Thursday, February 9, 2017


တောင်ဘုံသူ 
 ရေးသားသူ၊ ဆင်တဲဝမြတ်ဖုန်း၊ 
၁၉၈၇ခုနှစ်၊ နိုဝင်ဘာလ၊ ရှုမဝမဂ္ဂဇင်း

ဆရာအောင်သင်း၏ အမှာ စာတွင် ယင်းဝတ္ထုကိုဖတ်ပြီး လွမ်း လွမ်းဆွေးဆွေး ဖြစ်ကျန်ရစ်ကြောင်း နှင့် အလွမ်းဝတ္ထုမို့လား၊ အချစ် ဝတ္ထု မို့လား မမေးပါနှင့်၊ ကိုယ်တိုင်ဖတ် ကြည့်လျှင်သိပါလိမ့်မည်ဟု ညွှန်း ထားသည်။
+++++++++++++++++++++++++++++++

သတ္တုမုဆိုးဘဝဖြင့် 'ရေပြာစခန်း' သို့ရောက်ရှိ၍ ရက်အတန်ငယ် ကြာလာလျှင်ပင်၊ မြင်တွေ့ဆက်ဆံရသမျှ သက်ရှိ သက်မဲ့ တို့အပေါ် ကျွန်တော်၏ စိတ်ဝင်စားမှုသည် လျှော့နည်းစပြုလာခဲ့ပေပြီ။
မြေပြန့် သဲတော- ဝမ်းတွင်း လွင်ပြင်မှ အရှေ့ဘက် ရှမ်းတောင်တန်းပေါ်သို့ စတက်သည့်နေ့ကတော့ အတက်ခင်္ရီးမို့ မောဟိုက် ပင်ပန်းသည့်တိုင်၊ အမြင်သစ် အတွေ့သစ်တို့ဖြင့် စိတ်မှာ နိုးကြားလန်းဆန်းနေခဲ့လေသည်။ ရှမ်းပြည်၏ တောအထပ်ထပ်၊ တောင်အထပ်ထပ် သဘာဝရှုခင်းများကို မြင်တွေ့ မိတ်ဆက်ရလျှင်၊ ပို၍ ကြည်နူး သွားရပြန်၏။ တောင်ပေါ်ရောက်တော့၊ ရေပြာ စမ်းချောင်းလေး၏ နံဘေးရှိ အင်ပင်ကြီးများအောက်၌ အင်ဖက်တဲ ကလေးတစ်လုံး၊ မနီးမဝေး ဝါးရုံကြီးအောက်၌ ဝါးကွပ်ပျစ်လေး တစ်ခု။ နောက်ပြီး မီးခိုးအူနေသော မီးဖိုတဲ ကလေးတစ်လုံးကို တွေ့ရသည်။ တဲကလေး၏ တည်နေရာကား၊ ပြာမှိုင်းသော တောင်တန်းနောက်ခံတွင် သစ်ပင် ဝါးပင်များ ဝန်းရံထားသော နေရာဖြစ်သည်။ လမိုက်သည်ဖြစ်စေ၊ လရောင်ရွှန်းမြသည်ဖြစ်စေ၊ ဆောင်းညများတွင် နှင်းမှုန်အောက်၌ အေးစက်ငြိမ်သက်နေသော၊ ဤအင်ဖက်တဲကလေး၌ နေထိုင်ရသော 'တောဘဝ' ကို ကျွန်တော် နှစ်သက်မိခဲ့ပေသည်။
ရေပြာစခန်းကို ရောက်ရှိ စခန်းချပြီးစမှာပင်၊ ဤစခန်း၌ ယာယီ အင်ဖက်တဲငယ်ကလေးများဖြင့် မြေပြန့်မှ လာရောက် နေထိုင်ကြသော တောသူ တောင်သားများနှင့်လည်း တွေ့ဆုံမိတ်ဆက်ခဲ့ရလေသည်။ စကားစမြည် ပြောကြ ဆိုကြရင်းမှ၊ သူတို့ထံမှ သတ္တုသတင်းကိုလည်း စုံစမ်းခဲ့ရသည်။ သူတို့တစ်တွေကား လွှဆွဲသူ၊ မီးသွေး ဖုတ်သူ၊ သစ်ခုတ်သူ၊ ပွဲ့လျက်ခွာသူ၊ သစ်စေးထိုးသူနှင့်၊ တောလိုက်သူများသာတည်း။
ကျွန်တော့်အဖွဲ့မှ သတ္တုရှာဖွေရေး အဖွဲ့ဝင် ဘူမိဗေဒ ဝန်ထမ်းလေးဦးနှင့် ပက်သက်၍လည်း စိတ်ဝင်တစား လေ့လာ စူးစမ်းခဲ့ရပေသည်။ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ ယဉ်ကျေးမှုရှိသူလော၊ လူမှုရေးနားလည်သူလော။ ခရီးထွက်လာပြီဆိုကတည်းက ဤလူတွေနှင့်အတူသွား၊ အတူစား၊ အတူအိပ်၊ အတူအလုပ်လုပ်ရမည်မို့၊ သူတို့တစ် ဦးစီ အကြောင်းကို သိရှိထားဖို့က အရေးကြီးလှသည်။ တစ်အိမ်တည်း အတူနေကြသူတွေချင်းပင် တစ်ခါတစ်ရံ အဆင်မပြေ ဖြစ်တတ်ကြသည့် သဘာဝကို သိရှိထားပြီး ဖြစ်သည့်အလျောက်၊ ဤသို့သော သူစိမ်းတစ်ရံဆံများနှင့် အတူ နေရစဉ်၌ အခန့်မသင့် မကျေမလည် ဖြစ်စရာများကို ရှောင်ရှားနိုင်ရန်အတွက်၊ သူတို့တစ်ဦးစီကို သိရှိနား လည် ထားအပ်သည် မဟုတ်ပါလော။
ရက်ကြာလာတော့လည်း၊ မြင်တွေ့ဆက်ဆံရသမျှ ရိုးအီလာခဲ့လေပြီ။ သဘာဝရှုခင်းအလှများမှာလည်း ဘာမျှ မဆန်းတော့သလိုပင်။ စခန်းမှ ဒေသခံလူများနှင့်လည်း အထွေအထူး ပြောဆိုစရာ စကားအဆန်းတကြယ် မရှိတော့ပြီ။ မိမိအဖွဲ့ဝင် တစ်ဦးစီကိုလည်း အကဲခတ်နိုင်ခဲ့ပြီးပြီ။ သူတို့တစ်တွေနှင့် အလုပ်သဘောပြောဆို ဆက်ဆံ မှုမှအပ၊ ထူးထူးထွေထွေ စိတ်ဝင်စားစရာကား မရှိလှတော့ပေ။ မနက်လင်း၍ မျက်စိနှစ်လုံးပွင့်လာလျှင်၊ ဤမျက်နှာ တွေကိုချည်း မြင်နေရသည်ကပင် ကြာတော့ ငြီးငွေ့စရာ ဖြစ်လာတော့သည်။ အပြောင်းအလဲဟူ၍ လုံးဝမရှိ။ ရက်များစွာ အတောအတွင်း၌ မျက်နှာသစ်တစ်ဦးတလေကိုမျှ မမြင်မတွေ့ရခြင်းမှာ စိတ်ကို များစွာပင် သည်းမခံနိုင် စရာ ဖြစ်လာပေတော့သည်။
ထိုသို့သော စိတ်ဝင်စားဖွယ်ရာများ ခေါင်းပါးစ ပြုလာနေချိန်တွင်၊ 'မြင့်မြင့်တင်' ကို ကျွန်တော်တွေ့ခဲ့ရ ခြင်းကား၊ စိတ်ဝင်စားဖွယ်ရာ တစ်မျိုးပင် ဖြစ်ပါတော့သည်။
မြင့်မြင့်တင် ဟူသော အမည်နာမကား၊ ခွေးသူခိုးမ တစ်ကောင်ကို ဤရေပြာစခန်းမှ လူများက ပေးထားသော နာမည်ပေတည်း။ စားစရာဟူသမျှကို လူလစ်လျှင်လစ်သလို အလွတ်မပေးဘဲ ခိုးစားတတ်သဖြင့်၊ သူ့ရန်မှ လွတ်ကင်းရန် စားစရာများကို စင်မြင့်မြင့်ဆောက်၍ တင်ထားရသည်မှအစပြု၍၊ ဤနာမည်ကို ရရှိလာခြင်း ဖြစ်ပေသည်။ မြင့်မြင့်တင်ကား တောရွာများ၌ သာမန်တွေ့မြင်နေကျ ခွေးနီမ တစ်ကောင်သာတည်း။ ထူးခြားချက်ဟူ၍ ဘာမျှမရှိ။ ကျွန်တော်တို့အဖွဲ့ ရေပြာစခန်းသို့ ရောက်ရှိချိန်တွင် မြင့်မြင့်တင်ကို ရောပြာစခန်းသူ စခန်းသားများက တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အမဲလိုက်နေချိန် ဖြစ်ပေသည်။ ဟိုတဲက ထမင်းအိုးကို နှိုက်စားသွားပြန်ပြီ။ သည်အိမ်က ဟင်းအိုးတော့ ပြောင်သွားပြန်ပြီ။ ဆဲဆိုရေရွတ်သံများ၊ ကျိန်ဆဲသံများ၊ ကြိမ်းဝါးသံများကို မကြားချင် အဆုံး ကြားနေရသည်။ ''ဆရာတို့ ထမင်းအိုး ဟင်းအိုးနဲ့ စားစရာတွေကို မြင့်မြင့်တင် မမီအောင် ဂရုစိုက်ထား ကြနော်'' ဟူ၍၊ ကျွန်တော်တို့ကိုလည်း ဝိုင်းဝန်းသတိပေးကြသည်။ သည်သို့ဖြင့် ကျွန်တော်သည် မြင့်မြင့်တင် အပေါ် စိတ်ဝင်တစား ရှိလာရတော့သည်။
ထိုအချိန်၌ မြင့်မြင့်တင်မှာ အစားအစာကို ကျွေးမည့်သူမရှိရသည့်အထဲတွင်၊ မွေးပြီးစ ခွေးကလေး ငါးကောင် ကိုပါ နို့တိုက်နေရပြန်သဖြင့်၊ ပိန်ချုံးနေပုံမှာ အရိုးနှင့်အရေသာ ကျန်ရှိတော့သည်။ စက္ကန့်တိုင်း၌ သူမတွင် အသစ်အသစ်သော ဆာလောင်မွတ်သိပ်မှုသည် ပေါက်ဖွားနေပေမည်။ သူ့ဝမ်းပူဆာရုံမျှသာမက၊ ကလေးငယ်များ၏ ဝမ်းကပါ ပူဆာနေသဖြင့်၊ လူအလစ်ကို ချောင်းပြီး ခိုးပြီးရင်းသာ ခိုးနေရတော့သည်။ သည်ပြစ်မှု များအတွက် ပေးဆပ်ခဲ့ရသည့် ပြစ်ဒဏ်များကလည်း မနည်းလှတော့ပြီ။ လှံဖြင့် အထိုးခံရ၍ ကျောကို ရှပ်မှန်သွား သည်က တစ်ကြိမ်၊ အရိုက်အနှက် ခံရသည်ကတော့ အကြိမ်ပေါင်းများနေ၍ ရိုးနေပေပြီ။ တစ်ကြိမ်ကဆိုလျှင် မုဆိုးကြီး ဦးရှု၏ မီးဖိုပေါ်ကျပ်တင်ထားသော တောဝက်သားခြောက်ကို ခိုးစားမိသဖြင့် တူမီးဖြင့် လိုက်အပစ်ခံရ ခဲ့ရာ၊ ကံကောင်း ထောက်မ၍သာ အသက်နှင့်ခန္ဓာ အိုးစားမကွဲခဲ့ရခြင်း ဖြစ်ပေသည်။
ရေပြာစခန်း၌ အင်ဖက်တဲ ရှစ်လုံး၊ ကိုးလုံးရှိရာ၊ တဲတိုင်း၌ပင် အိမ်စောင့်ခွေးများ တစ်ကောင်စ၊နှစ်ကောင်စ ရှိကြသည်ချည်းဖြစ်၍၊ မြင့်မြင့်တင်ကော ယခင်က မည်သူ့တဲကပါနည်းဟု စုံစမ်းကြည့်တော့မှပင်၊ သူမ၏ နောက်ကြောင်းရာဇဝင်ကို သိရှိလာရပါတော့သည်။
ရေပြာစမ်းချောင်းလေးသည် ရေပြာစခန်းကိုဖြတ်၍ အရှေ့ဆီသို့ စီးဆင်းလျက်ရှိရာတွင်၊ ရှစ်မိုင်ခန့်အကွာ၌ ပန်းလောင်မြစ်တွင်းသို့ စီးဝင်ရာ၊ 'တောင်ဘုံ' အမည်ရှိသော ရွာသည် ထိုချောင်းအဆုံ၌ တစ်ချိန်က ရှိခဲ့ဖူးလေ၏။ ပန်းလောင်မြစ်ကိုပိတ်၍ ကင်းတားဆည် တည်ဆောက်ပြီးနောက် ဆည်ရေလှောင်သည့်အခါတွင်၊ ရေမြုပ်ဧရိယာ အတွင်းကျရောက်သည့် အခြားသော'နေရောင်ကာ'၊ 'ညောင်ကြပ်' ရွာများနည်းတူပင်၊ တောင်ဘုံရွာကိုလည်း မြစ်သားမြို့နယ်အတွင်း 'အောင်ချမ်းသာ' ရွာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ရလေသည်။ အိမ်တွေကိုဖျက်၊ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပြောင်းကြရွှေ့ကြ၍ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌ ခွေးမတစ်ကောင်သည် ရွာမှ ပျောက်ကွယ်သွားသော မိမိ၏ သခင်များကို လိုက်လံရှာဖွေရင်းဖြင့်၊ ရေပြာစခန်းသို့ ရောက်ရှိခဲ့လေတော့သည်။
ရေပြာစခန်း၌လည်း၊ တဲတိုင်းတွင် သူ့ခွေးနှင့်သူ ရှိပြီးသားဖြစ်နေသည်။ ခွေးထီးလည်းမဟုတ်၍ ခွေးမအပို တစ်ကောင်ကို မည်သူကမျှ လက်မခံလိုကြ။ လူတွေအတွက် စားနပ်ရိက္ခာကိုပင်၊ မြေပြန့်ရွာများမှ တောင်တက် ခရီးကို အပန်းတကြီး သယ်ယူကြရသည်ဖြစ်ရာ၊ တောင်ပေါ်စခန်းမှ လူများအဖို့မှာလည်း ခွေးတစ်ကောင်ကို ကျွေးမွေးထားဖို့တာဝန်သည် မသေးငယ်လှပေ။ သို့ဖြင့် ဤခွေးမကို မည်သူကမျှ ကျွေးမထားလိုကြ၊ ကျွေးမထား နိုင်ကြ။ ခွေးမအဖို့ကား၊ မိမိ၏သခင်များကို တွေ့ရှိနိုင်ဖို့ လမ်းစလည်း ပျောက်ခဲ့ပြီ။ ဤတော ဤတောင်အတွင်း၌ လည်း မှီခိုစရာ လူနေစခန်းဟူ၍ ဤရေပြာစခန်းတစ်ခုတည်းသာ ရှိနေသည်ဖြစ်ရကား၊ အိုးခြေ အိမ်ခြေမဲ့ ဘဝဖြင့် ဤစခန်းမှာပင် ခွေးသူခိုးမအဖြစ် ကပ်ရပ်နေထိုင်ရင်းမှ၊ မြင့်မြင့်တင် ဟူသော အမည်နာမကို ရရှိခဲ့ခြင်းမျှသာ ဖြစ်ပေသည်။
မြင့်မြင့်တင်သည် ဤစခန်း၌ အသစ်တိုးလာသော ကျွန်တော်တို့တဲကို ဂရုပြုမိဟန်တူ၏။ သူမသည် အလစ်ချောင်းလျက်၊ မဝံ့မရဲဖြင့် ခိုးကြောင်ခိုးဝှက် ကြည့်ကာ၊ ကျွန်တော်တို့တဲင်္ဆီသို့ သွေးတိုးစမ်း ဝင်စပြုလာ၏။ အိုးခွက်များနှင့် ဟင်းချက်စရာများကို စင်မြင့်မြင့်ပေါ်တင်ထားသည်ဖြစ်၍ ခိုးစားမည့်အန္တရာယ်ကို စိုးရိမ်စရာ မရှိသဖြင့်၊ သူမဝင်လာသည်ကို အသာပင် မမြင်ဟန်ပြု၍ နေလိုက်ကြသည်။ မြင့်မြင့်တင်သည် ထမင်းလုံးအစအန များကို လိုက်ကောက်စား၏။ အရိုးအပိုင်းအစများကို တွေ့သော် ဝမ်းသာအားရ ကိုက်ဝါး၏။ သို့ရှိစဉ် လူရိပ်မြင်လျှင် လှစ်ခနဲ ချုံထဲတိုးဝင်သွား၏။ ကျီးလန့်စာ စားနေရသည့် သရုပ်ကား ပီပြင်လှ၏။ သူမသည် ချုံကြားမှ လူရိပ်လူခြည် ကို စောင့်ကြည့်အကဲခတ်နေ၏။ ကျွန်တော်တို့က သူမကို ဂရုမပြုဘဲ ကိုယ့်ကိစ္စနှင့်ကိုယ် လှုပ်ရှားနေကြောင်း သိရတော့၊ တစ်ခေါက်ပြန်ဝင်လာပြန်သည်။ အရိုးများကို အားပါးတရ ကိုက်ဝါးပြန်၏။ ရုတ်တရက် ထမင်းရည်ငှဲ့ ထားသော ဝါးဆစ်မြောင်းကို တွေ့သော်၊ အငမ်းမရပင် တစွပ်စွပ် သောက်တော့၏။ စားသောက်စရာကုန်သော်၊ သူမသည် ကျွန်တော်တို့ကို လှည့်ကြည့် လှည့်ကြည့်ဖြင့် အသာပင်ပြန်ထွက်သွား၏။ သို့ဖြင့် သူမသည် ကျွန်တော်တို့ စားသောက်ပြီးချိန်တိုင်း ရောက်ရှိလာတတ်ပြီး၊ ထမင်းကျန် ဟင်းကျန်နှင့်ထမင်းရည်များကို စားသောက်ပြီး ပြန်ပြန် ထွက်သွားလေ့ရှိသည်။ တဖြည်းဖြည်းနှင့် သူမသည် ကျွန်တော်တို့တဲသို့ အဝင်ရဲလာတော့၏။ ခိုးကြောင် ခိုးဝှက် ဟန်ပန်သည် ပျောက်စပြုလာ၏။ အစားတစ်လုတ် တုတ်တစ်ချက် အခြေအနေမျိုး မဟုတ်တော့သဖြင့်လည်း ချွတ်ခနဲ ရှိလျှင် လန့်ထိတ် ရှောင်တိမ်းတတ်သော အမူအရာလည်း ပျောက်စပြုခဲ့လေပြီ။

ရက်အတန်ကြာသော်၊ သူမသည် စားသောက်ပြီးလျှင် ယခင်ကလို အပြင်သို့ ပြန်ထွက်မသွားတော့။ သူမ၏ ခွေးကလေးများလည်း နို့လွတ်ပြီဖြစ်၍ လိုချင်သူများက ခွဲယူကုန်ကြသဖြင့်၊ သူတို့ထံသို့ သွားစရာမလိုတော့ သောကြောင့်လည်း ဖြစ်ပေသည်။ သူမသည် စားစရာ သောက်စရာကုန်လျှင်၊ ကွပ်ပျစ်အောက်မှာပင် အေးအေးလူလူ ခွေနေတော့သည်။ ကျွန်တော်တို့ သူမအနားသို့ ကပ်သွားလျှင်၊ အမြီးကို လှုပ်ယမ်းနှုတ်ဆက်၏။ ဦးခေါင်းကလည်း ဝမ်းသာရွှင်မြူး ကြိုဆိုဟန် ပြု၏။ တစ်စတစ်စဖြင့် ကျွန်တော်တို့သည် မြင့်မြင့်တင် အပေါ်စိုးရိမ်စိတ် လျော့ပါးလာ ကြတော့သည်။ ထမင်းအိုး ဟင်းအိုးများကို စင်ပေါ် မတင်မိသည့်အခါတွင်လည်း၊ မြင့်မြင့်တင်သည် လှန်လှော စားသောက်ခြင်း မပြုတော့သည်ကို သတိပြုမိလာရသည်။ သည်သို့ဖြင့် သူမအပေါ် တစ်စ တစ်စဖြင့် ယုံကြည်မှု တိုးပွားလာရတော့သည်။
နောက်တော့ သူမသည် ည၌လည်း ကျွန်တော်တို့တဲမှ မပြန်တော့ပေ။ ကွပ်ပျစ်အောက်မှာပင် အိပ်နေ တော့သည်။ တဖြည်းဖြည်းနှင့် သူမသည် ကျွန်တော်တို့တဲကိုပင် သူမ၏နေအိမ်အဖြစ် သတ်မှတ်လိုက်ပုံ ရပေသည်။ ထမင်းချက် ဦးငြိမ်းမောင်သည်လည်း တစ်စ တစ်စနှင့် သူမအပေါ် စေတနာထားလာသည်ကို တွေ့လာရသည်။ ထမင်းရည်ခွက်ထဲတွင် ထမင်းကြမ်းခဲ အချို့ကိုပါ ချေမွထည့်ပြီး ခေါ်ကျွေး၏။ သူမက အမြီးတလှုပ်လှုပ်၊ ခါးတယမ်း ယမ်းဖြင့် ဝမ်းသာရွှင်မြူးစွာ လာစား၏။ ဦးငြိမ်းမောင်ကို ကြည့်သော သူမ၏ အကြည့်တွင် ကျေးဇူးတင်မှုတွေ များစွာ ပါဝင်နေပေလိမ့်မည်။
ည၌ အပြင်မှ လူစိမ်းများ တဲဆီသို့ ဝင်လာလျှင်၊ သူမက ဆီးပြီးဟောင်၏။ တဲ၏လုံခြုံရေးကို သူမ စောင့်ရှောက်နေကြောင်း သက်သေပြလိုက်ခြင်းပင်။ ကျွန်တော်တို့က ''ဟဲ့- ကောင်မ၊ တိတ်စမ်း"""'' ဟု ငေါက် လိုက်လျှင်၊ အမြီးကုပ်ပြီး ငြိမ်ကျသွား၏။ ထမင်းရှင်၏ အမိန့်ကို နာခံသည့်သဘောပင်။ တခြားခွေးများ ကျွန်တော်တို့ တဲနားဆီလာလျှင်၊ သူမက မာန်လွှတ်၏။ 'ငါ့အိမ် ငါ့ယာနား မကျူးကျော်လာနဲ့၊ ငါ့မှာလဲ အိုးပိုင် အိမ်ပိုင်နဲ့ဟေ့""' ဟု ဂုဏ်ယူဝင့်ြွကားစွာ ဆိုနေသယောင်ပင်။ တကယ်တော့- တဲနားသို့ ကပ်လာသော ခွေးထီးများကို သူမသည် အဘယ်မှာလျှင် နိုင်နိုင်ပါအံ့နည်း။ မနိုင်ပေမယ့်၊ သူ့သခင် ကျွန်တော်တို့ကို အသိပေး တိုင်တန်းခြင်း ဟု နားလည်ရ ပါသည်။ ကျွန်တော်တို့က ပစ်ခတ် ခြောက်လှန့်လိုက်လျှင်၊ တခြားခွေးများ အဝေးသို့ ရှောင်ပြေးကုန်ကြသည်။ ထိုအခါကျမှ သူမသည် စိတ်ချလက်ချဖြင့် ဦးခေါင်းကို ပြန်ချကာ၊ ခွေမြဲခွေနေတော့သည်။
မြင့်မြင့်တင်သည် ကျွန်တော်တို့တဲသို့ ရောက်ရှိပြီးနောက်၊ အခြားတဲများသို့ သွားရောက်၍ ခိုးစားခြင်း လုံးဝမပြုတော့ပေ။ ကျွန်တော်တို့တဲ၌လည်း စားစရာများကို ပစ်စလက်ခတ် ထားပြီး အမျိုးမျိုးစမ်းသပ်ခဲ့ရာ၊ သူမအား ကျွေးသော အစာမဟုတ်လျှင် မစားကြောင်းကို ခိုင်လုံစွာ တွေ့ရှိလာရတော့သည်။ သူမ၏ ကောင်း သတင်းသည် ရေပြာစခန်းမှ လူများ၏ နှုတ်ဖျားသို့ တစ်စတစ်စ ရောက်ရှိလာတော့၏။ သူမသည် တဖြည်းဖြည်းနှင့် အသားအရေလည်း ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာ၏။ လှုပ်ရှားရာ၌လည်း ရဲဝံ့သွက်လက်လာ၏။ ကုပ်ချောင်းချောင်း ဟန်အမူအရာသည် သူမထံ၌ လုံးဝပျောက်ကွယ်ခဲ့လေပြီ။ သူမကို သေလုမျောပါး ရိုက်နှက်ခဲ့ဖူးသူများကိုပင်၊ ကျွန်တော်တို့တဲသို့ ဝင်လာပါက၊ ယခင်ကလို ထွက်ပြေးတိမ်းရှောင်စရာ မလိုတော့ရုံမျှသာမကတော့ဘဲ၊ သူမကပင် တစ်ကျော့ပြန်၍ မာန်မဲကြိမ်းဝါး၍ နေနိုင်လေပြီ။ ယခုအချိန်၌ ကျွန်တော်တို့ မခေါ်ပါဘဲလျက်၊ တဲသို့ သူ့သဘောနှင့် သူရောက်ရှိလာသော မြင့်မြင့်တင်သည် ကျွန်တော်တို့အတွက် အိမ်စောင့်ခွေးကောင်းတစ်ကောင် ဖြစ်လာပြီဖြစ်၍၊ သူမ၏နာမည်ကို မြင့်မြင့်တင်အစား၊ သူမ၏ဇာတိဌာနေကို ဖော်ထုတ်သောအားဖြင့် 'တောင်ဘုံသူ' ဟူ၍ ကျွန်တော်က မှည့်ခေါ် လိုက်ပါတော့သည်။
တောင်ဘုံသူသည် ကျွန်တော်တို့ အဖွဲ့ဝင်တွေအနက်၊ သူမကို ဂရုတစိုက်ကျွေးမွေးသော ဦးငြိမ်းမောင်နှင့် ကျွန်တော့်ကို ပို၍ ချစ်ကြည်ဟန်ပြပါသည်။ သတ္တုရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပြီး၍ တောထဲမှ ကျွန်တော်တို့ ပြန်လာလျှင်၊ တောင်ဘုံသူသည် အမြီးနှန့်ကာ ဆီးကြို၏။ လူကို ပွတ်သီးပွတ်သပ်လုပ်၍ ဝမ်းသာရွှင်မြူးဟန်ဖြင့် အသံတစ်မျိုးကို ပြုတတ်၏။ နောက်ကျတော့ ကြိုဆိုရုံသာမကဘဲ၊ တဲ၏တောင်ဘက်အပေါက်မှထွက်၍ တောထဲသို့ ကျွန်တော်သွားသည်ကို မြင်လိုက်လျှင်၊ နောက်က လိုက်လာတော့သည်။ ကျွန်တော်၏ရှေ့မှ၊ နောက်မှ၊ နံဘေးမှ၊ ပူးတုံခွာတုံ။ တစ်နေရာ၌ အနံ့ခံပြီး ကျန်ခဲ့လိုက်၊ အတော်ကြာတော့- နောက်ကပြေးလာလိုက်၊ ကျွန်တော့် ကို ကျော်တက်လိုက်ဖြင့် သူမသည် ကျွန်တော၏ အစောင့်ရဲဘော်အဖြစ် တာဝန်ယူနေဟန်ပေါက်နေလေသည်။ တောင်ဘုံသူသည် တောထဲ၌ ကျွန်တော်တို့ အလုပ်လုပ်ရာ မနီးမဝေး ဝန်းကျင်တစ်ဝိုက်တွင် သွားလာ လှုပ်ရှားနေတတ်သည်။ လူဆီသို့ ပြန်လာလိုက်၊ ပြန်သွားလိုက်၊ လှုပ်လှုပ်ရှားရှား တစ်စုံတစ်ခုမြင်လျှင် ထိုးဟောင် လိုက်ဖြင့် နေ့လယ် ၁- နာရီလောက်ရှိလျှင် သူမသည် လူနားကပ်လာပြီး၊ တဟင်ဟင်ဖြင့် ဆာလောင်သော အသံကို ပြုတတ်သည်။ သို့ရာတွင် ကျွန်တော်တို့ အလုပ်က အပြီးမသတ်သေးသဖြင့် မပြန်နိုင်သေးလျှင်၊ သူမသည် ဘယ်တော့မျှ တစ်ကောင်တည်း ပြန်မသွားဘဲ ပေကပ်ပြီး စောင့်နေသည်။ ကျွန်တော်တို့ ပြန်မှသာ လိုက်ပြန်လေ့ ရှိသည်။
တစ်နေ့မှာတော့ တောထဲမှာ အလုပ်လုပ်နေရင်း နေမြင့်လာချိန်တွင် တောင်ဘုံသူသည် လူနားကပ်၍ တဟင်ဟင်"""အသံပြုပြီး ရုတ်တရက် ပျောက်သွားသည်။ ဆာလောင်လွန်း၍ တဲသို့ပြန်သွားပြီဟု ထင်လိုက် မိသည်။ သို့ရာတွင် ထင်သည့်အတိုင်း၊ မဟုတ်ချေ။ ကျွန်တော်တို့ ပြန်ခါနီးတွင် မြက်တောထဲမှ ထွက်လာသည်။ ကျားသစ်စား၍ကျန်ရစ်ဟန်တူသော ချေ ခြေထောက်တစ်ချောင်းကို ချီလာသည်။ အပြန်ခရီး၌၊ သူမသည် လူသွား လမ်းမှ ဘေးဖဲ့၍ ဝပ်ပြီး အရိုးကို ကိုက်သည်။ ကျွန်တော်တို့က သူမကိုကျော်သွားလျှင်၊ အရိုးကိုချီပြီး နောက်က အပြေးလိုက်လာသည်။ နောက်"""၊ ကျွန်တော်တို့ကို ဖြတ်ကျော်ပြီး ရှေ့ကနေ ပြေးသည်။ အတန်ကြာတော့ လမ်းဘေးဖဲ့၍ အရိုးကို ကိုက်ပြန်သည်။ သို့ဖြင့် အရိုးကို ကိုက်လိုက်၊ ပြေးလိုက်ဖြင့်၊ တဲအနီးသို့ ရောက်တော့မှပင် ချေခြေထောက်ရိုးကို ချပစ်ခဲ့တော့သည်။
တချို့သော ညနေခင်းများတွင်၊ ကျွန်တော်သည် စခန်းပတ်ဝန်းကျင်ရှိ အင်တိုင်းတောထဲ လျှောက်၍ လှည့်ပတ်သွားလာလေ့ရှိပေသည်။ ဘာရယ်တော့ မဟုတ်။ စိတ်အပန်းဖြေစရာ ဘာမျှမရှိသော တောထဲမှာ အနေကြာလာတော့၊ စိတ်ပျံ့လွင်လှသောကြောင့် ဖြစ်ပေသည်။ အုပ်လိုက်ပျံသန်း မြည်ြွေကးနေကြသော ကြက်တူ ရွေးအုပ်များ၊ သစ်ပင်ပေါ်သို့ အလန့်တကြား ပြေးလွှားခုန်တက်သွားကြသော ရှဥ့်ကလေးများ၊ ဒါတွေကို ကြည့်ပြီး ငြီးငွေ့စိတ်ကို မေ့ဖျောက်ပစ်ရသည်။ ကျွန်တော် တဲတောင်ဘက်ပေါက်မှ ထွက်သည်ကို မြင်လိုက်လျှင်၊ တောင်ဘုံသူသည် ကျွန်တော့်နောက်သို့ လိုက်လာတတ်ပြန်ပေသည်။ မြောက်ဘက်အပေါက်မှ ထွက်လျှင်တော့၊ တောထဲ သွားခြင်းမဟုတ်၍ လိုက်လေ့မရှိပေ။ အင်တိုင်းတောထဲ၌ ဟိုနားသည်နား အနံ့ခံနေစဉ် ကျွန်တော်က လေချွန်၍ ခေါ်လိုက်ပါက၊ တောင်ဘုံသူ သည် လေ၏ လျင်မြန်ခြင်းမျိုးဖြင့်၊ ကျွန်တော့်အပါး ရောက်လာတတ်သည်။ ကျွန်တော်က ခဲတစ်လုံးကို ကောက်ပြီး ချုံပုတ်တစ်ခုထဲ ပစ်သွင်းလိုက်လျှင်၊ သူမသည် ချုံပုတ်ရှိရာသို့ တစ်ဟုန်ထိုးပြေးသွားပြီး ထိုးဟောင်တော့သည်။ သူမ၏ ဟန်ပန်မှာ တကယ့်တောလိုက်ခွေးတစ်ကောင်နှယ်ပင် ဖြစ်နေတော့သည်။ တောင်ဘုံသူသည် ထိုအပြုအမူ၌ များစွာ ကြည်နူး ရွှင်ပျနေဟန် ရှိပေသည်။ မြင့်မြင့်တင် ဘဝတုန်းက လှုပ်ရှားရပုံမျိုးနှင့်ကား ဘာဆိုဘာမျှ မဆိုင်တော့ပေ။ တစ်ညနေတွင်တော့၊ ရိုးလေးတစ်ခုကို အကူးတွင် မသွားတတ် မလာတတ် ဖြစ်နေသော တွင်းထွက်ပွေး တစ်ကောင်ကို သွားတိုးမိ၏။ ဘာပြောကောင်းမည်နည်း။ ကျွန်တော်ပစ်လိုက်သော ကျောက်ခဲတစ်လုံးက ပွေးအနီးသို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက်၊ တောင်ဘုံသူသည် ပွေး၏ဦးခေါင်းကို ကိုက်ခဲ ခါယမ်းပစ်လိုက်လေပြီ။ နောက်- ပွေးသေကောင်ကို ကျွန်တော့်ရှေ့ယူလာပြီး ချပေး၏။ ပွေးကို အနံ့ပြန်ခံပြီး အမြီးလှုပ်ယမ်းနေသည်မှာ သူမများစွာ ကျေနပ်အားရနေကြောင်း ပြသနေခြင်းပင်။ သူမ၏ ထမင်းရှင်ကို သူမက အတုံ့အလှည့် ပြန်ပြီး ပြုစုနိုင်ပြီဆိုပြီး ကြည်နူး သည့်သဘော ဖြစ်ပေလိမ့်မည်။ ထိုညက ပွေးသားဟင်းဖြင့် ထမင်းမြိန်ကြသော အဖွဲ့ဝင်များ၏ တောင်ဘုံသူအား ချီးကျူးသံများကား ညံနေတော့သည်။
တချို့ညများမှာတော့၊ ကျွန်တော်သည် တောကြောင်လိုက်ရာတွင် ပါသွားတတ်၏။ ချမ်း၍ လှုံရသော ထင်းမီးဖို၏ အလင်းရောင်မှတစ်ပါး အခြားဘာမျှ မရှိသော ညများသည် ပို၍ပင် ငြီးငွေ့ ဖွယ်ကောင်းလှသဖြင့်၊ နေ့စားအလုပ်သမားများ ဖြစ်ကြသော ဖိုးဆိုး၊ တင်ဝင်း တို့နှင့်အပျင်းပြေ တောထဲလိုက်သွားခြင်းဖြစ်လေသည်။ တင်ဝင်း၏တဲမှ 'ဘိုကြီး' နှင့် 'ကျားကောင်' ဆိုသော ခွေးနှစ်ကောင်သည် တောကြောင်လိုက်ရာ၌ အထူးကျွမ်းကျင်ကြ၏။ အမှောင်ထု ကြီးစိုးလာပြီ ဆိုလျှင်၊ တဲမှထွက်၍ တောတွင်းသို့ဝင်ပြီး အနှံ့လျှောက်သွားကြတော့၏။ တောတွင်း၌ တောကြောင်ကို တွေ့လျှင် တောကြောင်သည် နီးရာသစ်ပင်ပေါ် တက်ပြေး၏။ ခွေးများသည် သစ်ပင်ပေါ်မှ တောကြောင်ကို ဘာမျှ မလုပ်နိုင်။ တောကြောင်ကလည်း အောက်သို့မဆင်းရဲတော့။ သည်အခြေအနေတွင် ခွေးများသည် လူကြားအောင် ဟောင်တော့၏။ ခွေးဟောင်သံကို တစ်ခါတစ်ရံ ညဦးပိုင်းတွင် ကြားရ၏။ တစ်ခါတစ်ရံ ညဥ့်နက်နက် အိပ်ပျော်ကောင်းချိန်တွင် ကြားရ၏။ခွေးဟောင်သံကြားရာသို့ လူက လက်နှိပ်ဓာတ်မီး၊ လေးခွတို့ဖြင့် ထ လိုက်သွားရသည်။ သစ်ပင်ပေါ်ကို ဓာတ်မီးဖြင့် ထိုးပြီး တောကြောင်ကို ပစ်ချရ၏။ လေးခွမှန်၍ အောက်သို့ကျပြီး တောကြောင်ကို ရသည်လည်း ရှိ၏။ လေးခွပစ် ချက်များကို ရှောင်ရှား ခုန်ချသဖြင့် ခွေးများက ဝိုင်းကိုက်၍ တောကြောင်ကို ရသည်လည်း ရှိ၏။
တစ်ခါတစ်ရံမှာတော့ လူက ခွေးများကို တစ်ပါတည်းခေါ်ပြီး တောကြောင် လိုက်တတ်၏။ ခွေးများကလည်း သိ၏။ အိမ်ကတည်းက လူနှင့်ထွက်လျှင်၊ လူကို ဖယ်ခွာပြီး တောထဲဝင်၏။ တောကြောင်ကို မတွေ့သေးလျှင် လူသွားလမ်း ပေါ်ရှိ သခင့်ထံသို့ ပြန်ပြန်လာ၏။ ရှေ့ရောက်သော် တောထဲထပ်ဝင် ပြန်၏။ ဤသို့ဖြင့် လူနှင့် အဆက်အသွယ် မပြတ်ပြု လုပ်သွားလေ့ရှိ၏။
ကျွန်တော်လိုက်သည့် တစ်ခုသောညက ခွေးများကို တစ်ပါတည်း ခေါ်သွား၏။ စခန်းအပြင်ဘက်ရောက်တော့၊ ကျွန်တော့်မှာ တအံ့တသြ ဖြစ်ရလေတော့သည်။ အကြောင်းမှာ ဘိုကြီး၊ ကျားကောင် ဆိုသော ခွေးထီးများနှင့်အတူ တောင်ဘုံသူ ပါလာသောကြောင့်တည်း။ တောင်ဘုံသူသည် ကျွန်တော်တဲ၏ တောင်ဘက်ပေါက်မှ ထွက်သည်ကို မြင်သဖြင့် လိုက်လာခဲ့ခြင်း ဖြစ်ဟန်တူ၏။ သူမ၏ သွင်ပြင်ဟန်ပန်မှာ တကယ့်တောလိုက်ခွေးပမာ မြူြးွကနေ၏။ ခွေးထီးများနှင့်လည်း တရင်းတနှီး ဖြစ်နေ၏။ သို့ဖြင့် သူမကို ပြန်မလွှတ်တော့ဘဲ ခေါ်လာခဲ့၏။ တောနက်ပိုင်းသို့ ရောက်သော် ခွေးများကို လူသွားလမ်းမှ ဖယ်ခွာ၍ တောတွင်းသို့ဝင်ရန် အသံပြုအချက်ပေးလိုက်၏။ ချက်ချင်းပင် ခွေးများသည် အမှောင်ထုအတွင်း ပျောက်ကွယ်သွားကြတော့သည်။ တောင်ဘုံသူလည်း ကျားကောင်တို့နှင့်အတူ ပျောက်ကွယ်သွားလေပြီ။
တောတွင်း ညသည် ပိုးကောင်မွှားကောင်တို့၏ အော်မြည်သံမှ တစ်ပါး တိတ်ဆိတ် ငြိမ်သက် နေပေသည်။ ဆောင်းညသည် အချိန်နှောင်းသော် ပို၍ ချမ်းစိမ့်လာသဖြင့်၊ တောထဲမှာပင် ထင်းခြောက်တွေစုပြီး မီးလှုံရင်း ခွေးများကို စောင့်ကြရ၏။ ခွေးများသည် ဟိုမှသည်မှ တစ်ကောင်ပြီး တစ်ကောင် ရောက်ရှိလာကြ၏။ သူတို့တောကြောင်ကို မတွေ့ ခဲ့ကြသေးပေ။ သို့ဖြင့် ရှေ့သို့ ခရီးဆက်ပြန်၏။ ခွေးများလည်း တောတွင်းသို့ ဝင်ကြပြန်၏။ ထိုသို့ သွားကြရာတွင် သန်းခေါင်ကျော် အချိန်လောက်မှာပင် ခွေးဟောင်သံများကို ကြားရသဖြင့်၊ ဓာတ်မီးထိုးပြီး သစ်ပင်ချုံနွယ်ပိတ်ပေါင်းတို့ကို တိုးဝှေ့ ကျော်လွှားကာ လိုက်ကြရသည်။ ကျွန်းပင်ကြီးတစ်ပင်အောက်တွင် ခွေးသုံးကောင် အပေါ်ကို ခေါင်းမော့ပြီး ဟောင်နေကြ၏။ အပင်ပေါ်ကို လက်နှိပ်ဓာတ်မီးထိုး၍ တောကြောင်ကိုရှာ၏။ တော်တော်နှင့် မမြင်ကြရ။ ကြောင်သည် ည၌ အရောင်တောက်သော သူ့မျက်လုံးများကို အောက်မှ လူများက မမြင်လွယ်အောင် အပေါ်သို့ မော့ထားဟန် တူပေသည်။ အတန်ငယ်ကြာတော့မှ သစ်ရွက်အကြိုအကြား၌ တောကြောင်ကိုမြင်ရပြီး၊ ထိုခဏမှာပင် ဖိုးဆိုး၏ လေးခွ လက်ချက်ဖြင့် တောကြောင်အောက်သို့ ကျခဲ့ရလေသည်။
အပြန်ခရီးတွင် တောင်ဘုံသူသည် ကျားကောင်တို့နှင့်အတူ မြူးထူးလိုက်ပါလာခဲ့၏။ နောက်တစ်နေ့တွင် တောကြောင်သား စားကြရသော အဖွဲ့ဝင်များက တောင်ဘုံသူကို ချီးကျူးကြပြန်၏။ တောကြောင်ကို စတင်တွေ့ ခဲ့သူမှာ သူမ ဟုတ်ချင်မှ ဟုတ်ပေမည်။ သို့ရာတွင် တောလိုက်ရာ၌ သူမပါခဲ့၏။ ခွေးထီးများနှင့် ရင်ဘောင်တန်းပြီး နက်လှစွာသော တောကိုတိုးခဲ့၏။ သစ်ကျုတ်ရန် ကြောက်ရသည့် တောထဲသို့ သူမသည် စွန့်စား၍ ဝင်ခဲ့ပြီးလေပြီ။ တောကြောင်၏ အရိုးအရင်းမျှကိုသာ ကိုက်ဝါးရပေမင့်၊ တောင်ဘုံသူကား ယခုမှပင် 'ခွေးရာဝင်ပါပေါ့လား' ဟူ၍ ဂုဏ်ယူဝမ်းမြောက် နေကောင်းနေပေလိမ့်မည်။
သို့ဖြင့် အချိန်များစွာသည် ကုန်လွန်ခဲ့လေပြီ။ အချမ်းပေါ့စ ပြုလာ၏။ အင်တိုင်းတော၌ ရော်ရွက်တို့ြွေကစ ပြုလေပြီ။ နွေဦးအခါသမယ၏ တောသဘာဝ ရှုခင်းကား ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်လှပေ၏။ ပင်ယံထက်၌ ရော်ရွက် တို့သည် ဝါသည်လည်းရှိ၏။ ညိုသည်လည်းရှိ၏။ နီသည်လည်းရှိ၏။ တချို့ကား မြအသွေး ရွှေရေးလုဆဲပင်။ ရှင်ဥတ္တမကျော်၏ တောလားကို ပြေးပြီး သတိရလိုက်မိသေး၏။ ဝန်းကျင်တစ်ခိုတွင်ကား မြူတွေ ဆိုင်း၍ မှိုင်းရီဝေနေ တော့သည်။
ကျွန်တော်တို့၏ ကွင်းဆင်းလုပ်ငန်းများ ပြီးဆုံးပြီဖြစ်၍ ရန်ကုန်သို့ ပြန်ရန်အချိန်သို့ ရောက်ရှိခဲ့လေပြီ။ မနက်လင်း သည်နှင့် တပြိုင်နက် အဖွဲ့သားများသည် ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ပစ္စည်းများကို သွက်သွက်လက်လက် သိမ်းဆည်း ကြရာ၊ မကြာမီ အားလုံး အဆင်သင့်ဖြစ်နေတော့သည်။ အထမ်းသမားများလည်း ရောက်ရှိလာကြပေပြီ။ ပစ္စည်းများကို အလျှို အလျှို ထမ်း၍ ထွက်သွားကြတော့၏။ ကျွန်တော်တို့သည် ဤစခန်းကို စွန့်ခွာသည်နှင့် တပြိုင်နက် တောင်ဘုံသူကို ထားရစ်ခဲ့ရပေတော့မည်။ တောင်ဘုံသူသည် ခါတိုင်းကလိုပင် ကွပ်ပျစ်အောက်၌ ခွေနေ၏။ မျက်စိကမူ နေ့တိုင်းနှင့်မတူ။ ထူးခြားစွာ လှုပ်လှုပ်ရှားရှားဖြစ်နေသော လူများကို ကြည့်နေ၏။ သို့ရာတွင် ကျွန်တော်တို့က သူမအား ထားရစ်ခဲ့ပြီး ပြန်သွားကြလိမ့်မည် ဟူ၍လည်းကောင်း၊ သူမသည် မကြာမြင့်သော ကာလတစ်ခုတွင် ခွေးသူခိုးမ မြင့်မြင့်တင်၏ ဘဝသို့ ပြန်လည်ဆိုက်ရောက်သွားလိမ့်မည်ဟူ၍ လည်းကောင်း သူမ မျှော်လင့်ထားလိမ့်မည်ကား မဟုတ်ချေ။ ဤတဲငယ်သည် သူမအတွက် ထာဝရ၊ ဤသခင်များသည် သူမ အသက်ရှင်ရပ်တည်ရေးအတွက် ထာဝရ၊ သခင်များနှင့် သူမ၏ ချစ်ကြည်ရင်းနှီးမှုသည် ထာဝရဟု စွဲမြဲနေပေလိမ့်မည်။ သူမကား လောလောဆယ်၌ ဘာမျှသိရှာလိမ့်ဦးမည် မဟုတ်သေးချေ။ ကျွန်တော်သည် တောင်ခြေ မြေပြန့်သို့ ဆင်းရန်အတွက် တောထဲဝင်သည့် တောင်ဘက်အပေါက်မှ မထွက်ဘဲ၊ တဲစခန်း၏ မြောက်ဘက်အပေါက်မှ ထွက်မည်ဖြစ်၍၊ သူမသည် ခါတိုင်းကလို ကျွန်တော့်နောက်သို့ လိုက်လာ လိမ့်မည်လည်း မဟုတ်ပေ။ အကယ်၍ သူမလိုက်လာသည် ဆိုစေဦးတော့၊ ကျွန်တော် မည်သို့ခေါ်သွားနိုင်ပါမည်နည်း။ ကျွန်တော်သည် ကျောပိုးအိတ်ကို ပိုးလိုက်၏။ တဲစခန်း၌ လူများ မကျန်တော့ပြီ။ ထမင်းချက်ကြီး ဦးငြိမ်းမောင် သည်ပင် တောင်ဘုံသူကို ကြည့်ကွက် ကြည့်ကွက် လုပ်၍ ထွက်ခွာသွားခဲ့လေပြီ။ ကျွန်တော်သည် နောက်ဆုံး ထွက်ခွာရမည့် သူပင်တည်း။ ကျွန်တော်သည် တောင်ဘုံသူရှိရာသို့ လျှောက်သွားလိုက်၏။ သူမက ခါတိုင်းကလိုပင် ခေါင်းမော့ပြီး အမြီးကို လှုပ်၍ နှုတ်ဆက်ရှာ၏။ ထိုခဏ၌ ကျွန်တော်သည် သူမအား စကားတွေ အတော်များများ ပြောခဲ့ချင်၏။ ကျွန်တော် မည်သို့ပြောနိုင်ပါမည်နည်း။ ကျွန်တော့်ရင်ထဲမှာ လေးလံ ထိုင်းမှိုင်းနေပေသည်။ 'ကံဆုံသမျှ ပဲပေါ့ တောင်ဘုံသူရယ်' အသံမထွက်ဘဲ ရင်ထဲမှာပင် ရေရွတ်လိုက်မိ၏။ တောင်ဘုံသူနှင့် ကျွန်တော့်ကြား၌ မမြင်ရသော သံယောဇဉ်ကြိုး၏ ခိုင်မြဲသော နှောင်ဖွဲ့ မှုကို ယခုအခါတွင် ကောင်းစွာ သိလာရပေပြီ။ အံကိုသာ ကြိတ်လိုက်မိ၏။ ကျွန်တော်သည် တောင်ဘုံသူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး၊ နောက်ဆုံး၌ တောင်ဘုံသူနှင့် တကွ ၅-လ ကြာ စခန်းချ နေထိုင်ခဲ့ရသော အင်ဖက်တဲကလေးကို ကျောခိုင်းလိုက်တော့သည်။
ရေပြာချောင်းကို ဖြတ်ကျော်ခဲ့ပေပြီ။ ပေါင်းမိုးလိုဖြစ်နေသော ကြီးလှစွာသော ဝါးရုံပင်ကြီးအောက်မှ ဖြတ်ဝင်ရ၏။ တောင်တက် ခရီးလမ်းခုလတ်ရောက်တော့ နောက်သို့ ပြန်လှည့်ကြည့်မိ၏။ ရေပြာစခန်းသည် သစ်ပင်ဝါးပင် တို့ကြား၌ မြုပ်နေလေပြီ။ တစ်ခုသော တဲစခန်း၏ ကွပ်ပျစ်အောက်တွင်ကား၊ တောင်ဘုံသူသည် လဲလျောင်းလျက်ပင် ခွေမြဲ ခွေနေ ပေလိမ့်မည်။ ညနေတိုင်လျှင်"""၊ နောက်တစ်ရက် နှစ်ရက်တိုင်လျှင် တဲစခန်းသို့ ပေါ်မလာတော့သော သူမ၏ သခင်များကို တောင်ဘုံသူသည် ရေမြေအနှံ့ လိုက်လံရှာဖွေ နေလိမ့်ဦးမည်တကား။
 

No comments:

Post a Comment