Thursday, February 9, 2017

နမ္မတူ-ဘော်တွင်းမှာ အာစရိယပူဇော်ပွဲ ဘယ်တော့ကျင်းပဖြစ်မှာလဲ

ဆင်တဲဝမြတ်ဖုန်း
သူရိယနေဝန်းဂျာနယ် (အတွဲ ၁၊ အမှတ် ၁၃၄၊ ၂၈-၁-၂၀၁၇)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခြားမြို့တွေနဲ့မတူ
နမ္မတူနဲ့ဘော်တွင်းအထက် တန်းကျောင်းနှစ်ခုလုံးမှာ တတိယ အကြိမ်မြောက် အာစရိယ ပူဇော်ပွဲများကျင်းပကြတော့မှာဆိုတဲ့သတင်းထွက်လာတော့သက်ဆိုင်သူ တွေလှုပ်လှုပ်ရွရွဖြစ်သွား ကြသည်။ ဖေ့စ်ဘုတ်တွေမှာရေးကြ၊ မေးကြ၊ ဖြေကြ၊ အလှူငွေတွေ ထည့်ဖို့လှုံ့ ဆော်ကြ၊ အလှူငွေဘယ်လောက် ထည့်မယ်ဆိုပြီး အဆိုပြုကြဖြင့် တက်ြွကသော လှုပ်ရှားမှုတွေကို မြင် တွေ့လာရသည်မှာ အားရစရာ။
ဒါများဘာဆန်းသလဲ။ တစ်နိုင် ငံလုံးအနှံ့အာစရိယပူဇော်ပွဲတွေ ကျင်းပနေတဲ့ဥစ္စာ။ နမ္မတူ-ဘော် တွင်းက အခြားမြို့တွေနဲ့ ဘာကွာ ခြားလို့ ဒီအကြောင်းကိုရေးနေတာ လဲလို့ မေးချင်သူများ ရှိကောင်းရှိ မှာပါ။ ဟုတ်ကဲ့။ ဆရာတွေကို ကန် တော့ကြမှာကတော့ အတူတူပါပဲ။ ဒါပေမယ့်...။ ထူးခြား တာတော့ ရှိနေတာအမှန်ပါ။
အခြားသောမြို့တွေမှာ အ ကန်တော့ခံဆရာအများစုက မိမိ တို့မြို့နှင့်ဝန်းကျင်မှာပင် ရှိနေတတ် ကြသည်။ကန်တော့ကြမည့် ကျောင်း သားအများစုကလည်း ထိုနည်း နှင်နှင်သာ။ ရပ်ဝေးမှာ ရောက်နေ ကြသူများလည်းမရှိမဟုတ်ရှိသည်။ သို့သော်နည်းသည်။ သို့ဖြစ်၍ အာစ ရိယပူဇော် ပွဲကျင်းပမည်ဆိုသောအ ခါစုစည်းဖို့လွယ်ကူသည်။ သွားရေး လာရေးကလည်း လွယ်ကူကြတာ များသည်။
နမ္မတူ-ဘော်တွင်းကားထိုသို့ မဟုတ်။ ဒေသခံဆိုတာအလွန်နည်း သည်။ ဘော်တွင်းမိုင်းသို့ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီကတည်းက မြေ ပြန့်မှအလုပ်လာလုပ်ကြသူ များမှာ တစ်နိုင်ငံလုံးနေရာအနှံ့မှ ဖြစ်ကြ သည်။ တိုင်းရင်းသားပေါင်းစုံ၊ ဘာ သာပေါင်းစုံ။ သူတို့သည် နမ္မတူ-ဘော်တွင်းမှာ အချိန်ကာ လတစ်ခု အထိ ကွန်းခိုခဲ့ကြပြီး အခြေအနေ တစ်ခုမှာ ဝေးရာသို့ ရွက်လွှင့်ကုန် ကြသည်။ သို့ရာတွင် သူတို့သည် နမ္မတူ-ဘော်တွင်းကို မ မေ့နိုင်ကြ။ အခွင့်သာလျှင်အလွမ်းပြေလာ ရောက်ချင်ကြသည်။ ဤအချက်က အခြားသော မြို့များနှင့် မတူကွဲပြား ခြားနားနေခြင်းပင်။
နမ္မတူ-ဘော်တွင်းအာစရိယ ပူဇော်ပွဲသို့ အကန်တော့ခံ ဆရာ များရော၊ ကျောင်းသားဟောင်းများ ပါ ရန်ကုန်၊ မော်လမြိုင်၊ နေပြည် တော်၊ တောင်ကြီး၊ မုံရွာ၊ မြစ် ကြီးနား၊ ပြင်ဦးလွင်၊ သီပေါ၊ လား ရှိုး၊ မူဆယ် ...စသည့်ရပ်ဝေးနယ် အသီးသီးမှ နမ္မတူ-ဘော်တွင်းသို့ လာရောက်စုဝေးကြရသည်။ နမ္မတူ-ဘော်တွင်းဆိုတာကလည်း အလွန် ဝေးလံသီခေါင်လှသည့် တရုတ်နယ် စပ်နှင့် နီးသော နယ်စွန်နယ်ဖျားမှာ ရှိနေသည်ဖြစ်၍ တော်တော်တန် တန် စိတ်ဓာတ်နှင့်တော့ သည်ခရီး ကိုလာရန်ဖြစ် နိုင်မည်မဟုတ်ပါပေ။
ထို့ကြောင့်ပင် နမ္မတူ-ဘော် တွင်းမှာ အာစရိယပူဇော်ပွဲဖြစ် မြောက်အောင် အခြားဒေသများ ထက်ပိုပြီး အားထုတ်ကြရသည်။ အပင်ပန်းခံကြရသည်။ သို့ဖြင့် လှုံ့ ဆော်မှုတွေများများ လုပ်နေကြရ ခြင်းပင်။
အထိမ်းအမှတ်စာစောင်
အာစရိယပူဇော်ပွဲ အထိမ်း အမှတ်စာစောင်တစ်ခု ထုတ်ဝေလို သဖြင့် စီစဉ်ပေးပါရန် ဦးဆောင် သူများက ကျွန်တော့်ထံအကူအညီ တောင်းလာကြသည်။ ကျွန်တော် သည် ဘော်တွင်းမိုင်းမြို့လေးမှာ ၉နှစ်ကျော်မျှ နေထိုင်ခဲ့ပြီး ဘော် တွင်းစာပေလှုပ်ရှားမှုကို ဦးဆောင် ခဲ့သူတစ်ဦးလည်းဖြစ်၍ ထိုသို့ ဆက် သွယ်လာကြခြင်းပင်။ ဘော်တွင်း နှစ်တစ်ရာပြည့်စာစောင်ကိုလည်း ကျွန်တော်ပင်ဦးစီး၍ အောင်မြင်စွာ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ သောကြောင့် လည်း သူတို့က ရန် ကုန်မှာ နေထိုင် လျက်ရှိသူ ကျွန်တော့်ကိုအပူကပ် ကြခြင်းပင်။
အာစရိယပူဇော်ပွဲကို နမ္မတူ နှင့်ဘော်တွင်းမှာ ၂၀၁၆ခုနှစ်မကုန် မီ ဒီဇင်ဘာ၂၈ရက်နှင့်၂၉ရက် တို့မှာ ကျင်းပနိုင်ရန် စီစဉ်ဆောင် ရွက်နေ ပါသတဲ့။ သို့ဖြင့်စာစောင်ကို ထိုရက် မတိုင်မီ ဖြန့်ဝေရမည်ဖြစ်၍ စာမူ များကို ဖေ့စ်ဘုတ်မှ အမြန်ခေါ်ပြီး ပုံနှိပ်တိုက် နှင့်ဆက်သွယ် ဆောင် ရွက်ရပါတော့သည်။
လပြည့်လင်းပုံနှိပ်တိုက်မှာ စာမူ တွေအပ်ပြီးမကြာမီမှာပင် စိုးရိမ် ထိတ်လန့်ဖွယ် သတင်းတွေကို ဆက် တိုက်ဆိုသလိုကြားလာရပါတော့သည်။
ပြည်တွင်းစစ်၏ တိုက်ပွဲ ခေါ်သံတွေ
ယခင်က မကြုံခဲ့ဖူးသော လား ရှိုးနှင့်မူဆယ်ကြား ၁၀၅မိုင် ကုန် သွယ်ရေးစခန်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဝင် ရောက်တိုက်ခိုက်ရာမှ စစ်မီးသည် ရှမ်းပြည်နယ်အရှေ့မြောက် ပိုင်းတစ် ခွင်သို့ ကူးစက်တောက် လောင်သွား တော့သည်။ ဖောင်း ဆိုင်၊ မုံကိုး၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ နှင့်နမ့် ဆန်...နေရာအနှံ့။ စစ်ရှောင် ဒုက္ခသည်များလည်း ဟိုပြေးသည် ပြေး။ သတင်းစာတစ်စောင်မှာ စစ်ရှောင်ဒုက္ခသည်များ၏ စာရင်း ဇယားကို တွေ့လိုက်ရတော့ ကျွန် တော်မျက်လုံးပြူးသွားမိတော့သည်။ စစ်ရှောင်ဒုက္ခသည်အများဆုံးက နမ္မ တူဖြစ်နေပါ့လား။ ဘုရား... ဘုရား ...။ နမ္မတူ-ဘော်တွင်းသို့ သွားမည်ဆိုလျှင်လားရှိုးမှ အနောက် မြောက်ဆီသို့ ၄၂မိုင် ဝေးသော ကားလမ်းဖြင့် သွားကြရသည်။ လားရှိုးနှင့် နမ္မတူကြားမှာလည်း တိုက်ပွဲဖြစ်သံတွေ ကြားနေရသည်။ သည်လိုပုံဖြင့်.. အာစရိယပူဇော် ပွဲကျင်းပမည့် နမ္မတူ-ဘော်တွင်းသို့ ဘယ်လိုဘယ်ပုံသွားကြရပါမည်နည်း။
မကြာပါ။ နမ္မတူ-ဘော်တွင်း အာစရိယပူဇော်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ရက်နေ့မှ ၂၀၁၇ခုနှစ် မတ်လ ၂၂ရက်နှင့်၂၃ရက်သို့ ရွှေ့ ပြောင်းလိုက်ကြောင်း သတင်းစ ကားရောက်လာတော့သည်။ ထိုသ တင်းကြားရတော့ ကျွန်တော်စိတ် ထင့်သွားမိသည်။ အာစရိယပူဇော် ပွဲဖြစ်မှဖြစ်ပါ့ဦးမလား။
ဤအခြေအနေမှာပင်စာစောင် ကိုတော့ ဆက်လုပ်နေရသည်။ ပုံနှိပ် တိုက်ကိုလည်း လုပ်ငန်းအပ်ထားပြီ မဟုတ်ပါလား။
ရန်ကုန်မှာ အေးဆေးနေသော် လည်း ရှမ်းပြည်နယ်အရှေ့ မြောက် ပိုင်းမှာတော့ မငြိမ်မသက် ဖြစ်နေ သည်။ တည်တည်ငြိမ်ငြိမ်မရှိ။ ဒေသခံတိုင်းရင်းသားတွေခမျာစကော ထဲထည့်အလှိမ့်ခံနေရသလို စစ် ရှောင်စခန်းတွေမှာအတိဒုက္ခရောက် နေကြရရှာသည်။ ယခုရက်များ၌ စစ်မီးတောက်လောင်လာပုံမှာ နယ်ခံတွေသာမက ငြိမ်းချမ်းရေးကို အမှန်လိုလား သူ နိုင်ငံသားအားလုံး ပင် အလွန်အမင်း စိုးရိမ်နေရသည့် အခြေအနေကိုဆိုက်နေရပါပြီ။
တကယ့်အချိန်မှာမှ..၊ နမ္မတူ-ဘော်တွင်းအာစရိယပူဇော်ပွဲကို ကျင်းပရန်စီစဉ်မိခဲ့ကြသည်။
အားတက်သရောဖြင့် အလှူ ငွေတွေကောက်ခံလိုက်ကြသည်မှာ လည်း အတော်လေးရပြီးနေကြပြီ။ အကန်တော့ခံမည့် ဆရာတွေနှင့် ကန်တော့ကြမည့်ကျောင်းသားဟောင်း တွေကလည်း ခြေ လှမ်းတွေပြင်နေ ကြပြီ။ သို့ရာတွင်... ။
အညိုရောင်၊ အနက်ရောင် နယ်မြေ
ကျွန်တော် ဘော်တွင်းက ထွက် ခွာခဲ့လာသည်မှာပင်နှစ်၃၀ကျော်ခဲ့ပြီ။
၁၉၇၅ခုနှစ်မှ ၁၉၈၄ခုနှစ်ထိ ကျွန်တော်နေခဲ့စဉ်က နမ္မတူနှင့် ဘော်တွင်းတို့၌ မြို့တွင်းမှာတော့ အဖြူရောင်ဟုဆိုနိုင်ပါလိမ့်မည်။ ဒါတောင် တစ်ခါတစ်ရံ ညိုချင် သေးသည်။ နမ္မတူမြို့ထဲမှာ တံခါး ခေါက်လို့ဖွင့်ပေးလိုက်တာနဲ့ ပစ် သတ်သွားတာမျိုးကြုံခဲ့ရသေးသည်။ လားရှိုး-နမ္မတူကားလမ်းနှင့်သီပေါ -နမ္မတူကားလမ်းတစ်လျှောက်က တော့ ညိုလိုက်၊ နက်လိုက်။လားရှိုး-နမ္မတူကားလမ်းမှာ အစိုးရပိုင်မိုင်း (သတ္တုတွင်း)ကားတွေ ရံဖန်ရံခါ အပစ်ခံခဲ့ရသည်။ သေကြကျေကြ တာတွေလည်း ရှိခဲ့သည်ပင်။ နမ့် မျှော်-နမ္မတူရထားလမ်းမှာ ကျောက် မီးသွေးမီးရထား စက်ခေါင်းကို မိုင်း ဖြင့် ဖောက်ခွဲတာမျိုး ကြုံရသဖြင့် စက်ခေါင်းရှေ့မှာ ဘာမျှမပါသော တွဲပက်လက် တစ်ခုချိန်တပ်ထားရ သည်။ မိုင်းနင်းမိလျှင် ထိုတွဲပက် လက်ကိုပဲ ထိပါစေပေါ့။ စက်ခေါင်း ကို မိုင်းမထိအောင် ကာကွယ်ထား သည့်သဘောပင်။ သို့ပေမယ့် အဲဒီတွဲ ပက်လက်ပေါ် မှာလူတွေအပြည့်။
အဲဒီခေတ်က ယခုလိုအဆင့် မြင့်အဝေးပြေးကားကြီးတွေဆိုတာ ဝေးလွန်းလှပါသေးသည်။ အိပ်မက် ထဲမှာပင် မမက်နိုင်သေး။ သီပေါ-နမ္မတူ ၄၂မိုင်လမ်းကို စစ် ကြိုခေတ် က လက်ကျန်ချက်ဗ လက်ကားအို ကြီးတစ်စီး ပြေးဆွဲခဲ့ သည်။ နမ္မတူမှ မနက်ထွက် နေ့လယ်သီပေါမှပြန်။ အဲဒီကားကြီး နာမည်က ]]ကျေးဇူး ရှင်}}တဲ့။ တကယ့် ကျေးဇူးရှင်အစစ် ပါပဲ။ တစ်စီးတည်းသာ ရှိသောအ ဆိုပါကားကြီးကို မမီလိုက်လျှင် ခရီး မဆက်နိုင်တော့။ ဒါကြောင့်တကယ့် ကျေးဇူးရှင်အစစ်။ကားနောက်ခန်း မှာ အိတ်တွေ၊ တောင်းတွေ၊ ခြင်း တွေ၊ သေတ္တာတွေ၊ ကုန်ပစ္စည်း တွေ တင်ထားတာအပြည့်။ လူ တွေက ဖြစ်သလို ထိုင်လိုက်ကြရ သည်။ ထိုစဉ်က မိုးတေရွာနားမှာ ဒုဋ္ဌဝတီ မြစ်ကိုလည်း (တံတားမထိုး ရသေး လို့) သံမဏိကြိုးထိန်းဖောင် ဖြင့် ကူး ကြရသေးသည်။ ထိုကားကြီးဖြင့် လိုက်ပါလာစဉ် တစ်ခု သောခရီး၌ ကျွန်တော်တို့မိသားစုမှာ လက်နက် ကိုင်သူပုန်တွေ(၁၀ ယောက်ခန့်)နှင့် ပက်ပင်းတိုးခဲ့ရ သေးကော။ တော် ပါသေးရဲ့။ သူတို့ကဓားပြလိုက်ဖမ်း နေကြတာဖြစ်လို့ ကျွန်တော်တို့ ခရီးသွားတွေကို ရန်ရှာခြင်းမပြု ခဲ့ကြ။သို့ပေမယ့်ကျွန်တော်တို့ အတော်လေးကြောက်သွားခဲ့ကြသည်
ဘော်တွင်းမြို့ထဲမှာတော့ မိုင်း အလုပ်သမားတွေကို ပြည်သူ့ စစ်ဖွဲ့ ပေးထားသည်။ ပြည်သူ့စစ်က နှစ်မျိုး။ တစ်မျိုးက ရှေ့တန်း ပြည် သူ့စစ်၊ သူတို့က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ပွဲဝင် ကြရမည်ဟုဆိုပါသည်။ ယူနီဖောင်း တွေဝတ်ပြီး အလှည့်ကျ ကင်းစောင့် ကြရသည်။ နောက်တစ်မျိုးက နောက်တန်းပြည်သူ့ စစ်။ သူတို့က ယူနီဖောင်းမဝတ်ရ။ ကင်းမစောင့်ရ။ အကယ်၍ သူပုန် များမြို့ကိုဝင်စီးပါ က အရပ်သားတွေကို ကာကွယ် စောင့်ရှောက်ရန် မီးတွေလောင်လျှင် ငြှိမ်းသတ်ရန် တာဝန်တွေသတ်မှတ် ပေးထားပါသည်။ နှစ်ကြိမ်တိုင်တိုင် (သူပုန် များဝင်လာလျှင် အငိုက်မိမခံ ရအောင်)ဥဩတွေဆွဲ၊ သံချောင်း တွေခေါက်ပြီး ရီဟာဇယ်လုပ် (ဇာတ် တိုက်လေ့ကျင့်)ကြရပါသည်။ ပြည် သူ့စစ်(အထူးသဖြင့် ရှေ့တန်း ပြည် သူ့စစ်)ထဲဝင်ချင်အောင် ဆုပေး စနစ်ဖြင့် ရာထူးတိုးမြှင့်ပေးရာမှ ပြည်သူ့စစ်အမှတ်ဆိုပြီး အမှတ် ပိုပေးခဲ့တာကြုံခဲ့ရပါသည်။ဒါကြောင့် လည်းပြည်သူ့စစ်ထဲ ဝင်ချင်သူတွေ မနည်းခဲ့ပါဘူး။
ထိုသို့ ကြိုတင်ကာကွယ်မှု တွေ လုပ်နေသည့် ကြားမှပင်၊ ဘော်တွင်း မြို့အစွန်အဖျား မီးရထားသံလမ်း ပေါ်မှာပင် နိုင်ငံခြားသား ဂျာမန်လူ မျိုးတစ်ယောက်ကို တိုင်းရင်းသား သူပုန်နှစ်ဦးက ပြန်ပေးဆွဲသွားသည့် ဖြစ်ရပ်တစ်ခုကြုံခဲ့ရသေးသည်။ လုံခြုံရေးအလို့ငှာ တပ်မတော်သား နှစ်ဦးက အနီးကပ်လိုက်ပါခဲ့သည့် တိုင် သူတို့နှစ်ဦးလုံး ပစ္စတိုဖြင့် အနီး ကပ်ပစ်သတ်ခြင်းခံလိုက်ရသည်။ ထိုဂျာမန်သည် ထိုစဉ်က သတ္တုရှာ ဖွေ ရေးလုပ်ငန်းလာရောက် ဆောင် ရွက်နေသော ဂျာမန်ဘူမိဗေဒမစ် ရှင် (ွနမာညွေနသူသါငခေူ ငျြငသည) မှဖြစ်ပါသည်။ (သုံးလကျော်ခန့်ကြာ ပြီးမှ ထိုဂျာမန်ပြန်လည် လွတ် မြောက်သွားခဲ့ပါသည်။)
အဲဒါတွေကတော့ ကျွန်တော် နမ္မတူ-ဘော်တွင်းမှာ နေခဲ့စဉ်က လုံခြုံရေးအခြေအနေပင်။
ထို့နောက်၁၉၉၄ခုနှစ် လောက် မှစ၍ အပစ်အခတ်ရပ်စဲရေးတွေ သဘောတူညီခဲ့ကြပါသဖြင့်သေနတ် သံတွေ မကြားရတော့ဘဲ ချိုးဖြူ တွေပျံသန်းစပြုခဲ့သည်။ သို့နှင့် ယခင်အာစရိယပူဇော်ပွဲ(၂၀၁၃) ခုနှစ်နှင့် ဘော်တွင်း သတ္တုတွင်းနှစ် တစ်ရာပြည့်ပွဲ(၂၀၁၄) ခုနှစ်များမှာ ဘော်တွင်းမိုင်းမြို့လေးသို့ ကျွန် တော်ပြန်ရောက်ခဲ့ရာတွင် မြို့တွင်း မှာရော လမ်းခရီး (သီပေါ-နမ္မတူ လမ်းရော၊ လားရှိုး- နမ္မတူလမ်းမှာ ပါ)တိတ်ဆိတ် ငြိမ်သက်အေးချမ်း နေသည်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ ပါသည်။ ငြိမ်းချမ်းရေး၏ အရသာ ကို နယ်မြေခံလူထု(အထူးသဖြင့် ဒေသခံတိုင်းရင်းသားများ)အချိန် ကာလတစ်ခုအထိ ခံစားခဲ့ရသည် ဟု ဆိုနိုင်ပါသည်။
ယခုသော်ကား ...။
နမ္မတူ-ဘော်တွင်းကို လွမ်း နေကြပါသလား
သေနတ်သံတွေကို တစ်ဖက် ကနားစွင့်နေရင်းနှင့်ပင် အာစရိယ ပူဇော်ပွဲအထိမ်းအမှတ်စာစောင်ကို တော့ ဒီဇင်ဘာ၁၆ရက်မှာ အပြီး သတ်ဆောင်ရွက်လိုက်ပါသည်။ နှစ်စဉ်ကျင်းပနေကျ နမ္မတူ-ဘော် တွင်းမှာနေခဲ့ကြသူများ၏ တွေ့ဆုံ ပွဲကို ရန်ကုန်တက္ကသိုလ်ဂျက်ဆင် ခန်းမ၌ ဒီဇင်ဘာ၁၇ရက်မှာ ကျင်း ပမည်ဖြစ်၍ ထိုပွဲအမီ စာစောင်ကို ထုတ်လိုက်ခြင်းပင်။ အဆိုပါတွေ့ ဆုံပွဲကို ခရစ်ယာန်ဘာသာဝင်များ က ဦးဆောင်ကြသော်လည်း နမ္မတူ-ဘော်တွင်းမှာ နေထိုင်ခဲ့ကြ သူများ ဘာသာမရွေး၊ လူမျိုးမရွေး အား တက်သရော ပျော်ပျော်ပါးပါး တက် ရောက်လာလေ့ရှိသည့်ပွဲဖြစ် ပါ သည်။ လူဦးရေကို မခန့်မှန်းနိုင် သော်လည်း ခန်းမကြီးတစ်ခုလုံး ပြည့်လျှံလို့။
ကျွန်တော်က အခမ်းအနား စီစဉ်သူများနှင့် ကြိုတင်ညှိနှိုင်း လျက် ဂျက်ဆင်ခန်းမအဝင်မှာ ဗီ နိုင်းနှစ်ခုချိတ်ဆွဲပြီး ]]အာစရိယပူ ဇော်ပွဲအထိမ်းအမှတ်၊ ဘော်တွင်း ပုံရိပ်ခံစားမှုစာစုများ}}အမည်ပေး ထားသော စာစောင်ကို အာစရိယ ပူဇော်ပွဲရန်ပုံငွေအတွက် ရောင်းချ ရန် စီစဉ်လိုက်ပါသည်။ ဗီနိုင်းမှာ ရေးထားတာက
နမ္မတူ-ဘော်တွင်းကို လွမ်း နေကြပါသလား
အလွမ်းတွေပြေအောင်
ဟောဒီ...စာစောင်လေးကို ဖတ်ကြည့်လိုက်ကြစမ်းပါ ဟူသ တည်း။
သေနတ်သံတွေ၊ ယမ်းငွေ့နံ့ တွေကြောင့် နမ္မတူ-ဘော်တွင်းကို မသွားရောက်နိုင်ကြသေးသည့်တိုင် (အလွမ်းပြေအောင်)ဆိုပြီး စာ စောင် ကို ဝယ်ယူအားပေးလိုက် ကြတာ ...။ တစ်ရက်ထဲနှင့်အုပ် ရေ ၂၀ဝ ကျော် ကုန်သွားပါရောလား။ အံ့ဩ စရာတော့မဟုတ်ပါ။ သူတို့တစ်နည်း တစ်ဖုံ အလွမ်းဖြေ လိုက်တာပဲမ ဟုတ်ပါလား။
အာစရိယပူဇော်ပွဲအထိမ်း အမှတ်စာစောင်ကိုတော့ ရန်ကုန် ရောက် နမ္မတူ-ဘော်တွင်းသားတို့ က တစ်ခဲနက်အားပေးလိုက်ကြပါ ပြီ။ အများ(ဆရာများနှင့် ကျောင်း သားဟောင်းများ)မျှော်လင့်တောင့် တနေကြသည့် အာစရိယပူဇော်ပွဲ ဘယ်တော့ကျင်းပနိုင်မလဲဆိုတာ ကတော့...။
ဆင်တဲဝမြတ်ဖုန်း

No comments:

Post a Comment