Thursday, February 9, 2017

ကြက်တွန်သံများ
ဆင်တဲဝမြတ်ဖုန်း
၁၉၉၁ ခုနှစ်၊ ဩဂုတ်လ၊ ရှုမဝမဂ္ဂဇင်း


တောင်တို့သည် ညိုမှောင်၍၊ တောတို့သည် စိမ်းစိုနေ၏။ ゞင်းတို့ကို ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းလေး တစ်ခုမှ ရေသည် ပြာလဲ့လဲ့။ ထို့ကြောင့် ထိုစမ်းချောင်းလေးကို ]ရေပြာစမ်း} ဟုခေါ်ဆိုကြ၏။ ရေပြာစမ်းကို အမှီပြု၍ အင်ဖက်တဲငယ်လေးများဖြင့် တောသူတောင်သားအချို့ စခန်းချ နေထိုင်လျက်ရှိကြရာ၊ ထိုစခန်းသည် အလိုအလျောက်ပင် ]ရေပြာစခန်း} ဟု တွင်ရလေတော့၏။
ရေပြာစခန်းသည် ပြက္ခရွေတောင်ကြော၏ တောင်ကုန်းမြင့်တစ်နေရာတွင်ရှိပြီး၊ ပန်းလောင်သစ်တောကြိုးဝိုင်း အတွင်း ကျရောက်လျက်ရှိ၏။ စခန်းနေလူများသည် သစ်ခုတ်လွှဆွဲ၏။ မီးသွေးဖုတ် ဝါးခုတ်၏။ တောင်ယာခုတ် ယာလုပ်၏။ သူတို့သည် တောင်ခြေ မြေပြန့်ရှိြွကယ်ကန်၊ ရွဲသီး၊ သပြေသာ၊ ရိုးဇုံ၊ မန်ကျည်းအုပ် စသော ရွာများမှ လာရောက် စခန်းချ နေထိုင်ကြသူများ ဖြစ်ကြ၏။
ထိုသူများထဲတွင် စခန်း၌ အမြဲတမ်းလိုလို နေထိုင်သူများမှာ အနည်းအကျဉ်းသာရှိပြီး၊ ခြောက်သွေ့ ရာသီ၌ လာရောက် နေထိုင်သူများမှာ အများစုဖြစ်ကြ၏။ တချို့က အိမ်ထောင်သည်များ၊ တချို့က အပျို - လူပျို လူလွတ်များ၊ ကလေးသာသာ စကောစက အ၇ွယ်ကလေးတွေလည်း ပါ၏။ သူတို့အားလုံးသည် ဤတောင်ကြောကြီးကို ]ရွှေတောင် ငွေတောင်ကြီး} ဟု နှလုံးပိုက် အမှီပြုလျက် ခွန်အားကို ရင်းကာ ဝမ်းသမုဒ္ဒရာကို ပြည့်စေသူများပင် ဖြစ်ကြ၏။ သူတို့သည် တောင်ပေါ်မှ ပျဉ်ချပ် ပျဉ်ချောင်းများ၊ ဝါးစည်းများ၊ အိမ်တိုင်များ၊ မီးသွေးအိတ်များကို ထမ်း၍ တစ်ဖုံ၊ ရွက်၍တစ်မျိုး၊ မတ်စောက်လွန်းသော တောင်စောင်းလမ်းဖြင့် တောင်ခြေ ]လှည်းဂံ} သို့ သယ်ချကြ၏။ ]လှည်းဂံ} ဟူသည် မြေပြန့်မှလာသော လှည်းများ တောင်ခြေအရောက်တွင် လမ်းဆုံးသော နေရာဖြစ်၏။ ထိုလှည်းဂံမှတစ်ဆင့် ဈေးရှိရာသို့ တောထွက်ပစ္စည်းများကို လှည်းဖြင့် ဆက်လက်သယ်ဆောင်ကြရ၏။
သူတို့သည် မြေပြန့်ရှိ သဲတောဈေးကြီး၏ ဈေးကြိုနေ့ ညနေပိုင်းတွင်၊ မိမိတို့ရွာအသီးသီးသို့ ဆင်းသက် ကြကုန်၏။ ဈေးနေ့တွင် ဈေးထဲ၌ လည်ပတ်စားသောက် ပျော်ပွဲဖွဲ့ကြကာ၊ စားနပ်ရိက္ခာများ ဝယ်ခြမ်းကြပြီးနောက်၊ ညနေတိုင်လျှင် တောင်ပေါ်သို့ ပြန်တက်ကြ၏။ နောက်လေးရက်လုံးလုံး တောထဲတောင်ထဲ၌ ပင်ပန်းကြီးစွာ အလုပ်လုပ် ကြ၏။ ဈေးကြိုနေ့ ညနေရောက်လျှင် ]အောက်ကျင်း} ဟု ခေါ်သော မြေနိမ့်မြေပြန့်သို့ ဆင်းကြပြန်၏။ ထိုသို့ဖြင့် သံသရာလည်လျက် ရှိကြ၏။
ထိုရေပြာစခန်းတွင် ကျွန်တော်တို့ သတ္တုရှာဖွေရေးအဖွဲ့ စခန်းချရမည်ဆိုသောအခါ၊ အဖွဲ့ခေါင်းဆောင်ဖြစ်သော ကျွန်တော်သည် အခြေအနေ အရပ်ရပ်ကို ကြိုတင်လေ့လာ စူးစမ်းရပါသည်။ ယာယီတဲ ဆောက်လုပ် စခန်းချနေထိုင်ရေး၊ နေ့စားအလုပ်သမားများရရှိရေး၊ လုပ်ကွက်များသို့ နေ့စဉ်သွားရောက်အလုပ်လုပ်နိုင်ရေး၊နောက်ကြောင်းဆက်သွယ်ရေး၊ ရိက္ခာထောက်ပံ့ရေးနှင့် ကျန်းမာရေး ... လူမှုရေး ... စသည်များခြုံငုံ သုံးသပ်ကြည့်သော် ...၊ ထိုစခန်းမှ လူများကို အမှီပြု၍သာလျှင်၊ ကျွန်တော်တို့၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည်ဆိုသည့် အချက်ကို တွေ့ရှိလာရ၏။ သိုဖြင့် ... ထိုစခန်းမှ လူများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုကို ရယူလျက်၊ လူလေးယောက် ပါဝင်သော ကျွန်တော်တို့ သတ္တုမုဆိုးအဖွဲ့သည် အဆိုပါ ရေပြာစခန်း၌ ရွက်ဖျင်တဲငယ်တစ်ခုထိုးကာ စခန်းချနိုင်ခဲ့ကြပါ၏။
စခန်းချသည့်နေ့မှာပင် ... ကျွန်တော်စတင် ဆောင်ရွက်သည့် လုပ်ငန်းမှာ ဟင်းသီးဟင်းရွက်များ မျိုးစေ့ချစိုက်ပျိုး ခြင်းပင်ဖြစ်၏။ ကျွန်တော်၏ များလှစွာသော ကွင်းဆင်း အတွေ့အကြုံများအရ စခန်းချသည့် နေရာတိုင်းတွင် တစ်နိုင် စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးကို လက်မြန်ခြေမြန်လုပ်လေ့လုပ်ထရှိခြင်းမှာ ကျွန်တော့်အတွက် ပုံသေးနည်း တစ်ခုလို ဖြစ်နေပါ၏။ သို့ပါမှလည်း လူနေဝေးသောဒေသ၌ ရိက္ခာစိုပြဿနာကို အသင့်အတင့် ဖြေရှင်းနိုင်မည် ဖြစ်၏။ ဆန်နှင့် ကုန်ခြောက်များကိုတော့ များများစားစား ဝယ်ယူကာ သိုလှောင်ထားနိုင်ရန် သီးခြားစီစဉ်ရမည် ဖြစ်ပါ၏။
ထိုနေ့ကလည်း အသင့်ဝယ်ယူလာသော မျိုးစေ့များကို တဲ၏ပတ်ပတ်လည်လည်တွင် အနှံအပြား စိုက်ပျိုးထားလိုက်ပါ၏။ သို့ပေမင့် ရာသီက နှောင်းနေပြီ။ သီတင်းကျွတ်ပြီးပြီဖြစ်၍ နှောင်းမိုးတစ်ကြိမ်နှစ်ကြိမ်သာ မီနိုင်တော့မည်။ သို့ရာတွင် ကိစ္စမရှိပါ။ သီးနှံအားလုံး မစားရသည့်တိုင်၊ ရာသီမရွေးသော သီးနှံအချို့ကိုတော့ စားနိုင်ခွင့် ကြုံပါလိမ့်မည်။ အချိန်နှောင်းနေပြီဆိုကာ လုပ်စရာအလုပ်ကို တွန့်ဆုတ်မနေလိုပါ။ မိမိတို့က သဘာဝထံမှ (အခြေအနေပေးသမျှ) တောင်းခံသည်။ သဘာဝက မိမိတို့က ဘာမျှ မတောင်းခံလျှင် သဘာဝကလည်း မိမိတို့အား ဘာတစ်ခုကိုမျှ ပြန်လှန် ပေးအပ်လိမ့်မည်မဟုတ်ပါ။
စိုက်ပျိုးရေးပြီးလျှင် ကျွန်တော်စဉ်းစားသည်က မွေးမြူရေး။ များသောအားဖြင့်ကတော့ ကြက်ကိုသာ မွေးလေ့ ရှိသည်။ (တစ်ကြိမ်သာလျှင် အဆင်ပြေသဖြင့် ဝက်မွေးဖူးသည်) ကြက်မွေးရသည်က ဘာမျှ တာဝန်မကြီးလှ။ ဒေသခံ ကြက်များကိုသာ ခြံနှင့်မလှောင်ဘဲလွှတ်ပြီး မွေးမြူခြင်းဖြစ်၍၊ စပါးလုံး၊ ဆန်ကွဲ၊ ထမင်းကြမ်းလောက်မျှဖြင့် ကိစ္စပြီး နိုင်သည်။ လူက နေရင်း ထိုင်ရင်း နည်းနည်းပါးပါး စောင့်ရှောက်ရုံကလေးပါပဲ။ ဒါကြောင့်လည်း ... ကွင်းဆင်းအဖွဲ့ စခန်းချသည့် နေရာတိုင်းလိုလိုမှာ ကြက်မွေးဖြစ်ခဲ့သည်။ ကြက်က ဥရော၊ အသားရော ပေးသဖြင့် ရိက္ခာ ရှားပါးသော တောင်ပေါ်ဒေသမှာ ရိက္ခာပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပြီးသား ဖြစ်သည်။
ယခုလည်း ကြက်မွေးလိုသဖြင့် ကျွန်တော် ကြက်လိုက်ရှာသည်။ စခန်းရှိ တဲတိုင်းတိုင်းလိုလိုမှာ ကြက်ကို တစ်နိုင်မွေးမြူထားကြသည် မှန်သော်လည်း၊ တကယ်လိုက်ဝယ်တော့ ဝယ်လို့မရ။ ကြက်ဖများကိုတော့ ရောင်းသူရှိသည်။ ကြက်မများကိုကား ရောင်းသူမရှိ။ ကျွန်တော်လိုချင်သည်က ကြက်မ။ သို့မှသာ ဥခိုင်းလို့ရမည်။ အကောင် ဖောက်ခိုင်းလို့ ရမည်။ သူတို့ကလည်း သည်လိုစိတ်ကူးမျိုးနှင့်ပဲဆိုတော့၊ ကြက်မကို ထုတ်ရောင်းမည့်သူမရှိ။
ကျွန်တော့်စိတ်ကူးမှာ ဥနေသည့်ကြက်မ၊ ဒါမှမဟုတ်ရင်လည်း ဥခါနီးကြက်မကို ဝယ်၍ရလျှင် အဝယ်ခိုင်းပြီး အကောင်ဖောက်မည်။ ထိုကြက်ပေါက်ကလေးများကို အသားစားအတွက် ဆက်မွေးထားမည်။ မိုးမကျမီ ကွင်းသိမ်းရန် ရည်မှန်းထား၍၊ ခုနှစ်လကျော်ကျော်သာ ရှိမည်ဖြစ်သော ကွင်းဆင်းကာလအတွင်း၌၊ ကြက်မများ တစ်သားတော့ ပေါက်နိုင်မည်ဟု ကျွန်တော်တွက်ဆမိသည်။ ယခုတော့ သားဖောက်ခိုင်းဖို့ ကြက်မ ဝယ်၍ မရတော့ပြီ။ သည်တော့ တခြားနည်းလမ်း ရှာရတော့မည်။
ထိုစဉ်တွင် တဲတစ်တဲမှ ကြက်ရောင်းလိုကြောင်း သတင်းရောက်လာသည်။ ချက်ချင်းဆိုသလိုပင် ကျွန်တော် လိုက်ကြည့်၏။ မိခွဲခါနီး ကြက်ကလေးခြောက်ကောင်။ မအေကြက်မကြီးကို တောကြောင်ဆွဲသွားသဖြင့် ကျန်ရစ်ခဲ့သော မိတဆိုး ကြက်ကလေး တစ်သိုက်ကို ပြန်ရောင်းခြင်းပင်။ ကြက်ကလေးများသည် မိခင်ရင်ခွင်ပျောက်သွား၍၊ တစ်ကောင်နှင့်တစ်ကောင် အမှောင်ထဲ၌ တိုးဝှေ့ပူးကပ်ကာ မျက်စိမဖွင့်ဘဲ တကျိကျိ အသြံမည်နေကြ၏။ ကျွန်တော် စိတ်ပျက်သွားမိသည်။ သို့ပေမင့် ကြက်ကလေးတစ်ကောင်ကိုတော့ ကောက်ယူချိန်ဆ ကြည့်လိုက်ပါသည်။ အကောင်က သေးသေး၊ အလေးချိန်က ပေါ့ပေါ့။ ကျစ်လစ်သန်မာပုံတော့ရသည်။
]]တညင်စပ်တွေမို့ အကောင်သေးတာပါဆရာ၊ သူတို့ကမှ ဒီရာသီဒဏ်ကို ကောင်းကောင်းခံနိုင်တာ။ လူက မွေးထားပေမယ့် တကယ်တော့ တောကြက်တစ်ပိုင်း ဖြစ်နေတာပါ။ နောက်တော့ ဆရာတွေ့ပါလိမ့်မယ်}}
ပိုင်ရှင် ဦးစံကြူး ပြောပြတာတွေကို ကျွန်တော် အြွကင်းမဲ့ ယုံကြည်ပါသည်။ တကယ်တော့ ဤကြက်ကလေး များသည် ဤဒေသသားများပင် ဖြစ်နေသည်ကို ကျွန်တော် သဘောပေါက် လိုက်ပါသည်။
]]ကျွန်တော်က လွှစင်ကို တစ်နေကုန်သွားနေရလို့ သူတို့ကို မကြည့်နိုင်လို့သာ ရောင်းတာပါ။ တဲမှာ လူရှိရင် မရောင်းပါဘူး}}
စိတ်တိုင်းကျ မဖြစ်လှသော်လည်း၊ နောက်ဆုံးတော့ ထိုတညင်စပ် ကြက်ကလေးတစ်အုပ်ကိုပင် ကျွန်တော် ဝယ်ဖြစ်သွားပါသည်။
ကျွန်တော်တို့တဲမှာ ခြင်းတောင်းအုပ်၍ တစ်ည သိပ်လိုက်ရုံမျှဖြင့်၊ ထိုကြက်ကလေးများသည် နေသားတကျ ဖြစ်သွားပါ၏။ ကျွန်တော်တို့တဲကိုပင် သူတို့၏ ကွန်းခိုရာ နေအိမ်အဖြစ်သဘောပိုက်လိုက်ပုံရပါသည်။ ထိန်းသိမ်းစောင့်ရှောက်မည့် မွေးသမိခင် မရှိတော့သောကြောင့်လည်း သူတို့အချင်းချင်း ပိုပြီး စည်းလုံးညီညွတ်နေကြပါသည်။အိပ်တန်းဆင်းချိန်မှသည် အိပ်တန်းတက်ချိန်အထိ သွားအတူ၊ စားအတူ တတွဲတွဲ မခွဲဘဲ ရှိနေကြသည်။
ထိုရက်များအတွင်း၌ ကြက်ကိုအန္တရာယ် ပြုနိုင်သည့် တောကြောင်နှင့်ြွေမများ မဝင်နိုင်အောင် လုံခြုံသည့် ဝါးကြက်ခြံငယ်တစ်ခု ဆောက်လုပ်ရပါသည်။ ယခင်အခါက ကြက်များမွေးမြူခဲ့သည်မှာ ရိက္ခာအတွက် ဖြစ်ခဲ့သည် မှန်သော်ငြား၊ ယခုအခါ ကြက်မွေးရသည်မှာ ကြက်ကလေးတွေက အကောင်သေးသေးမို့ အပျင်းပြေ မွေးနေရသလိုသာ ရှိနေပါသည်။
ဖျော်ဖြေစရာ လုံးဝမရှိသော ငြီးငွေ့ဖွယ်ရာ တောတောင်ထဲမှာတော့၊ လူနှင့်နီးနီးကပ်ကပ်ရှိနေသော ဤကြက်ကလေးများကို မြင်တွေ့နေရသည်က စိတ်သက်သာရာ ရစရာ တစ်မျိုးလိုပင် ဖြစ်နေပါသည်။ အလုပ် အားလပ် နေချိန်များတွင် ထိုကြက်ကလေးများကိုသာ အာရုံစူးစိုက်နေမိသည့် အကျင့်ဖြစ်လာပါသည်။ ထိုအခါတွင် သူတို့လေးတွေ တစ်ကောင်စီ၏ အကြောင်းကို ခွဲခွဲခြားခြား သိလာရတော့၏။
ကြက်ကလေးခြောက်ကောင်အနက် အထီးမှာ သုံးကောင်နှင့်၊ အမမှာ သုံးကောင်ဖြစ်ကြောင်း ကွဲကွဲပြားပြား သိလာရပါသည်။ ကျွန်တော်တို့ကလည်း အားအားရှိလျှင် ကြက်ကလေးများကို တတီတီ .... ခေါ်ကာ၊ ဆန်ကွဲနှင့်စပါးလုံး များကို ကြဲပက်ကျွေးနေလေ့ရှိပါသည်။ အစာစားရမှန်း သိနေပြီဖြစ်၍ တီ - တီ ခေါ်သံသဲ့သဲ့မျှ ကြားလိုက်ရသည်နှင့် ရောက်ရာ ချုံတော၊ ဝါးတောများထဲမှ တိုးထွက်ကာ အပြေးအလွှားရောက်လာကြပါတော့သည်။ အစာကို အလုအယက် လောဘတကြီး ကောက်ကြ၊ အချင်းချင်း ထိုးကြဆိတ်ကြဖြင့် ရှုပ်ယှက်ခတ်နေသည်ကို ကြည့်မြင်ရသည်ကလည်း ပျော်စရာ တစ်မျိုးပင်။ သူတို့သည် ထမင်းစေ့ကို သိပ်မကြိုက်ကြ။ မလွှဲမရှောင်သာမှသာ ကောက်ကြသည်။ စပါးလုံး ကိုတော့ အထူးကြိုက်နှစ်သက်ကြသည်။ တစ်ခါတစ်ရံ သစ်တုံးခြောက်များကို ထင်းခွဲရာမှ ထွက်လာသော ပိုးစိကောင်များကို ခေါ်ကျွေးလျှင် ... သူတို့တွေ ဝမ်းသာ ရွှင်မြူးလို့မဆုံးတော့။

ကြာသော် ကြက်ကလေးများသည် သူတို့အား မကြာခဏ အစာခေါ်ကျွေးတတ်သော ကျွန်တော်နှင့် ကိုမြင့်အောင်ကို ပို၍ ခင်တွယ် ရင်းနှီးလာပါသည်။ ကျွန်တော်တို့နှစ်ယောက်က အစာ ခေါ်ကျွေးလျှင် လူအနီးသို့ ဒရောသောပါး ပြေးလာရုံသာ မကတော့ဘဲ၊ လူ၏ပခုံးပေါ်၊ ဦးခေါင်းပေါ်သို့ပါ တက်လာသည်အထိ အတင့်ရဲလာပါ တော့သည်။ သူတို့အား မျက်နှာသာမပေးဘဲ ပစ်ခတ်ချောက်လှန့် လွှတ်တတ်သော ကိုသန်းမောင်နှင့် ကိုအုန်းသန်းကို အနားကိုတော့ သူတို့ မကပ်ဝံ့ကြပါ။
တစ်နေ့တစ်ခြား ကြီးပြင်းလာကြသောအခါ၊ ကြက်တစ်ကောင်စီကို ခွဲခြားဖော်ပြနိုင်လာပါသည်။ ကြက်မလေး သုံးကောင်သည် တစ်ကောင်နှင့်တစ်ကောင် အမွေးအရောင်မတူကြ။ အဝါ၊ အညို၊ အဖြူဟု ကွဲပြားနေသဖြင့် အသွေး အရောင်ကို ကြည့်ပြီး၊ မိဝါ၊ မိညို၊ မိဖြူဟု လွယ်လွယ်ပင် နာမည်ပေးလိုက်ကြပါသည်။ ကြက်ဖလေးသုံးကောင်ကိုတော့ အမွေး အနီရောင်လွန်ကဲတာချင်း တူနေသဖြင့် အရောင်ဖြင့် နာမည်မပေးဖြစ်တော့။ ထိုအခါ သူတို့၏ အခြေအနေနှင့် စရိုက်လက္ခဏာကို ကြည့်၍သာ အမည်နာမ ပေးရတော့သည်။ တစ်ကောင်သည် အထီးဖြစ်ပါလျက် သန်သန်မာမာ မရှိ။ အလွန်ပျော့၏။ အစာလုကောက်ကြရင်း တိုးမိ တိုက်မိသည့်အခါ၊ သူသာလျှင် မကြာခဏ လဲကျတတ်မြဲ။ ထို့ကြောင့် သူ့ကို ငပျော့ဟု တွင်စေ။ နောက်တစ်ကောင်ကျပြန်တော့၊ ကိုယ်နေဟန်ထား ကျော့မော့လှပသည်။ ထို့ကြောင့် သူ့ကို ငကျော့ဟု တွင်စေ။ နောက်ဆုံးတစ်ကောင်ကတော့ ဗလတောင့်သည်၊ ရင်အုပ်ကားစွင့် မို့မောက်သည်။ သူကလည်း ရင်ကိုကော့၍ ဟန်ချီထားတတ်သည်။ ထို့ကြောင့် သူ့ကိုတော့ ငကော့ဟု တွင်စေ။
အချိန် အတန်ကြာလာသောအခါ၊ ကြက်ဖလေး သုံးကောင်သည် (ကြက်ဖတန်း အရွယ်သို့ ချဉ်းကပ်လာကြပြီ ဖြစ်၍) သူတို့ အုပ်စုထဲ၌ ဗိုလ်လုလာကြပါတော့သည်။ ရှေးဦးစွာ ငပျော့နှင့်ငကျော့တို့ အကြိတ်အနယ် မီးကုန်ယမ်းကုန် ခွပ်သည်။ အခုန်အပျံ အကျော်အလွှားတွေနှင့်မို့၊ ကြည့်လို့ကောင်းလှသည်။ အစကတော့၊ ခါတိုင်းကလိုပင် တစ်ကောင်နှင့် တစ်ကောင် ခွပ်တန်းကစားနေသည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ကစားနေသည် မဟုတ်ဘဲ၊ အနိုင်အရှုံး ကွဲပြားသွားအောင် ရေကုန်ရေခန်း ခွပ်နေတာကို တွေ့ရတော့မှ၊ ဗိုလ်လုနေမှန်း သိကြရတော့သည်။ နာရီနှင့်ချီ၍ ကြာအောင် အရှုံးမပေးဘဲ ဇွဲနှင့် ခွပ်ကြသည်မို့၊ နှစ်ကောင်စလုံး၏ ဦးခေါင်းတို့မှာ သွေးချင်းချင်း နီနေလေပြီ။ သို့ရာတွင် တစ်ကောင်ကမျှ မလျှော့။ ထိုသို့ရှိနေစဉ် တစ်ချိန်၌ ငကျော့က အမြင့်သို့ ခုန်ပျံတက်၍ အပက်လိုက်တွင် ... ငပျော့၏ ဦးခေါင်းသည် လည်ထွက်သွားပါတော့သည်။
]]ဟ ... ငပျော့ မျက်စိ ထိသွားပြီထင်တယ် ...}}
ကိုမြင့်အောင်က ပြောပြောဆိုဆို ငပျော့ကို ကောက်ယူလိုက်သည်။ ခေါင်းမှသွေးများကို ရေဆေးကြည့် လိုက်တော့၊ လား ... လား ... ငပျော့၏ ဘယ်ဘက်မျက်စိ ပေါက်ထွက်နေပါပကော။ ဤတွင် ဒိုင်ပွဲရပ်ဖြင့် ငကျော့ကို အနိုင်ပေးလိုက်ရသည်။ ငပျော့လည်း ထိုနေ့မှစ၍ ]ငရမန်ကန်း} ဟူသော နာမည်သစ်ကို ရရှိသွားလေတော့သည်။ ထိုည၌ ငကျော့သည် တောင်ပံကိုရိုက်ကာ၊ ]အောက် အီ အီး အွတ်} ဟု တွန်ရန် ကြိုးစား၏။ သို့ရာတွင် အသံက မအောင်သေးသဖြင့် ] အစ် - အစ် - အစ် } ဟုသာ ထွက်လာ၏။ ငကျော့ တွန်သံကြားလျှင်၊ ငကော့လည်း ရုတ်တရက် နိုးထလာကာ၊ တောင်ပံကို တဖြန်းဖြန်းရိုက်လျက် တအစ်အစ်ဖြင့် တွန်ပြန်၏။
မနက်လင်းသော် ငကျော့သည် မိဝါ၊ မိညို၊ မိဖြူတို့ အနီးတွင် ဟန်ရေးပြကာ၊ ရစ်သီရစ်သီ လုပ်လေသည်။ ငကော့က ပြေးလာကာ ငကျော့ကို စခွပ်၏။ အငိုက်မိသွား၍ ငကျော့ ဟန်ချက်ပျက်ကာ၊ လဲကျသွားမလို ဖြစ်လိုက် သေး၏။ ငကော့က နောက်တစ်ချီ ထပ်ခွပ်၏။ သည်တစ်ခါတော့ ငကျော့က ရှောင်လိုက်ပြီး၊ ငကော့ကို ပြန်ခွပ်ပစ် လိုက်သည်။ နှစ်ကောင်လုံး လန်ပြီး ဖင်ထိုင်ကျသွား၏။ နောက်တစ်ချီ လည်ဆံမွေးတွေ ထောင်လျက်၊ နှစ်ကောင်သား ခွပ်ပြန်၏။ ထိုသို့ဖြင့် ကြိုတင်ပြင်ဆင်မှု မရှိပါဘဲ၊ ကြက်အုပ်စုတွင်း ဗိုလ်လုပွဲကြီး စတင်ခဲ့ပါတော့သည်။ တောင်ပံရိုက်သံတွေ တဖြန်းဖြန်း ညံသည်။ တညင်စပ်တွေမို့၊ အခုန်အပျံတွေကလည်း သန်သည်။ ပွဲက ပွဲကြီးပွဲကောင်းမို့ ကျွန်တော်တို့တဲက ဘူမိဗေဒ ဝန်ထမ်းတွေသာမကတော့ဘဲ၊ အခြားတဲများမှ အရပ်သားများကပါ လာရောက် ကြည့်ရှုကြသည်။ ဟင်ခနဲ၊ ဟာခနဲ ... အာမေဋိတ်သံတွေ။ ဟိတ် ... လုပ်လိုက်ကွ၊ ဘာတဲ့တုံးဟေ့ ...။ အားပေးသံတွေနှင့် စီညံနေသည်။ နေအတန်ငယ် မြင့်မှပင် ကြက်ပွဲပြီးသွားတော့၏။ နိဂုံးချုပ်သော် ရင်အုပ်မောက်၍ ဗလတောင့်သော ငကော့က ပြတ်ပြတ်သားသား အနိုင်ရလိုက်သည်။ ဗိုလ်စွဲသွားသော ငကော့ကို ထိုအချိန်မှစ၍ ]သမိန်ဗရမ်း} ဟု နာမည်သစ် ပေးလိုက်ကြပါတော့သည်။ ထိုနေ့မှစ၍ ]သမိန်ဗရမ်း} သည် ကြက်မလေးသုံးကောင်နားတွင် သူသာ တရစ်ဝဲဝဲ လုပ်လေတော့၏။ ငကျော့မှာ သမိန်ဗရမ်း အလစ်တွင်သာ ကြက်မလေးတွေနား ကပ်ရဲတော့သည်။ ငရမန်ကန်းမှာမူ (ကြီးကောင် ဝင်မလာသော ကြောင့်လားတော့ မသိ) ကြက်မလေးများ အနီးသို့ ဖိုမစိတ် အရင်းခံဖြင့် မချဉ်းကပ်ပေ။ ကြက်မလေးတွေနား ငကျော့ ကပ်နေတာ သမိန်ဗရမ်းမြင်သွားလို့ကတော့၊ ဒင်း ... ပြေးပေါက်မှားပြီသာ မှတ်ပေရော့။ သမိန်ဗရမ်းမှာ အုပ်စုဗိုလ် ဖြစ်လာပြီး၊ ရက်ပိုင်းအတွင်းမှာပင်၊ ကိုယ်လုံးကိုယ်ထည်ကလည်း ပိုပြီးကြီးထွားလာသည်။ ရင်အုပ်ကလည်း ပိုကျယ်ပြီး၊ ပိုမောက်လာသည်။ ငကျော့ထက် ကြီးမားထွားကျိုင်းလာသည်မှာ အလွန်ပင်သိသာလှသည်။ ညအချိန် သမိန်ဗရမ်း၏ တွန်သံလည်း တဖြည်းဖြည်း ပီသလာတော့သည်။ ] အစ် - အစ် - အစ် ...} ဟူသော အသံမှသည် ]အော့ - အီ - အွတ်} လောက်တော့ ဖြစ်လာသည်။ ထိုအချိန်တွင် ငကျော့မှာ တအစ် - အစ် နှင့်ပင် နောက်ကျန်နေရစ်တော့သည်။ ငရမန်ကန်း ခမျာမှာတော့၊ မျက်စိကန်းသွားပြီးနောက်တွင် ကိုယ်လုံးကိုယ်ထည်သည် သိသိသာသာ ညှက်ပြီး၊ ကျန်ရစ်ခဲ့သည်။ သမိန်ဗရမ်းနှင့် အတူတူ တသုတ်တည်းပေါက်တာပါဟု ပြောလျှင်ပင် ယုံနိုင်စရာမရှိတော့။ ယုတ်စွအဆုံး ကြက်မလေးတွေကပင် သူ့ထက်ပို၍ ကိုယ်လုံးကိုယ်ထည် ကြီးထွားကျော်လွန်သွားလေတော့သည်။ သို့တိုင်အောင် ကြက်မလေးသုံးကောင်ကို သူက ငယ်နိုင်ဖြစ်၍၊ သူ့ကို သုံးကောင်လုံးက ကြောက်ရွံ့ခံ့ငြားနေမြဲပင်။
ငရမန်ကန်းသည် မျက်စိတစ်ဖက် လပ်သွားသဖြင့် ကျွေးသောဆန်စေ့တိုင်းကို သူမမြင်။ တစ်ခါတစ်ရံ အစာကောက်ရင်း ချာချာလည်သွားတတ်သေးသည်။ အမွေးအတောင်ကလည်း တောက်တောက်ပပရှိမလာ။ ငယ်စဉ် အသွေးအမွေး မွဲခြောက်ခြောက်အတိုင်းပင် ရှိနေသည်။ သူက ငကျော့ကိုမနိုင်သော်လည်း၊ ထွက်ပြေးရလောက်အောင်တော့လည်း မကြောက်ပြန်ပေ။ သူအစာကောက်နေချိန် ငကျော့ ရောက်လာလျှင်၊ နံဘေးသို့ တိမ်းရှောင်ပေးရရုံ လောက်သာ ကြောက်ရလေသည်။ ငရမန်ကန်းအဖို့ တစ်ခု ကံကောင်းသည်မှာ အနိုင်ဆုံး ဗိုလ်စွဲထားသော သမိန်ဗရမ်းက သူ့ကို ညှာတာခြင်းပင် ဖြစ်သည်။ ဒုက္ခိတဖြစ်၍လား၊ ကြက်မလေးတွေအနီးသို့ တပ်မက်စိတ်ဖြင့် မချဉ်းကပ်၍လား၊ ဘယ်ဟာကြောင့်မှန်းတော့မသိ။ သမိန်ဗရမ်းကောက်နေသော အစာကို ဝင်ကောက်လျှင်ပင်၊ ငရမန်ကန်းကိုတော့ သမိန်ဗရမ်းက ဆိတ်မလွှတ်။ ခွပ်မလွှတ်။ အဲ ... သူ့ကို ပခုံးချင်းယှဉ်နိုင်ချေရှိသော ငကျော့ကိုတော့ သမိန်ဗရမ်းက တစ်ချက်မျှ အလစ်မပေး။ အသေအလဲ လိုက်ခွပ်တတ်သည်။ ငကျော့ကလည်း အမှတ်မရှိ။ လစ်လျှင် လစ်သလို ... မိဝါ၊ မိညို၊ မိဖြူ တို့နား ချဉ်းကပ်တတ်သည်။
ကြက်မလေးသုံးကောင်ထဲမှာတော့ မိဝါသည် အနိုင်ဆုံးဖြစ်ပြီး၊ မိဖြူသည် အုပ်စုတစ်ခုလုံးထဲမှာ အကြောက်ရဆုံး ဖြစ်လေသည်။
မကြာမြင့်သော ကာလမှာပင် ကြက်မလေးသုံးကောင်သည် တင်းပြည့်ကျပ်ပြည့်အရွယ် ရောက်လာကြကာ၊ သမိန်ဗရမ်း သည်လည်း အောင်မြင်ခံ့ငြားသော ကြက်ဖအဖြစ်၊ ကြက်မလေးတွေနှင့် တပူးတွဲတွဲ ဖြစ်လာလေပြီ။ ကြက်မလေးတွေ ဥဖို့အတွက် သမိန်ဗရမ်းက ဝပ်ကျင်းရှာပေးနေသည်မှာလည်း တ - တော် - တော် ... တ - ကွပ် - ကွပ် နှင့်မို့၊ ကိုသန်းမောင်တို့အဖို့ နားကလောစရာ၊ မျက်စိနောက်စရာ။ ကျွန်တော်ကတော့ ကြက်မလေးတွေက ဥတွေ ဥပေးတော့မှာပဲ ဟူသော အတွေးနှင့် ပျော်နေမိပါသည်။
သို့နှင့်ပင် ကြက်ကလေးတွေနှင့် ပတ်သက်၍၊ ကျွန်တော်တို့တစ်တွေ သန့်စင်စွာ ပျော်ရွှင်ခဲ့ရသည့် အချိန်လေး များသည် တစ်စတစ်စနှင့် ကုန်လွန်လာတော့ကာ ...၊ ထိုကြက်ကလေးတွေကိုပင် ကျွန်တော်တို့ လူသားတွေ၏ ဟင်းစား အဖြစ် ထည့်သွင်းစဉ်းစားလာရသည့်အချိန်သည် မလွဲမသွေ ရောက်ရှိလာရပါချေပြီ။ ထိုအခြေအနေသို့ ပို့ဆောင်ပေးသည့် အချက်နှစ်ချက်ရှိသည်ဟု ဆိုရပါမည်။ ပထမအချက်မှာ ကျွန်တော်တို့တွင် သားငါးရိက္ခာ ရှားပါးလာခြင်းဖြစ်၏။ ယခင်ကမူ ကင်းတားဆည်သို့သွား၍၊ ]ငါးလုပ်} သူများထံမှ ငါးများကို ပုံမှန် ဝယ်ယူရရှိနေခဲ့ပါသော်လည်း၊ မတင်ကြည် ဆိုသော မိန်းမတစ်ယောက် ကင်းတားဆည်တွင် ရေနစ်သေဆုံးပြီးနောက် ငါးလုပ်ငန်းများမှာ လောလောဆယ် ရပ်ဆိုင်း သွားသောကြောင့် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ကြက်ကလေးများသည် စားလောက်သောက်လောက်သည့် အရွယ်သို့ ရောက်ရှိလာခြင်းပင် ဖြစ်ပါသည်။
ကြက်မလေး သုံးကောင်ကတော့ ဥ ဥစပြုနေပြီဖြစ်၍၊ လောလောဆယ်တွင် ဘေးမဲ့ခံစားခွင့် ရရှိနေပါသည်။ သို့ဖြင့် ကြက်ဖသုံးကောင်ကိုသာ မျက်စောင်းထိုးနေရပါသည်။ သူတို့အထဲမှာလည်း သမိန်ဗရမ်းမှာ လိုက်ကြက်ဖ ဖြစ်နေ၍ သူ့ကိုဘေးဖယ်ထားရပြန်ပါသည်။ ဒီတော့ - ငကျော့နှင့်ငရမန်ကန်းတို့သာလျှင် မျက်ခုံးလှုပ်ဖို့ ဖြစ်နေပါသည်။သူတို့နှစ်ကောင်ထဲမှာတော့ ငကျော့က အသားတိုးနိုင်သေးသည်။ ငရမန်ကန်းကတော့ အသားတိုးဖို့ အလားအလာမရှိ သလောက်ပင်။ အောက်ကျင်းက ရိက္ခာရောက်မလာဘဲ၊ ရိက္ခာအထူးပြတ်လပ်လာပြီ ဆိုလျှင်တော့ - ငရမန်ကန်းသည် ဗွေဆော်ဦး ဟင်းအိုးထဲ ရောက်ရပေတော့မည်။ ထိုသို့ပင် အကြမ်းဖျဉ်းလျာထားခဲ့ရပါ၏။
လက်တွေ့မှာတော့ ငယ်ငယ်လေးကတည်းက လက်သပ်မွေးလာသော ကြက်တွေကို ဟင်းချက်စားပစ်ရမည် ဆိုတော့ စိတ်မကောင်းမိတာ အမှန်ပင်။ ဒါကြောင့်လည်း ရိက္ခာပြတ်လပ်မှုကို ဖြစ်နိုင်သမျှတော့ အခြားနည်းများဖြင့် ဖြေရှင်းပစ်ခဲ့ပါသည်။ တစ်ရက်ကလည်း နေ့စား အလုပ်သမားတစ်ယောက်ဖြစ်သူ ]ဖိုးဆိုး} တောင်ခြေရှိ ]ြွကယ်ကန်} ရွာသို့ ဆင်းသွားသဖြင့်၊ ဟင်းစား ကြက်တစ်ကောင် ဝယ်ခဲ့ရန် မှာလိုက်သည်။ မနက်စောစော ဖိုးဆိုးတောင်ပေါ် ပြန်တက်လာတော့၊ အမွေးအနက်ရောင်နှင့် ကြက်မကြီး တစ်ကောင် ပါလာသည်။ သို့ဖြစ် ထိုကြက်မကြီးကိုပင် မနက်စာ အတွက် ချက်ရန်မှာကြားပြီး၊ ကျွန်တော်တို့ လုပ်ငန်းခွင်ရှိရာသို့ ထွက်သွားခဲ့ကြပါသည်။ နေ့လယ်တွင် စခန်းသို့ ပြန်လာကြပြီး ထမင်းစားကြတော့၊ ကြက်သားဟင်းနှင့်မို့ မြိန်ရေရှက်ရေ စားဖြစ်ကြသည်။ ထိုကြက်သားဟင်းကိုလည်း မနက်က ဖိုးဆိုးဝယ်လာသော ကြက်မကြီး၏ အသားဟုပင် ထင်နေမိသည်။ သို့ရာတွင် ထိုသို့ မဟုတ်ခဲ့ပါချေ။ တကယ်တော့ ကျွန်တော်တို့တတွေ အားရပါးရ စားခဲ့ကြသော အသားမှာ၊ မျက်စိတစ်ဖက် ပျက်နေသော ငရမန်ကန်း၏ အသားဖြစ်နေတော့သည်။ အဖြစ်အပျက်ကို စခန်းတွင် ကျန်ရစ်သော ကိုမြင့်အောင်က ပြန်ပြောပြပါသည်။ ထိုနေ့က ကြက်မကြီးကို အမွေးနုတ်ရန် ထမင်းချက် ကိုကျော်စိန်က ရေနွေးအိုးတည်သည်။ ရေနွေးဆူတော့ ကြက်မကြီးကို လည်လှီးဖို့ ကိုကျော်စိန်က ကြက်လှောင်အိမ်ဆီသို့ သွားသည်။ သည်တွင် ကြက်မကြီး ဥချထားသော ကြက်ဥတစ်လုံးကို တွေ့လိုက်ရတော့သည်။ သို့ဖြင့် အကျိုးကြောင်း ကိုကျော်စိန်က ပြောပြလိုက်တော့၊ ကိုမြင့်အောင်က ကြက်မကြီးအစား (ယခင် လျာထားခဲ့သည့်အတိုင်း) ငရမန်ကန်းကိုသာ ဟင်းအိုးထဲ အထည့်ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။ ဖိုးဆိုး ဝယ်လာခဲ့သော ကြက်မကြီးမှာ ဥနေဆဲ ဖြစ်သော်လည်း၊ ဥခါနီးပြီဆိုလျှင် တစ်အိမ်လုံး အနှံ့ အိပ်ရာပေါ် တက်လိုတက်၊ ဘုရားစင်ပေါ်တက်လိုတက်နှင့်၊ တတော် - တော် အသံက နားပူလွန်း၊ မျက်စိနောက်လွန်းသဖြင့်၊ စိတ်အနှောင့်အယှက် ဖြစ်နေသော ပိုင်ရှင်က ရောင်းပစ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလည်း ရေနွေးဆူဆူထဲ အနှစ်ခံရခါနီး ဆဲဆဲမှာ ဥချခြင်းဖြစ်ကြောင်း သိကြရပါတော့သည်။ ထိုနေ့က မမျှော်လင့်ဘဲ ဥကြက်မတစ်ကောင် ရလိုက်သဖြင့် ဝမ်းသာမိသော်လည်း၊ ငယ်ငယ်ကတည်းက လက်ပွန်းတတီး ရှိနေခဲ့သော၊ ကျွန်တော်တို့၏ ပခုံးပေါ်၊ ဦးခေါင်းပေါ် တက်သည်အထိ လူနှင့် ယဉ်ပါးနေသော ငရမန်ကန်းကို ဟင်းချက်စားလိုက်ရသည့် အတွက်တော့၊ ကျွန်တော်တို့ တစ်တွေ စိတ်ထဲ မလုံမလဲ ဖြစ်ကြရပါသည်။ အင်း ... သို့သော်လည်းပေါ့လေ၊ သဗ္ဗေ သတ္တာ ကမ္မသကာ ဟုပင် သဘောထားလိုက်ကြရပါတော့သည်။
နောက်ရောက်လာသော ကြက်နက်မကြီး အပါအဝင် ကြက်မလေးကောင်မှာ ကျွန်တော်တို့အတွက် ဥများကို ပုံမှန် ဥပေးနေပါပြီ။ ဥစားကြက်မျိုးလည်းမဟုတ်၊ အစာကလည်း ညံ့ဖျင်းသဖြင့် နေ့စဉ်တော့ မဥနိုင်ရှာကြပါ။ သုံးရက်လျှင် တစ်ရက်လောက်တော့ ဥမဥဘဲ နားတတ်ပါသည်။ ဒါတောင်မှပဲ ကျွန်တော်တို့မှာ ကြက်ဥတွေ တဖြည်းဖြည်း စုဆောင်း မိလာပါသည်။ သို့ရှိစဉ် - အစောဆုံးဥသော မိဝါသည် တကွပ်ကွပ် ... နှင့် ဝပ်သံပေးလာပါတော့သည်။ ဒါဓမ္မတာပဲလေ။ ကြက်မသည် ဥချိန်တန်လျှင် ဥမည်၊ ဝပ်ချိန်တန်လျှင် ဝပ်မည်၊ ကြက်ကလေးတွေ ပေါက်လာလျှင် အုပ်ထိန်းမည်။ နောက် - ကြက်ကလေးတွေ မိခွဲပြီးလျှင် ကြက်ဖနှင့် ပြန်လိုက်မည်။ ထို့နောက် ... ဥပြန်ဥမည်။ ဒါမှလည်း ... ကြက်ဆိုတဲ့ သတ္တဝါမျိုးတွေ ကမ္ဘာလောကကြီးက ပျောက်ကွယ်မသွားဘဲ ဆက်လက်ရှင်သန် နေနိုင်မှာပေါ့။ ဒီလိုနဲ့ - ကြက်သတ္တဝါတွေ မိမိတို့၏ အမျိုးကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ၍ ကြာမြင့်ခဲ့ပေပြီ။ ကမ္ဘာဆိုတဲ့ မြေပြင်ပေါ်မှာ ကြက်ဆိုသော သတ္တဝါတွေ စတင်ပေါ်ပေါက်လာတဲ့ ကမ္ဘာဦးအချိန် ကတည်းကပင်။ နောင်တွင်လည်း ... နှစ်ပေါင်း မည်ရွေ့မည်မျှကြာသည်အထိ ဤဖြစ်စဉ် အသက်ဝင် လှုပ်ရှားနေဦးမည် ဆိုသည်ကို မမှန်းဆနိုင်။
ကျွန်တော်တို့အနေဖြင့်မူ (ကျွန်တော်တို့ဘဝတွေ ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေးအတွက်) မိမိတို့ မွေးထားသော ကြက်တို့၏ ဓမ္မတာ သဘောကို ချေဖျက်ပစ်ရပါတော့မည်။ သူတို့ကို မျိုးဆက်ပြန့်ပွားစေရန် ခွင့်ပြု၍ မဖြစ်နိုင်တော့ပါ။ ခွင့်ပြုလိုက်ပါလျှင် ... ကျွန်တော်တို့ ကွင်းသိမ်းချိန်၌၊ ကြက်မများသည် ပိညှပ် ... ပိညှပ် ... ဟုသာ မြည်တတ်သေးသော ကြက်ကလေးတွေ ပေါက်ခါစ (ဒါမှမဟုတ်) ပေါက်ခါနီး အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်။ မူလ ကတည်းက ကြက်မွေးခဲ့ရသည့် ရည်ရွယ်ချက်ကလည်း ကြက်သားနှင့်ကြက်ဥ ရရှိရန် မဟုတ်ပါလား။ ဒါ့ကြောင့် ကြက်မများကို အဝပ်ခိုင်းမည့်အစား၊ ဥကိုပဲ ဆက်အဥ ခိုင်းရပါတော့မည်။
ကြက်ဝပ်ကျင်းထဲ၌ ဝပ်စပြုနေသော မိဝါကို တောင်ပံနှစ်ဘက် အုပ်ကာ ပွေ့ယူလိုက်ပြီးနောက်၊ ဦးခေါင်းကို ရေထဲ နှစ်ပစ်လိုက်၏။ တစ်ကြိမ်- ၊ နှစ်ကြိမ်- ၊ သုံးကြိမ်- ။ ရေမွန်းလောက်ပြီ ဆိုသောအခါ၊ ကြက်မကို လေထဲသို့ ခပ်မြင့်မြင့် မြှောက်ပစ်လိုက်၏။ တောင်ပံခတ်သံ တဖြန်းဖြန်း မြည်လျက်၊ ကြက်မသည် မြေပေါ်သို့ ပြန်ကျလာ၏။ မြေကြီးနှင့်ခြေထောက် ထိသည်နှင့် ကြက်မသည် ဦးခေါင်းမှ ရေများကို ခေါင်းယမ်း ခါထုတ်ပစ်ကာ၊ (ကြက်ကလေးများကို ခေါ်သံဟု ယူဆရသော) တကွပ် - ကွပ် - မြည်သံပြုလျှက်၊ ဝပ်ကျင်းထဲ ပြန်ဆင်း၏။ ထိုအခါ ကြက်မကို ပြန်ဖမ်းပြီးရေထဲနှစ်၊ နောက် လေထဲပစ် ...။ ထိုသို့ သုံးကြိမ်ခန့် လုပ်လိုက်သောအခါ၊ ကြက်မသည် ဝပ်ကျင်းထဲဝပ်ရမည့် သူ့ဓမ္မတာကို မေ့လျော့သွားဟန်ဖြင့် ဝပ်ကျင်းထဲသို့ ပြန်မဝင်တော့ဘဲ၊ ချုံတော၊ ဝါးတောထဲ တိုးဝင်သလိုလို၊ အစာရှာကောက် သလိုလို ...၊ ဟိုလိုလို - သည်လိုလိုဖြင့်ပင် ... ယောင်နနဖြစ်ကာ၊ ကြက်မသည် ဝပ်ပျက်သွားခဲ့လေပြီ။ နောက် - လေး ငါး ရက် ကြာတော့ မိဝါသည် သမိန်ဗရမ်းနှင့် ပြန်လိုက်၏။ နောက်မကြာမီ ... ဥများကို ဥပြန်တော့သည်။ ထိုသို့ဖြင့် ကြိမ်ခြင်းထဲတွင် (ရက်စွဲရေးမှတ်ထားသော) ကြက်ဥများသည်၊ ကြော်စား ချက်စားနေသည့်ကြားမှပင် တိုးပွားလာလေပြီ။
ထိုနည်းအတိုင်းပင်၊ မိညိုနှင့် ကြက်နက်မကြီးတို့၏ မိခင် ဓမ္မတာကိုလည်း၊ အဓမ္မနည်းဖြင့် တားဆီး ချေဖျက် ပစ်လိုက်နိုင်လေပြီ။ ကြိမ်ခြင်းထဲ၌ကား - ကြက်ဥ အရေအတွက်သည် တိုးပြီးရင်းသာ တိုးလျက်ရှိတော့သည်။
ယခုအခါတွင် - အငယ်ဆုံးလည်း ဖြစ်၍၊ ရှိရှိသမျှ ကြက်အားလုံးကိုလည်း ကြောက်ရွံ့ရသော မိဖြူ၏ မိခင်စိတ်ကို ချေဖျက်ပစ်ရန် အလှည့်ရောက်ရှိလို့လာပါပြီ။ သူ့အရင်အရင်က ကြက်မများကို ပြုခဲ့သည့် ပုံစံအတိုင်းပင် - ၊ ဝပ်ကျင်း ထဲမှဖမ်း၊ ရေထဲ မွန်းအောင်နှစ်၊ လေထဲမြှောက်ပစ် ...။ ဖမ်း ... ရေနှစ် ... လေထဲသို့ပစ်။ တစ်ကြိမ် ... နှစ်ကြိမ် ... သုံးကြိမ်။ အံ့ဩဖွယ်ကောင်းလေစွ။ မိဖြူသည် ယခင့် ယခင် ကြက်မများနှင့် မတူရေးချမတူပါ တကား။ မိဝါတို့ဆိုလျှင် သုံးကြိမ်မျှ လုပ်လိုက်ရုံဖြင့်၊ ကြက်မတို့၏ ဓမ္မတာကို မေ့ပျောက်ပစ်ခဲ့သည်၊ ယခု ... မိဖြူမှာမူ ...။
ဝပ်ကျင်းထဲမှဖမ်းကာ (ယခင် ကြက်မတွေတုန်းကထက် အချိန်များစွာ ပိုမို၍) ရေထဲနှစ် လေထဲကိုမြှောက်ပစ် ... အကြိမ်ပေါင်း ခုနှစ်ကြိမ်၊ ရှစ်ကြိမ်တိုင်ပြုပါသော်လည်း ... မိဖြူကား ခေါင်းမာလှသည်။ မြေပေါ် ပြန်ကျလာသည်နှင့် တစ်ပြိုင်နက် ဦးခေါင်းတွင် စိုရွဲနေသော ရေများကို ခါထုတ်၊ တောင်ပံ နှစ်ခုကို ဖွကား၍၊ အမွေးတွေကို ပွစေလျက်၊ တကွပ်ကွပ် အသံပြုမြဲပြုကာ (စတိသဘောဖြင့် ကြက်ဥတစ်လုံးမျှသာ ထည့်ထားသော) ဝပ်ကျင်း ရှိရာသို့ သွားသည်ချည်းပင်။
အကြိမ်များစွာ ကြိုးပမ်းမှု အချည်းနှီး ဖြစ်လာသောအခါ၊ ကျွန်တော်သည် ဝပ်ကျင်းကိုပါ ဖယ်ရှားပစ်လိုက် မိတော့၏။ ဝပ်ကျင်း ဖျက်ပြီးလျှင်၊ ထပ်မံပြီး ရေနှစ် လေထဲပစ် ပြုပြန်၏။ သည်တစ်ခါ မင်း - ဘယ်ဝပ်ကျင်းထဲ သွားဝပ်နိုင်မည်နည်း။ ဝပ်နိုင်လျှင် ဝပ်စမ်းတော့ မိဖြူရယ်။ ကျွန်တော်၏ ကြုံးဝါးသံ မဆုံးမီမှာပင် မိဖြူသည် မြေပေါ် ပြန်ကျသည်နှင့် အမွေးကိုဖွ၊ အတောင်ကိုကား၊ တကွပ်ကွပ် ... အသံမြည်မြဲ မြည်ကာ၊ ခါတိုင်း ဝပ်ကျင်းထားရာ မီးဖိုဆောင်ထဲသို့ ဝင်ပြန်ပါလေ၏။ သို့ရာတွင် ဝပ်နေကျ ဝပ်ကျင်းကား မရှိတော့ပြီ။ မိဖြူ မည်သို့ ပြုမည်နည်း။ ကျွန်တော်တို့တစ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ မိဖြူသည် သူဥနေကျ ဝပ်ကျင်းရှိရာသို့ သွား၏။ ဝပ်ကျင်းကို မတွေ့သော် ... ဟိုဟိုသည်သည် ကြည့်၏။ မလှမ်းမကမ်းတွင် ဖြန့်ခင်းထားသည့် ဂုန်နီအိတ်ခွံပေါ်၌ ခပ်လတ်လတ် အားလူးအချို့ ]ကျင်း} ထားသည်ကို တွေ့လေလျှင်၊ ထိုအားလူးလုံးလေးများကိုပင် သူဥထားသော ကြက်ဥ အမှတ်ဖြင့် ဝပ်ပြန်ပါလေတော့သည်။
ကျွန်တော်လည်း အလျှော့မပေးဘဲ ]]မိဖြူရယ် - နင်ကပဲ ဆက်ဝပ်နိုင်မလား၊ ငါကပဲ ဆက်ရေနှစ်နိုင်မလား}} ကြုံးဝါးကာ၊ မိဖြူကို ထပ်မံဖမ်းချုပ်၊ ရေထဲမွန်းနေအောင်နှစ်၊ ပြီးလျှင် လေထဲသို့ အမြင့်ကြီးမြှောက်ကာ ပစ်လိုက်ပြန်သည်။ မိဖြူသည် မြေပြင်သို့ မသပ်မရပ် ပြန်ကျလာ၏။ ရေစိုနေသော ဦးခေါင်းကို ခါယမ်းပစ်၏။ နောက် အမွေးတွေကိုဖွ၊ တောင်ပံနှစ်ခုကို ကားလျက်၊ တကွပ်ကွပ် အသံပြုမြဲပြုပြန်ကာ မီးဖိုဆောင်တဲငယ်ထဲ ဝင်ပြန်၏။ အားလူးကျင်းထားရာ ဂုန်နီအိတ်ဆီသို့ ဦးတည်သွား၏။ သို့ရာတွင် အာလူးလုံးများကို တစ်လုံးမကျန် ဖယ်ရှားထားပြီးပြီ။ ခင်းထားသော ဂုန်အိတ်ခွံမှအပ ဘာမျှ မရှိတော့ပြီ။ ကဲ - ခုတစ်ကြိမ် ဘယ်နေရာ သွားဝပ်ဦးမလဲ။ သင် - ဝပ်နိုင်လျှင် ဝပ်ပေတော့ မိဖြူရေ ...။ ကျွန်တော်က ]နိုင်ပြီ} ဟု စိတ်ထဲမှာ ကြုံးဝါးနေမိ၏။
]]ဟော - ဟော ဗျား ... အံ့ရောပဲ။ ဘာမှမရှိတဲ့ ဂုန်အိတ် အခင်းပေါ်မှာများ ဝပ်ရတယ်လို့နော် ...}}
ကျွန်တော် ခေါင်းကိုသာ တွင်တွင် ယမ်းလိုက်မိတော့၏။
]]လက်လျှော့လိုက်ပါတော့ဗျာ။ ကျွန်တော်ဖြင့် မိဖြူဖြစ်နေတာတွေကို ကြည့်ပြီး၊ ရင်ထဲ မကောင်းလိုက်တာ} ကိုမြင့်အောင်က ကျွန်တော့်ကို ဖျောင့်ဖျနေသည်။ ကျွန်တော်သည် ဘာမှမရှိသည့် ဂုန်အိတ်ခွံပေါ်တွင် အကျအန ဝပ်နေသည့် မိဖြူကိုသာ ငေးကြည့်နေမိလျက်၊ ဘာစကားမှ ပြန်မဆိုမိ။ မိဖြူကတော့ ကျွန်တော့်ကိုသာမက၊ တစ်လောက လုံးမှာပင် မည်သူ့ကိုမျှ ဂရုမပြုလေဟန်ဖြင့်၊ ဂုန်အိတ်ပေါ်မှာပင် ဝပ်မြဲဝပ်လျက်။ သူ့စိတ်ထဲမှာတော့ ... သီတင်းသုံးပတ် (ရက်သတ္တပတ် - သုံးပတ်) ရှိလျှင် သူ့ရင်ခွင်အောက်မှ ပိညှပ် ... ပိညှပ် ... ဟု အသံပြုကာ ကြက်ပေါက်စလေးတွေ ပြူတစ်ပြူတစ် ထွက်ပေါ်လာလိမ့်မည်ဟု ထင်နေမည်လား မသိပေ။ ကျွန်တော့် အဖို့မူ မိဖြူကို ]လေးစားဖွယ် ကြက်မိုက်မလေး} အဖြစ် သဘောထားရုံမှအပ၊ ဘာမျှ မတတ်နိုင်ချေပြီတကား။
ထိုညတွင် ထမင်းချက် ကိုကျော်စိန်သည် ကျွန်တော့်အပါး ချဉ်းကပ်လာကာ ]]ဆရာ ... မိဖြူကို ကျုပ်ပြန် ရောင်းပေးပါ၊ သားထိန်းသိပ်ကောင်းမဲ့ ကြက်မပဲဗျာ။ ကျုပ်လဲ ကြက်မကောင်းကောင်း လိုချင်နေတာ - အခုမှ တွေ့တော့တာပဲ၊ ရှားမှရှားတဲ့ ကြက်မပါဆရာ ...}} ဟု လှိုက်လှဲစွာ ဆိုလာတော့၊ ကျွန်တော်လည်း အလွယ်တကူပင် သဘောတူလိုက်ပါသည်။ နောက်တစ်နေ့ သူတောင်ခြေြွကယ်ကန်ရွာကို ဆင်းတော့၊ မိဖြူကို တယုတယ ပွေ့ယူသွား လေသည်။ အော် ... မိဖြူ၏ ဇာတ်လမ်းသည် ဤမှာပင် နိဋ္ဌိတံလေပြီလား။
_______
သတ္တုရှာဖွေရေး လုပ်ငန်းများကို မိုးမကျမီ ရပ်နားရဦးမည်ဖြစ်၍ ကွင်းသိမ်းရန် ပြင်ဆင်နေသည့် ကာလ များတွင် ...၊ ကြက်ဖများကို တစ်ကောင်ပြီး တစ်ကောင် ဟင်းစား လုပ်ပစ်ရပါတော့သည်။ ငကျော့ - ပြီးလျှင် သမိန်ဗရမ်း။ သည့်နောက်တော့ ကြက်မများ၏ အလှည့်ရောက်ပြီ။ မိနက်၊ မိဝါ၊ နောက် - မိညို။ (မိဖြူကား လွတ်သွားချေပြီ) တစ်ကောင်ပြီးတစ်ကောင် ဟင်းအိုးတွင်း သက်ဆင်းကြရသည့်အတွက်၊ ကျွန်တော်တို့ ရင်ထဲမှာ မသက်မသာ ခံစားရသော်လည်း၊ ရွေးချယ်စရာ တခြားနည်းလမ်းလည်း မရှိပြီ။ စခန်းမှ လူများစုသည် မိုးနှင့်အတူ ကျရောက်လာမည့် ငှက်ဖျားရောဂါကို ကြိုတင် ရှောင်တိမ်းရန် အောက်ကျင်းသို့ ဆင်းသွားကုန်ကြပြီဖြစ်၍၊ တောင်ပေါ်မှာ လူတွေမရှိလျှင် ရိက္ခာရနိုင်ရန် ပိုမိုခက်ခဲသွားပြီမို့၊ သည်ကြက်တွေကလွဲ၍ ကျွန်တော်တို့တွင် တခြားရိက္ခာကလည်း မရှိတော့ သလောက်ပင် ဖြစ်နေလေပြီ။ မတတ်သာသည့်အဆုံးဝယ် ... ကြက်တွေကို မွေးခဲ့တာကိုက ရိက္ခာအတွက် သက်သက် မွေးခဲ့တာပဲလေ - ဟုသာ ကိုယ့်ကိုယ်ကို ဖြေရပါတော့သည်။ သို့ဖြင့် ... တောင်ပေါ်ရေပြာစခန်းမှာ ကျွန်တော်တို့ ဖန်တီးခဲကြသော ကြက်သတ္တဝါတို့၏ အညတြ လောကငယ်လေးတစ်ခုသည်၊ မုတ်သုန်ဦး၏ မိုးရိပ် မိုးငွေ့များနှင့်အတူ သည်မြေပေါ်မှ မထင်မရှား ပျောက်ကွယ်ခဲ့ရလေပြီကော။
_______
ရေပြာစခန်းကို ကျောခိုင်းခဲ့ရသည့်နောက်ဝယ်၊ ကျွန်တော်သည် မြန်မာပြည်၏အခြား ... အခြားသော တောတောင်ထူထပ်ရာ နေရာဒေသများသို့ လှည့်လည်သွားလာခဲ့ရပြန်ပါသည်။ ထိုအခါတွင် - အမြန်ရထား ခရီးစဉ်များ၌၊ သာစည်၊ ဟံဇား၊ သဲတော၊ သပြေတောင်၊ ဒေသများကို ဖြတ်သန်းသွားရသည့်အခါ ...၊ တစ်ချိန်က ကျွန်တော် ကျင်လည် ကျက်စားခဲ့ရာ အရှေ့ဘက် ရှမ်းရိုးမ မှိုင်းပျပျကို အလွမ်းပြေ ငေးမောကြည့်မိသည်ချည်း ဖြစ်ပါသည်။ မှုန်ပြာပြာ တောင်တန်း၏ ခြေရင်းတစ်နေရာတွင် တည်ရှိနေမည်ဖြစ်သော (တစ်ချိန်က ထမင်းချက်) ကိုကျော်စိန် နေထိုင်ရာြွကယ်ကန်ရွာကလေးကိုလည်း မှန်းဆကြည့်မိရပါသည်။ ဟိုး ... က မှိုင်းညို့ ညို့ သစ်ပင်အုပ်အုပ်ဟာြွကယ်ကန်ရွာနဲ့ တူရဲ့။ အင်း - သေချာတာပေါ့။ ရွာအရှေ့ဘက်က ]ဟစ်တော်မူ} တောင်ကုန်းနဲ့ ]စည်တီး} စေတီကိုတောင် မှုန်ဝါးဝါး မြင်နေရတာပဲ။ ထိုခဏ၌ ...ြွကယ်ကန်ရွာဆီမှ ကြက်တွန်သံများကို ကျွန်တော့်နားထဲတွင် အလိုအလျောက်ပင် ကြားယောင်လာနေပါတော့သည်။ အလွန်သာယာ နာပျော်ဖွယ်ကောင်းတဲ့ ကြက်တွန်သံများပေပဲ။ တစ်ခုသော ကာလတုန်းက ကျွန်တော်တို့နှင့် ရေစက်ဆုံခဲ့ဖူးသော မိဖြူမှ ဆင်းသက်ပေါက်ဖွားလာသော ကြက်များ၏ တွန်သံ တွေများလား။ ထိုအတွေးနှင့်အတူ - ကျွန်တော်သည် မိမိအမျိုးကို စောင့်ရှောက်ရာ၌ စံပြုအပ်သော မိဖြူကို လွမ်းတ ရင်ခုန် နေမိပြန်တော့ကာ၊ မိဖြူအား လေးစားဂုဏ်ပြုလိုသော စိတ်ဓာတ်သည်လည်း တစ်ကိုယ်လုံးတွင် ပျံ့နှံ့လာနေ ပြန်တော့သည်။
ဟိုး ... ရှေး ပဝေသဏီ ကမ္ဘာဦးလူသားတွေ ကတည်းက အဖော်ပြုလာခဲ့သော ကြက်တွန်သံများကို ယနေ့ အဏုမြူခေတ်လူသား (အချို့) တွေလည်း အဖော်ပြုနေရဆဲပင်။ ဘယ်သော အခါကာလ၌ ကမ္ဘာပေါ်တွင် ကြက်တွန်သံများ ပျောက်ကွယ် ဆိတ်သုဉ်းသွားလေမည်နည်း။ ကြက်ဆိုသော သတ္တဝါများ မျိုးမတုံးမချင်း ကြက်တွန်သံများကို လူသားတို့ ကြားနေရဦးမည်သာတည်း။
ဪသာ် ... ကမ္ဘာတည်မည့် ကြက်တွန်သံများကို ဖန်တီးဖို့ ဆိုသည်မှာလည်း၊ မိဖြူလို ကြက်မျိုးသာလျှင် စွမ်းဆောင်နိုင်မည် မဟုတ်ပါလား။

၁၉၉၁ ခုနှစ်၊ ဩဂုတ်လ၊ ရှုမဝမဂ္ဂဇင်း
 

No comments:

Post a Comment