နားစွင့်နေလေသည်။
ယမ်းထွန်း ဦးစံဖြိုးသည်ယမ်းကြိုး၏ ထိပ်အဖျားကို ဘလိပ်ဓားဖြင့် လိုက်ခွဲနေသည်။ တဖန်ကိုးချောင်းစလုံးကို ထပ်မံသေချာအောင် ပြန်စစ်ကြည့်သည်။ ဤကဲ့သို့ခွဲပြီးသော ကြိုးကို မီးရှို့လျှင်မီးလောင်လွယ်ကူပေသည်။
‘ရှဲ’
စက္ကင်းမောင်အေးက ပထမဆုံးကျင်းမှ ယမ်းကြိုးကို မီးရှို့လိုက်ရာယမ်းကြိုးကို မီးလောင်သောအသံ ထွက်လာသည်။ ယမ်းထွန်းက အသေအချာမီးထိုးပြထားသည်။ အပေါ်မှရေများ တစက်စက်ကျနေသဖြင့် သူတို့၏ ဦးထုပ်များအပေါ် ‘ပေါက်ပေါက်’‘ ဟူသော အသံကြားနေရလေသည်။ သည်လိုနှင့် ခပ်မြန်မြန်လိုက်ရှို့နေရသည်။လေးပေအရှည်ကြိုးတွေ ဆိုတော့နှစ်မိနစ်အတွင်း ပြီးနေမှ ဖြစ်မည်။
သည်လိုနှင့်ယမ်းကြိုးရှစ်ကြိုးမြောက်ရှို့ပြီးသွားပေပြီ။ နောက်ဆုံးကိုးကြိုးမြောက်ကို ရှို့လိုက်သည်။ ‘ရှဲ’ခနဲမြည်သံနှင့်အတူ ‘ဝှစ်’‘ဝှစ်’ ဆိုသော အသံနှစ်ခုရှေ့ဆင့်နောက်ဆင့် ကြားရပြီးပြီးချင်းပင် သူတို့၏မီးခွက်များတစ်ပြိုင်နက် ငြိမ်းသွားသည်။
‘ဟာ’
‘ဟိုက်’
အာမေဍိတ်သံပြိုင်တူထွက်ပြီးချိန်တွင် လုံးဝမည်းမှောင်နေသော အမှောင်ထုကိုသာ စက္ကင်းနှင့်ယမ်းထွန်းတို့ရင်ဆိုင်ကြရ သည်။ မမြင်ရတော့။ လုံးဝမမြင်ရတော့။ မှောင်ပိန်းနေ၏။ ပိန်းပိတ်အောင် မည်းမှောင်သွားတော့သည်။ စက္ကင်းကသူ့မီးခွက်ကို လက်ဖြင့်အုပ်ကာခပ်မြန်မြန်မီးခြစ်နေသည်။ သို့သော်သူ၏လက်မှာ ရေစိုနေသဖြင့် အချည်းနှီးသာပင်။
‘ယမ်းထွန်းလာလာ ယမ်းကွဲတော့မယ်’
စက္ကင်းက ယမ်းထွန်းလက်ကို ရှေ့မှဆွဲ၍ မြန်မြန်ထွက်လာခဲ့သည်။ ခဏကြာလျှင် ယမ်းပေါက်ကွဲတော့မည်။ ယမ်းပေါက် ကွဲတော့မည်။ ယမ်းပေါက်ကွဲတော့မည်။ စက္ကင်းက ဒီတစ်ခါတော့သူတို့နှစ်ယေက် ဒီတောင်ကကျော်လွှားနိုင်မည် မဟုတ်တော့ဘူးဟု တွေးမိလေသည်။
စက္ကင်းသည် အခါတိုင်းသွားနေကျလမ်း(လယ်ဗယ်)ဖြစ်နေ၍ မှောင်မည်းမည်းထဲမှာ အမြန်ဆုံးပြေးလျှောက်သည်။ သို့သော် ထင်သလောက်ခရီးကမပေါက်။ ယမ်းထွန်းကိုလည်း အပါဆွဲခေါ်ခဲ့သည်။ မိမိတစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်စွာ အလွတ် မရုန်းချင်။ အန္တရာယ်ထောင်ချောက်အတွင်းရောက်နေချိန်တွင် သေအတူရှင်အတူ ရင်ဆိုင်ရမည်မဟုတ် လား။ ဘ၀တူပေမို့ ပစ်ပစ် ခါခါမထားရက်နိုင်ပါတကား။
နေတိုင်းသွားနေကျမို့အမှောင်ထဲမှာ သိပ်အခက်အခဲမဖြစ်ဘဲသွားနေရသော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် ယမ်း ပေါက်ကွဲတော့မည်။အကယ်၍ ယမ်းပေါက်ကွဲလျှင်ပြင်းထန်လွန်းလှသော အရှိန်ဖြင့် လွင့်စင်လာမည့် ကျောက်ခဲ၊ ဘော်ခဲကြီးများသည် စက္ကင်းနှင့် ယမ်းထွန်းတို့အပေါ် ခဲမိုးရွာသွားပေလိမ့်မည်။ ထိုအခါ စက္ကင်းနှင့်ယမ်းထွန်းတို့သည်-
‘ကဲ မောင်အေး၊ ပြေးတော့’
ယမ်းထွန်းကနောက်မှနေ၍ စက္ကင်းကိုတအားပစ်တွန်းလိုက်သည်။ ဘုမသိဘမသိနှင့် အတွန်းခံရသဖြင့် စက္ကင်းလည်း ဝုန်း ခနဲလဲကျသွားသည်။ ချက်ချင်းပင်ကြိုးစား၍ထပြီး ရှေ့သို့အရှိန်ဖြင့်ပြေးသွားစဉ်‘ဒိုင်း’ခနဲမြည်သံကြားပြီး လူမှာဖင်ထိုင်လဲကျသွားသည်။ စက္ကင်း ခေါင်းပေါ်မှ ဦးထုပ်နှင့်လယ်ဗယ်နံရံတစ်ခု သွားတိုက်မိခြင်းဖြစ်၏။ ဟာ မိန်းလယ်ဗယ်ပါ့လား၊ စက္ကင်းပျော်သွားသည်။ ချက်ချင်းပင် အခြားဘက်တစ်ခုသို့ ချိုးကွေ့လိုက်သည်။ ဒါဆို စောစောကပြေးလာရသော လယ်ဗယ်မှ ပြေးလာမည့် ကျောက်ခဲ၊ ဘော်ခဲများရန်မှ လွတ်တော့မည်မဟုတ်လား။ ခုမှရင်ထဲမှာ ပေါ့သွားသည်။ စိတ်ပျော်သွား၏။ သို့သော် ယမ်းထွန်း ဘယ်ကျန်နေ ခဲ့ပါလိမ့်၊ လယ်ဗယ်ထဲမှာ ကျန်ခဲ့ပြီပေါ့၊ ယမ်းထွန်းဘယ်မလဲ၊ ယမ်းထွန်းဘယ်မလဲဗျို့။
‘ယမ်းထွန်း ဘယ်နားမှာလဲ၊ ဒီဘက်ကိုချိုးခဲ့’
စက္ကင်းသည် အသံကုန်ဟစ်ခေါ်လိုက်သည်။
‘ယမ်းထွန်း’
‘ဒိန်း’
ပထမဆုံးရှို့ခဲ့သော ယမ်းပေါက်ကွဲသွားပြီ၊ဟာယမ်းကွဲသွားပါပေါ့လား၊ စက္ကင်း၏ စိတ်ထဲ၌ ယမ်းထွန်းအတွက် ပူပန်စိတ် များမှာ လှိုင်းသဖွယ်တဖွားဖွားမြင့်တက်လာလေသည်။
‘ယမ်းထွန်း’
‘ဒိန်း’
‘ဒိန်း. . ဒိန်း. . ဒိန်း’
ယမ်းပေါက်ကွဲသံသည် ဆက်တိုက်ပေါ်ထွက်လာသည်။ တော်လဲသလိုတုန်ခါသွား၏။ စက္ကင်းလည်းနားကို လက်ဖြင့်ဖိအုပ် ကာငြိမ်နေလိုက်မိသည်။ ယမ်းပေါက်ကွဲသံမှာ နားပင်းသွားမတတ် ကျယ်လောင်လွန်းလှ၏။ သြော် ယမ်းထွန်းတော့ ယမ်းမှန် ခံရပြီပေါ့၊ ငါ့ကိုလွတ်အောင်တွန်းပေးလိုက်တဲ့ ယမ်းထွန်း၊ ခုတော့ကိုယ်ကျိုးနည်းရပြီပေါ့။
စောစောကယမ်းကိုးလုံးပေါက်ကွဲသဖြင့် မြေအောက်၌ တော်လဲသလိုတုန်ခါမှုမျိုးလို၊ စက္ကင်းမောင်အေး၏ ရင်ထဲမှာလည်း ယမ်းထွန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမှာ အပြင်းအထန်တုန်လှုပ်နေတော့သည်။
‘ဂလုပ် . . ဂလုပ် . . ဂလုပ် . .’
နံပါတ်ငါးလယ်ဗယ်ထဲတွင် ဖိနပ်သံတွေပေါ်လာသည်။ ကာဘိုက်မီးအလင်းရောင် (သုံး)ခုလည်း ခပ်လှမ်းလှမ်းဆီက ပေါ်လာကြသည်။ စကားပြောသံများက မတိုးမကျယ်။ တခြားလူများမဟုတ်။ ပေါက်စ၊ ချက်ဖောင်းနှင့် မောင်မောင်တို့ဖြစ်ကြသည်။ သူတို့၏ အသံများမှာ ပို၍ ကျယ်လာ၏။
‘ယမ်းအားလုံးကွဲတယ်ကွ . . . ’
‘(ကိုး)လုံးလုံးကွဲတာပဲ. . . . ’
‘ဒီတစ်ခါယမ်းကွဲတဲ့အသံကတော့တော်တော်ပြင်းတယ်. . . ’
တစ်ယောက်တစ်ပေါက် ပြောဆိုသံများမှာ လယ်ဗယ်ထဲမှာ ကစဥ့်ကလျား လွင့်မျောနေသည်။ ထိုစဉ်သူတို့၏ ကာဘိုက်မီး ရောင်အောက်၌ လူတစ်ယောက်ထိုင်နေသည်ကို မြင်တွေ့သဖြင့် ခပ်မြန်မြန်သွားကြည့်ကြ၏။
‘ဟာ. . . စက္ကင်း ဒီဘက်မှာ ဘာလုပ်နေတာလဲ. . ’
သူတို့စက္ကင်းကို တွေ့သွားကာ ပခုံးကိုဝိုင်းလှုပ်နေသည်။ စက္ကင်းမှာ ခုနက ကြောက်အားလန့်အားနှင့် နားပိတ်လျက် ထိုင်နေဆဲပင်။ အလင်းရောင်မရှိတော့ ဘယ်မှ မသွားတတ်၊ မလာတတ်ဖြစ်နေဆဲမှာပင် ယခုအလင်းရောင်ကို ဘွားကနဲ တွေ့လိုက် ရသောအခါ မျက်လုံးများ ကျိန်းစပ်သွားသဖြင့် သူတို့ရုပ်ကို ပီပီသသမမြင်ရ။
‘ယမ်း. . .ယမ်းထွန်းကော ဘယ်မှာလဲ။ မင်းတို့တွေ့ခဲ့ရဲ့လား. . . ’
စက္ကင်းက သူတို့ကိုထစ်ထစ်ငေါ့ငေါ့မေးလိုက်သည်။
‘ဘယ်သိမလဲ . . . ၊ ခင်ဗျားနဲ့ယမ်းထွန်းမီးရှို့နေခဲ့တဲ့ဥစ္စာ. . . ’
ပေါက်စက ဝင်ဖြေသည်။
‘မီးရှို့တာဟုတ်တယ်ကွ၊ ဒါပေမယ့်တို့(နှစ်)ယောက်စလုံး ရေကျလို့ မီးခွက်တွေ သေကုန်ကြတာ၊ (နှစ်)ယောက်အတင်း ထွက်ပြေးလာရတာ။ အခု. . . . ငါကဒီနားရောက် လာတာ။ ယမ်းထွန်းကတော့. . . ’
‘ယမ်းထွန်းစတုတ်ထဲ နေခဲ့ပြီပေါ့၊ ဟုတ်လား. . .. ’
ချက်ဖောင်းနှင့် မောင်မောင်ကပြိုင်တူမေးလိုက်ကြသည်။ စိုးရိမ်စိတ်များသည် အားလုံးထဲသို့ ကူးစက်သွားတော့သည်။
‘စတုတ်ထဲကျန်ခဲ့တာ မဟုတ်ဘူး၊ လယ်ဗယ်ရဲ့တစ်ဝက်လောက်မှာ ကျန်ခဲ့တယ်၊ အဲ. . .အဲ ပြောနေကြာတယ် ယမ်းထွန်းကို သွားရှာရအောင်. . . ’
‘ယမ်းထွန်းကိုတော့ ယမ်းထိသွားပြီထင်တယ်၊ တောက် . . စိတ်မကောင်းစရာပဲ. . . .’
မောင်မောင့်အသံမှာ ဝမ်းနည်းသံလွမှ်းနေသည်။ ယမ်းခိုးယမ်းငွေ့များသည် နံပါတ်(ငါး)လယ်ဗယ်ဆီသို့ တစ်စတစ်စ ရောက်လာသည်။ ယမ်းနံ့များမှာ အော့နှလုံးနာစရာ ကောင်းလောက်အောင် နံစော်လွန်းလှသည်၊ စက္ကင်းလည်း ချက်ဖောင်းဆီမှ မီး အမြန်ကူးပြီးနောက် ယမ်းထွန်းကျန်နေရစ်သော နေရာသို့ ခပ်သုတ်သုတ်ပြေးသွားကြရင်း ပါးစပ်မှလည်း ဝိုင်း၍ ခေါ်နေကြသည်။
‘ယမ်းထွန်း’
‘ဘယ်မလဲဗျို့. . . ယမ်းထွန်း. .. . ’
အားလုံးသည် ယမ်းနံ့များတထောင်းထောင်းထနေသော လယ်ဗယ်ထဲသို့ဝင်ခဲ့ကြသည်။ လယ်ဗယ်ထဲ၌ ယမ်းခိုးယမ်းငွေ့ တွေပြည့်နေသည်။ ကျောက်ခဲ၊ ဘော်ခဲများလည်း ပြန့်ကြဲနေလျက်။ ယမ်းငွေ့မှုန်ဝါးဝါးအောက်တစ်နေရာတွင် ကျောက်ခဲ၊ ဘော်ခဲကြီး များ အစုလိုက်အပြုံလိုက် ပုံနေကြသည်။ ယမ်းထွန်းကြီးကို အရိပ်အယောင်ပင် မမြင်ရသေး။ အင်း အဲဒီကျောက်ခဲပုံရဲ့အောက်မှာများ ယမ်းထွန်းကြီး ပိနေပြီလား။ သူတို့(လေး)ယောက်၏ ကာဘိုက်မီးရောင်မှာ ယမ်းငွေ့တွေလှိုင်နေသော လယ်ဗယ်ထဲမှ ကျောက်ခဲပုံဆီ ဝိုင်းထိုးထားကြသည်။ ပြန်ထူးသံ တစ်စုံတစ်ရာမကြားရသောအခါ သူတို့ပိုမိုစိုးရိမ်ကြလေသည်။ တကယ်တော့လည်း ယမ်းထွန်း သည် သူတို့အပေါ်ကောင်းခဲ့သည်ချည်းပင်။ ငယ်သားများ အပေါ်၌ အဆင်တပြေနှင့် ပြောဆိုဆက်ဆံခဲ့သူဖြစ်၏။ အခု ယမ်းထွန်း ကတိမ်းကပါး ဖြစ်သွားခဲ့လျှင် သူတို့စိတ်ကောင်းနိုင်တော့မည်မဟုတ်။ အထူးသဖြင့် သူ့မိန်းမ ဒေါ်ငွေမှုံ နှင့်ကလေး(ခြောက်)ယောက် ၏ အနာဂတ်မှာ ရင်မအေးစရာ။
စက္ကင်းနှင့်အဖွဲ့သည် ကျောက်ခဲပုံကို ရင်ထိတ်စွာ ဖယ်ရှားနေကြသည်။ ကာဘိုက်မီးရောင်မှာ ကျောက်ခဲပုံပေါ်စုကျနေသည်။ တစ်စတစ်စနှင့် ကျောက်ခဲ၊ ဘော်ခဲ ကြီးများကို ဖယ်ရှားကြရာ နောက်ဆုံး. . နောက်ဆုံးမှာတော့ . . . . ယမ်းထွန်းကို မ တွေ့ရပေ။ အားလုံးမှာ ရုတ်တရက်တွေနေကြသည်။
‘ ယမ်းထွန်း. . . ’
‘ဘယ်မှာလဲဗျို့၊ ယမ်းထွန်း. . . ’
တစ်ယောက်တစ်ပေါက် အော်ခေါ်ရင်းတစ်စတစ်ရှေ့သို့တိုးလာခဲ့ကြသည်။ ယမ်းခိုး ယမ်းငွေ့များကြောင့် ဘာကိုမျှ သဲသဲ ကွဲကွဲ မမြင်ရ။ စက္ကင်းက ကာဘိုက်မီးခွက်ကို ရေဖွင့်လိုက်သဖြင့် မီးပိုလင်းလာသည်။ အသေအချာမီးထိုးကြည့်သည်။ ထိုစဉ် စက္ကင်း၏ မီးရောင်အောက်၌ လူရိပ်တစ်ခုတွေ့နေရသည်။
‘ဟေ့. . . . ဟိုမှာ ယမ်းထွန်းကိုတွေ့ပြီကွ. . . .
ဝမ်းသာအားရနှင့်စက္ကင်းက ပြောလိုက်ရာ၊ ကျန်(သုံး)ယောက်ကလည်း စက္ကင်း ပြောသည့်နေရာသို့ လိုက်ကြည့်ကြသည်။ ပြီးသူ့အနီး ခပ်မြန်မြန်ပြေးသွားကြသည်။
ကာဘိုက်မီးရောင်အောက်၌ ယမ်းထွန်းကိုမြင်နေရသည်။ သူသည် လယ်ဗယ်၏ ဘေးရှိအခန်းဖွဲ့ထားသော ဆောင်းတိုင် (လူတစ်ဖက်ခန့်ရှိသော သစ်သားထောက်တိုင်)ကို ကွယ်လျက်၊ ဘေးကျောက်နံရံဘက်မျက်နှာမူထားကာ လက်နှစ်ဘက်က နားကို ပိတ်ထားသည်။ သူ့ကျောပြင်မည်းမည်းကြီးနှင့် ချွေးသီးချွေးပေါက်များကိုမြင်နေရသည်။
‘ ယမ်းထွန်း. . . ’
စက္ကင်းကခေါ်လိုက်သည်။ ယမ်းထွန်းသည် အံသြလွန်းသောအမူအရာ၊ အန္တရာယ် တောမှရုန်းထွက်လာရသောအမူအရာဖြင့် စက္ကင်းနှင့်အဖွဲ့သားများအားကြောင်ကြည့်နေသည်။
‘ကျွန်တော်တို့ခေါ်တာမကြားဘူးလား . . . ’
‘မကြားဘူးကွ၊ နားတွေအူသွားသလိုပဲ. . . . . ’
ယမ်းကွဲသံနှင့်အလွန်နီးကပ်သဖြင့် နားအူသွားခြင်းဖြစ်သည်။
‘ယမ်းထွန်း ဘယ်ထိသွားသေးလဲ . . . . ’
စက္ကင်းကမေးလိုက်သည်။
‘အေးကွာ၊ကံကြီးတယ်လို့ပြောရမှာဘဲ၊ မင်းကိုတွန်းလွတှ်လိုက်ပြီး ငါလည်း ဘေးကိုတန်းကပ်၊ ဆောင်းတိုင်လိုက်စမ်းတာပဲ။ ကံကောင်းချင်တော့ငါ့တစ်ကိုယ်စာလွတ်တဲ့ ဆောင်းတိုင်သွားကိုင်မိတာ။ ဒါနဲ့နားကို လက်နဲ့အတင်းဖိထားတား. . . . ’
‘ကျောက်ခဲတွေမမှန်လိုက်ဘူးပေါ့’
မောင်မောင်က ဝင်မေးသည်။
‘အေး. . မမှန်ဘူးကွ. . . ’
ထိုသို့စကားပြောနေစဉ် ဘက်ထရီမီးရောင်မြင်သောအခါ စကားရပ်လိုက်သည်။ လေဘာဘောရောက်လာသည်။ စက္ကင်းကလေဘာဘောကို ဖြစ်ကြောင်းကုန်စင်ရှင်းပြ လိုက်ရာ. . . .
‘ယမ်းထွန်းရယ်၊ နောက်တော့ ကျွန်တော်တို့ကိုစောင့်ပြီးမှ ယမ်းခွဲပါဗျာ၊ မသေကောင်း မပျောက်ကောင်း။ ဘာမှမဖြစ်လို့ ပေါ့။ တစ်ခုခုများဖြစ်ရင် ကျွန်တော်ထုချေလွှာ ရေးနေရဦးမှာ၊ အင်း. . . ယမ်းထွန်းတို့အဖြစ်က ကျောချမ်းစရာဘဲ. . . ’
လေဘာဘောက သက်ပြင်းချလိုက်သည်။
‘အေးလေ သေတစ်နေ့ မွေးတစ်နေ့ပဲဥစ္စာ၊ သေသွားရင်တော့ ဒုက်ခငြိမ်းတာပေါ့။ မသေသေးတော့လည်း အသက်ဆက်အောင် ရုန်းရကန်ရဦးမှာပဲ။ ကဲကဲ အချိန်မရှိဘူး။ စတုတ်ထဲသွားကြရအောင်၊ မြန်မြန်ဘော်ချ၊ လှည်းတွန်း၊ သစ်သားထည့်ပြီးရင် နောက်တစ် ရှိတ်အတွက် ယမ်းခွဲပေးခဲ့ရအောင်၊ အချိန်ရှိတုန်း. . . . ’
ယမ်းထွန်းက ပြောလိုက်ရာ လေဘာဘောက ဟန့်တားပြန်သည်။
‘ယမ်းထွန်းကလည်း နာရီဝက်လောက်စောင့်လိုက်ပါဦး။ယမ်းခိုးတွေကုန်သွားမှ အလုပ်လုပ်ပေါ့။အလကားနဲ့လူထိအောင်လို့...’
ယမ်းထွန်းသည် စောစောက သည်းထိပ်ရင်ဖို အဖြစ်အပျက်ကို မေ့လျော့သွားကာ မပွင့်တပွင့်ရယ်မောလျက် လေဘာဘော ကို ပြုံးပြုံးလေးနှင့် ပြန်ပြောလိုက်သည်။
‘လေဘာဘောကြီးရယ်၊ ကျုပ်တို့မှာ ဒီယမ်းငွေ့တွေနဲ့ပဲ မိတ်ဆွေဖွဲ့နေရတဲ့ဥစ္စာ၊ ဒီယမ်းခိုးတွေ အားရအောင်ရှုနိုင်မှ ကျုပ်တို့မှာနေလို့ထိုင်လို့ရတာဗျ၊ တခြားဘာကိုမှ ကျုပ် တို့မသိဘူး။ အဓိကက အခန်းများများပြီးဖို့ပဲ။ ဒါမှဘောနပ်များများ စားရမယ်။ ဘောနပ်များများစားရမှ ကျုပ်တို့မိသားစုတွေထမင်းနပ်မှန်အောင်စားရမှာမို့ပါ။ ဒါကြောင့်. . .ကျုပ်တို့မှာ ယမ်းငွေ့ကို မိတ်ဆွေဖွဲ့နေရတယ်လို့ပြောတာပေါ့။ ကဲ. . . . သွားဦးမယ်ဗျို့’
လေဘာဘောသည် ပင့်သက်ချရင်း ကာဘိုက်မီးခွက်ကိုယ်စီဖြင့် စတုတ်ဆီသွားနေ သော ယမ်းထွန်း ဦးစံဖြိုးတို့အဖွဲ့အား ငေးကြည့်နေသည်။
သူတို့(ငါး)ယောက်သည်ယမ်းခိုးတွေလှိုင်နေသော စတုတ်ထဲ၌ တိုးဝင်ပျောက်ကွယ်သွားတော့လေသည်။

(၁၉၈၇၊ စက်တင်ဘာလ၊ မိုးဝေမဂ္ဂဇင်း အမှတ် ၂၃၂)
 

No comments:

Post a Comment