Thursday, February 9, 2017

ပိုးကိုက်ပန်းပွင့်
(၂၀ဝ၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ မဟေသီရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၉၁)
ဆင်တဲဝမြတ်မင်း


‘ဆရာ . . . ‘
‘ဆရာရှိလား. . . . ‘
ဝတ္တုဖတ်ရင်း အတွေးပင်လယ်ထဲနစ်မျောနေစဉ် အိမ်ရှေ့တံခါးဆီမှ ခေါ်သံကြားလိုက်သဖြင့် စာအုပ်ကိုပိတ်လိုက်သည်။ ကျောင်းသူတစ်ယောက်နှင့် ဇနီးတို့စကားပြောသံကြား၍ ထကြည့်လိုက်တော့ (၉)တန်းမှ ပန်းလှဖြစ်နေသည်။ ညနေမိုးချုပ်ခါနီးမှ ဘာကိစ္စရှိလို့လာတာပါလိမ့်။ နွေကျောင်းပိတ်ရက်မှာဘယ်လိုအကြောင်းကိစ္စ ဖြစ်ပေါ်လာပါလိမ့်။ တကယ်တန်း၌ ကျောင်းသား/သူ များသည်ဆရာ၊ဆရာမများ၏အိမ်သို့လာခဲလှသည်။ကျောင်းလခမပေးနိုင်၍ အဖေ့လစာထဲကဖြတ်ပေးပါတို့၊ တောင်ပေါ်ပလောင်ရွာတွေ မှာ လက်ဖက်ခူး(ခါးကန့်ချိန်)သွားချင်လို့ခွင့်နှစ်ပတ်လောက်ပေးပါတို့ဆိုတဲ့ကိစ္စမျိုးရှိလျှင်တော့မလာချင်လာချင်နှင့် ရောက်ရောက်လာ တတ်သည်။ အခု. . . ပန်းလှလိုကျောင်းသူမျိုးလာတယ်ဆိုတော့ ပိုလို့ပင်စဉ်းစားစရာဖြစ်နေပြန်သည်။
တကယ်တမ်း၌ ပန်းလှသည် စိတ်မနှံ့သော ဒေါ်ပိုးဖြူ၏ သမီးဖြစ်နေသောကြောင့်ပင်။ အတန်းထဲတွင် ကျောင်းသား/သူ များရော၊ဆရာ/မများကပါ အမှတ်ထင်ထင် ဂရုတစိုက်ဝိုင်း၍ကြည့်ရှုခြင်းခံရသော ကျောင်းသူတစ်ဦးဖြစ်သည်။ သူ့အမေမှာ ဒေါ်ပိုးဖြူ ဆိုသည့် နာမည်လိုပင် ပိုးကလေးလိုဖြူဖွေးပြီး ရုပ်ရည်ခပ်သန့်သန့်နှင့် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ စိတ်မဖောက် သည့် အချိန်ကြည့်လျှင် သနပ်ခါးအဖွေးသားနှင့် မျက်နှာက ပြုံးပြုံးရွှင်ရွှင်နှင့် စကားကောင်းများကို ပြောဆိုတတ်သည်။ တစ်ခါ တစ်ရံလမ်း၌ဆုံလျှင် ‘သမီးပန်းလှကို ဆရာတို့လက်ထဲအပ်ပြီးသား၊ ပညာတတ်အောင်သင်ပေးဖို့ ဆရာတို့ကို အားကိုးပါတယ်’ ဟူ၍ ကျွန်တော့်ကိုပြောတတ်သည်။
အဲ. . .စိတ်ဖောက်ပြီဆိုလျှင်တော့ . . .ဘော်နန်းသတ္တုတွင်းရှိ အကြီးဆုံးပုဂ္ဂိုလ်အိမ်ရှေ့သွားကာ ခုနစ်သံချီဟစ်တော့သည်။ သူ့ယောကျာ်းမိုင်းထဲလုပ်တဲ့လစာလေးနှင့် မိသားစု ကိုးယောက် ထမင်းမဝတဝစားနေရတဲ့အကြောင်း၊ သူ့သားသမီးတွေလည်းတောထဲ မှာ ထင်းရူးဆီခုတ်ရောင်းပြီးစားသောက်နေရတာတောင် အြွေကးတင်နေရကြောင်း၊ ဒါ့ကြောင့်သူ့ကို နေ့စားအလုပ်တစ်နေရာ ခန့်ပေးဖို့ အကြောင်းများကိုသာ အပ်ကြောင်းထပ်အောင်အော်ပြောနေတတ်သည်။ ဒေါ်ပိုးဖြူ၏ဘဝကို သနားသဖြင့် လူကြီးများက အလုပ်ခန့် ပေးလိုက်လျှင် စိတ်ဖောက်သည့်ရောဂါမှာ ယူပစ်လိုက်သလိုပျောက်သွားတော့သည်။ သို့သော် ၆လပြည့်၍ နေ့စားတွေ အလုပ်ရပ်နား လိုက်လျှင်ကား ထိုနေ့မှစ၍ ဒေါ်ပိုးဖြူပြန်၍ စိတ်ဖောက်သွားတော့သည်။
၉ တန်းခန်းထဲ ပန်းလှရောက်လာသည့်နေ့မှစ၍ ကျွန်တော်အသေအချာ အကဲခတ်ကြည့်သည်။ စိတ်မနှံ့သူ၏ သမီးမို့ ကျောင်းသား/သူများက မခေါ်မပြောကြ။ ဆေးဖော်ကြောဖက်မလုပ်ကြပေ။ သူထိုင်သော ခုံတန်း၌ မည်သည့်ကျောင်းသူမှ မထိုင်။ ပန်းလှ၏ ရင်ထဲ၌ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ၊ ငိုချင်စိတ်တွေ အဘယ်မျှ ပြည့်ကြပ်နေမည်ကို အငှားခံစားကြည့်တာနှင့်ပင် အသည်းထဲတွင် စူးခနဲနာကျင် နေပါသည်။ တစ်ခါလာလည်း အရောင်လွင့်နေသော ကျောင်းစိမ်းထဘီ၊ ဝါကြန့်ကြန့်ဖြစ်နေသော အင်္ကျီလေးနှင့် ဆီမဲ့နေသော ဆံပင်ဆံစတွေက နားထင်စပ်မှာ ဖြာကျနေသည့် ပန်းလှရုပ်ပုံလွှာကား ကျွန်တော့်မျက်လုံးအိမ်ထဲမှ ဘယ်သောအခါတွင်မှ ပျောက်ကွယ်သွားမည်မဟုတ်။
ပန်းလှတစ်ယောက် စိတ်အားမငယ်အောင် သူကျောင်းမတက်သောရက်များ၌ ကျောင်းသား/သူများအား သူ့ကိုစကားပြော ကြဖို့၊ ခင်ခင်မင်မင်နေကြဖို့၊ သူတစ်ယောက်တည်း အထီးကျန်ဆန်ဆန် မထားကြဖို့ပြောပြထားရသည်။ ကျွန်တော်ကိုယ်၌ကလည်း အခြားသူများထက် သူ့ကိုပို၍ စာမေးသည်။ စာပြခိုင်းသည်။ အားပေးစကားပြောသည်။ သို့သော်သူ့အမေ၏ အရိပ်မည်းမည်းကြီးက သူ့ကို အမြဲချောက်လှန့်နေသလားမသိ။ သူ့ခမျာ စကားလည်းသိပ်မပြော၊ စာအုပ်နှင့် မျက်နှာအပ်ကာ အမြဲတမ်းပင် တုံဏှိဘာဝေ လုပ်နေသည်က များလေသည်။
‘လာလေ. . . ပန်းလှ၊ အိမ်ထဲလာ’
အခန်းဝဆီမှ ဆီးခေါ်လိုက်တော့ သူ့မျက်နှာမှာ အပြုံးတွေဝေသွားသည်။ စာသင်နှစ်တစ်နှစ်လုံးသူပြုံးတာ တစ်ခါမှ မမြင် ခဲ့ရတော့ကျွန်တော်သည်ပင် အပြုံးတွေ ကူးစက်ခံရသည်ထင်သည်။ ပါလာသော လွယ်အိတ်ကို ဘေးမှာချထားပြီး သင်ဖြူးပေါ်ထိုင် ထိုင်ချင်း. . . .
‘ဆရာ. . . နေကောင်းလား။ စာမေးပွဲဖြေပြီးကတည်းက ဆရာ့ကို မတွေ့တာ။ အခုဆရာက ဝလို့လှလို့။ ဆရာကျွန်မတို့ အောင်စာရင်းဘယ်တော့ထွက်မလဲ။ကျမှာပါ။ ကျွန်မကတော့ကျမှာပါ။ အို. . ကျလို့မဖြစ်ဘူး။ အမေကနှင်ထုတ်လိမ့်မယ်။ အောင်ရင် သိပ်ကောင်းမယ်ဆရာ။ ဒါဆိုနောက်နှစ် ၁၀တန်းကို နှစ်ချင်းပေါက် အောင် အောင်လုပ်မယ်။ အောင်ရင် ဆရာတို့လိုကျောင်းဆရာ လုပ်မယ်လေ။ ဒါပေမယ့် ဘော်နန်းသတ္တုတွင်းမြို့ထဲတော့ ပြန်မလုပ်ဘူး။ ကျွန်မအောင်ရင်’ကုန်းကယား’ဆိုတဲ့ တောင်ပေါ်ရွာလေးမှာ ကျောင်းဆရာမသွားလုပ်မယ်။ ဆရာလည်းအဲဒီကျရင် အလည်လာခဲ့နော်။ အို. . . မအောင်နိုင်ပါဘူး။ စာမေးပွဲ နောက်ဆုံးနေ့က လူမှုရေးတွဲ မဖြေနိုင်ဘူးဆရာ။ ဒါပေမယ့် ဆရာ အမှတ် ၃၀ ဆို အောင်နိုင်ပါ့မလား။ အောင်ရင်. . . တကယ်ပြောတာ။ ပလောင် ရွာကလေးမှာ ကျောင်းဆရာမ သွားလုပ်မယ် ဆရာ။ အော်. . .ဆရာ၊ ကျွန်မအခု အဲဒီရွာကလေးက ပြန်လာတာသိပ်မကြာသေးဘူး။ ကျောင်းပိတ်တုန်းက ရွှေဖီလက်ဖက်သွားခူးတယ်ဆရာ။ လက်ဖက်ခူးရတာ ပျော်စရာကောင်းတယ်ဆရာ။ ဆရာဒီမှာကြည့်၊ ကျွန်မ လက်တွေအသားမာတက်လို့။ အဲဒါလက်ဖက်ခူးရလို့တင်မဟုတ်ဘူး။ လက်ဖက်လိမ်းရလို့။ လက်ဖက်လိမ်းရတာ မလွယ်ဘူး ဆရာ။ ပေါင်းအိုးထဲကပူနေတဲ့လက်ဖက်တွေကို လက်နှစ်ဘက်နဲ့စုစုလုံးပြီး တဖျတ်ဖျတ်နဲ့ ဟော့လိုဟော့လို လှည့်ရိုက်ရတာ (လက်ဖက်လိမ်း ပုံကို လုပ်ပြနေသည်)အို. . ပူတာတော့မပြောနဲ့ဆရာ။ မီးကျီးခဲကိုင်နေရသလိုပဲဆရာ။ ပလောင်တွေက လက်ဖက် လိမ်းတယ်တဲ့။ ဗမာလိုဆိုရင်တော့ လက်ဖက်ညွန့်တွေလိပ်အောင် နယ်ရတာပေါ့။ အမလေးမောလိုက်တာ။ အစ်မရေရေတစ်ခွက်လောက်’
ကျွန်တော့်ဇနီးက ရေခပ်ပေးလိုက်သည်။ ရေသောက်နေသောပန်းလှကိုကြည့်ကာ ကျွန်တော်အံ့ဩမိသည်။ စာသင်ခန်းထဲမှာ အာစေးထည့်ထားသူလို၊ တေမိလို နှုတ်ဆိတ်နေခဲ့သူ။ အခုကျတော့လည်း ရေပက်မဝင်အောင် ရွှန်းရွှန်းဝေအောင်ပြောသွားသည်။ စာ သင်ခန်းထဲမှာ သိမ်ငယ်ညှိုးနွမ်းနေသော မျက်နှာကားယခုတော့နှင်းပန်းလေးလို လန်းဆန်းလို့ပါလား။ မည်သို့ပင်ဖြစ်စေ ပန်းလှပြုံး ရွှင်တာကိုမြင်ရလျှင်၊ စကားဖောင်ဖောင်ပြောတာ တွေ့ရလျှင် ကျွန်တော်ဝမ်းသာပါသည်။ သူ့ဘဝထာဝရပျော်ရွှင်နိုင်ပါစေ။
‘ဒါနဲ့. . . ပန်းလှဆရာ့ဆီလာရတဲ့အကြောင်းကိုလည်းပြောပါဦး။ ဘာအခက်အခဲများရှိနေလို့လဲ။ ပြောပါ။ ဆရာ့ကိုတော့ အားမနာနဲ့။ ကူညီနိုင်တဲ့အခက်အခဲဆိုရင်ဆရာကူညီမယ်’
ကျွန်တော့်မေးခွန်းမဆုံးခင်မှာပင် ပန်းလှသည် သူ့နီညိုရောင်လွယ်အိတ်အိုလေးထဲမှ အထုပ်ကိုထုတ်၍ ကျွန်တော့်ရှေ့ချ လိုက်သည်။
‘ဆရာ. . .ဆရာ့ကို ဟောဒီရွှေဖီလက်ဖက်ခြောက်နဲ့ဦးဦးဖျားဖျားလာ ကန်တော့တာပါ’
အို.. . မြတ်စွာဘုရား။ စိတ်ထဲမှ ယောင်ယမ်းလိုက်သော ဘုရားတသံသည် ကျွန်တော်၏နှုတ်ဖျားမှ ခုန်ထွက်မသွား၍ တော်သေးသည်။ ဟုတ်ရောဟုတ်ရဲ့လား။ အိမ်မက်များ မက်နေတာလား။ ဘယ်လိုမှ မမျှော်လင့်ခဲ။ ဤသို့ဖြစ်လာလိမ့်မည်ဟု ကျွန်တော် ဘယ်တုန်းကမှ မထင်မှတ်ခဲ့။
ကျွန်တော်စာသင်ကြားနေသည့် ဘော်နန်းတွဲဘက်အထက်တန်းကျောင်းမှ ကျောင်းသား/သူအများစုမှာ လက်ဆောင်ပဏ္ဏာတွေ နှင့် လာပြီးကန်တော့တယ်ဆိုတာ တော်တော်နည်းလှသည်။ စာသင်ခန်းထဲမှာသာ ‘ဆရာ. . ဆရာ’လို့ဝတ်ကျေတန်းကျေ မနားတမ်း ခေါ်ပေမယ့် ကျောင်းပရိဝုဏ်အပြင်ဘက်ရောက်သွားပြီဆိုလျှင် ‘ဆရာ’လို့ တစ်စက်ကလေးမှ မခေါ်တော့။ (၁၀)တန်းအောင်သွားသူများ ကပိုဆိုးသည်။လမ်းတွေ့လျှင် နှုတ်တောင်မဆက်တော့ဘဲ ခပ်တည်တည်နှင့် ရှောင်သွားသည်။ တချို့ဆိုလျှင် ပခုံးချင်းမတိုက်မိအောင် ကိုယ်ကပဲဦးအောင် ရှောင်ပေးလိုက်ရသည့်အခါမျိုးပင်ရှိသေးသည်။ သူတို့ အလုပ်လုပ်သည့် ရုံးထဲ၊ ဌာနထဲမရှောင်သာ မတိမ်းသာ အမှတ်တမဲ့ထိပ်တိုက်တွေ့ဆုံကြပြီဆိုလျှင် ‘ဆရာ’ဆိုသော စကားလေး နှစ်ခွန်းမပါအောင်ရှောင်ကာကွင်းကာ ဝေ့ကာဝှိုက်ကာ ပြောဆို သွားသည်။ နောက်ပြီးစေတနာ ပရပွနှင့် အားကြိုးမာန်တက်သင်ပေးလိုက်သဖြင့် ရှားရှားပါးပါး ‘မြန်မာစာ’ဂုဏ်ထူးလေးများထွက်လာ ၍ဝမ်းသာပီတီဖြင့်လူပုံအလယ်၌ ‘မြို့ကျောင်းကြီးကတောင် မြန်မာစာဂုဏ်ထူးမထွက်ဘူး။ တို့တွဲဖက်ကျောင်းလေးက ထူးထူး ခြားခြား ထွက်တာကွ’ဟူ၍ ဂုဏ်ယူဝင့်ြွကွားစကားဖောင်ဖွဲ့ မဆုံးခင်မှာပင်’ဘယ်သူ့ကြောင့်မှ ဂုဏ်ထူးထွက်တာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ကြိုးစားလို့ထွက်တာ’ ဟုပြောဖြစ်အောင်ပြောသေးသည်။ သင်စရာမလိုပဲ မွေးကတည်းက အကုန်လုံးတတ်လာခဲ့သည့်အလား။ဆရာ/မ တွေ၏အခန်းကဏ္ဍကို မေ့ဖျောက်ပစ်ဖို့ကြိုးစားကြသည်။ သည်ကြားထဲမြို့မျက်နှာဖုံး ဂုဏ်ကျက်သရေရှိ လူကြီးလူကောင်း အချို့၏ သားသမီးများကလည်း မိဘ၏ ရာထူးဂုဏ်အရှိန်အဝါဖြင့် ကျောင်းထဲရော၊ ကျောင်းပြင်ပမှာပါ မချေမငံသော အပြုအမူ၊ အပြော အဆိုတွေနှင့် ဆက်ဆံပြန်သေးသည်။ သည်လိုစေတနာနားမလည်သော၊ ကျေးဇူးတရားမသိတတ်သောတပည့်တပန်းများနှင့် အမြဲလိုလို ကြုံတွေ့နေခဲ့ရသော တွဲဖက်ကျောင်းဆရာကလေးကျွန်တော့်မှာ ယခုလို မိုင်းအလုပ်သမားတစ်ယောက်၏သမီး၊ စိတ်မနှံ့သူ၏ သမီးက ဆရာကို ဆရာမှန်းသိ၍ လာရောက်ကန်တော့သည့်အဖြစ်ကို မျက်ဝါးထင်ထင် တွေ့ကြုံရသောအခါမအံ့ဩပဲ မနေနိုင်တော့။ ဝမ်းသာ ကြည်နူးစိတ်ကလည်း ရင်ထဲ၌ ပြည့်သိပ်လို့နေသည်။
ပန်းလှသည် ကျွန်တော့်ရှေ့၌ ဒူးတုတ်လျက်’ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ဆရာ့ကို ပစ်မှားခဲ့မိရင်ကျွန်မကိုခွင့်လွှတ်ပါ ဆရာ’ဟူ၍ ဦးသုံးကြိမ်ချနေစဉ်တွင် ကျွန်တော့်မှာ ဝမ်းသာလွန်းသဖြင့်ဘာဆုတွေပေးရမှန်းမသိအောင် ဖြစ်သွားသည်။ နောက်ဆုံး တော့’ဆရာ့ တပည့်မ ကျောင်းစာမေးပွဲတွေသာမက ဘဝစာမေးပွဲတွေလည်း အောင်မြင်နိုင်ပါစေ’ဟု ဆုပေးစကား ပြောနေစဉ်မှာတော့ ကျွန်တော့်မျက်လုံးအိမ်ဝယ် မျက်ရည်များ ပြည့်လျှံနေခဲ့ပြီ။

‘ဆရာ. . ကျွန်မကို ပြန်ခွင့်ပြုပါ’
ကျွန်တော်ခေါင်းညိတ်လိုက်သည်။ လက်ဖက်ခြောက်ထုပ်ကို ပြန်ပေးရာ သူ့ရဲ့ချွေးနှဲစာနဲ့ရတဲ့ရွှေဖီမိုးလွတ်မို့ဆရာသောက်စေ ချင်လို့လာပို့တာ ပြန်မယူပါရစေနဲ့တဲ့။ အော် သိတတ်လိုက်တဲ့တပည့်မရယ်။ ကျွန်တော်လည်း လက်ဖက်ခြောက်ထုတ်ပြန်ပေးရင်းနှင့် ခြံဝနားရှိစကားဝါပင်အောက်ရောက်လာသည်။ သူကအတန်တန်ငြင်းသဖြင့် ကျွန်တော့်မှာ လက်ဖက်ခြောက်ထုပ်ကိုင်လျက်ငေးကျန်ရစ် တော့သည်။ အမှောင်ထုသန်းလာသော ဘော်နန်းမြို့ ကျောက်ပြုတ်လမ်းမပေါ်မှာ ဖြည်းဖြည်းချင်းထွက်ခွာသွားသော ပန်းလှကို ဟိုး ခပ်ဝေးဝေးလမ်းချိုးအကွေ့ ပျောက်ကွယ်သွားသည်အထိ လိုက်၍ ငေးကြည့်နေမိသည်။
‘ဘယ်လိုလဲကျောင်းဆရာ၊ ဘာတွေငေးကြည့်နေတာတုံး’
ကျွန်တော့်အိမ်ခန်းဘေးမှ အလုပ်ပြန်လာသော ဒရိုင်ဘာကိုဆန်းဝင်းအသံကြားမှပင် မျက်လုံးအကြည့်ရုပ်သိမ်းလိုက်သည်။
‘အော်. . ကိုဆန်းဝင်းကိုြွကားရဦးမယ်။ ဟောဒီမြို့မှာရှိတဲ့ ကျောင်းသား/သူတွေက ဆရာကို ဆရာမှန်းသိတဲ့သူ တစ် ယောက်တလေမှမရှိဘူးလို့ တစ်ခါခင်ဗျားကိုပြောခဲ့ဘူးတာ မှတ်မိသေးရဲ့လား။ အခုတော့ ကျွန်တော်ပြောတာနဲ့ တက်တက်စင်အောင် လွဲသွားပြီဗျာ။ အမယ်လေး အခုဗျာ ဆရာကိုဆရာမှန်းသိလို့ အာစရိယဆရာကို ကျောင်းသူတစ်ယောက်ကလာကန့်တော့သွားပြီဗျ။ ဘော်နန်းမှာရှိတဲ့တပည့်တွေထဲက ဒီတပည့်ကိုတော့ အလိမ္မာဆုံးတပည့်ဆိုပြီး ကျွန်တော်ကမ္ဗည်းထိုးထားရမယ်ဗျ’
ကြည်နူးစိတ်ကြောင့်ကျွန်တော့်လေသံများ တက်ြွကရွှင်လန်းနေလိမ့်မည်ထင်သည်။
‘ဘယ်အတန်းကလဲ ဘယ်သူ့သမီးလဲ’
‘၉ တန်းက၊ ပန်းလှဆိုတဲ့ကျောင်းသူလေးဗျာ။ သူ့အမေကဗျာ ဟိုးအထက်ပိုင်းရပ်ကွက်က ဒေါ်ပိုးဖြူလေ’
‘အော်၊ ဒေါ်ပိုးဖြူသမီးလား၊ အခုနလမ်းမှာ ကျွန်တော်နဲ့ရှောင်ခဲ့တဲ့ကောင်မလေးထင်တယ်’
‘ဟုတ်တယ်လေ၊ ခုလေးတင် ကျွန်တော့်ဆီကပြန်သွားတဲ့ကျောင်းသူလေ’
‘ဟာ အဲဒီကောင်မလေးက စိတ်ဖောက်သွားတဲ့ကောင်မလေးပဲ’
‘ဗျာ’
ကျွန်တော့်နားကိုပင်ကျွန်တော်မယုံ။ ရင်ထဲ၌လည်း ယောက်ယက်ခတ်သွားသည်။
‘ဟုတ်ရောဟုတ်ရဲ့လား ကိုဆန်းဝင်းရာ’
‘ကျောင်းဆရာက ကျောင်းပိတ်သွားတော့ တပည့်တွေသတင်းဘာမှ မသိတော့ဘူးထင်တယ်။ ၉တန်းစာမေးပွဲ နောက်ဆုံးဖြေ မယ့်နေ့မတိုင်ခင်တစ်ရက်က ထမင်းချက်စရာမရှိလို့ သူ့အမေဒေါ်ပိုးဖြူက အဲဒီကောင်မလေးကို နောက်တစ်နေ့ထင်းရှုးဆီသွားခုတ်ခိုင်း သတဲ့။ကောင်မလေးကမသွားချင်ဘူး။ ခါတိုင်းတော့သွားတယ်လို့ပြောတယ်။ အိမ်မှာအကြီးဆုံးဆိုတော့ဆန်မရှိတာကအစဒီကောင်မလေး က သိနေတာပဲ။ ဒါပေမယ့် စာမေးပွဲကလည်း တစ်ဘာသာဘဲကျန်တော့ ကျောင်းစာပဲကျက်နေသတဲ့။ သူပြောတဲ့စကား နားမထောင် ကောင်းလားဆိုပြီး သားအမိနှစ်ယောက် နပန်းလုံးသတဲ့။ သမီးကညှာသတဲ့။ မအေကစိတ်မနှံ့တဲ့သူဆိုတော့ ညှာတဲ့သဘောနေမှာပေါ့။ ဒီလိုနဲ့ကောင်မလေးလည်း ညစာကျက်ရတာစိတ်မပါဘူးနဲ့တူပါတယ်။ မနက်သွားဖြေတော့ စာမေးပွဲက မဖြေနိုင်တော့ဘူးတဲ့။ ပြီး တော့ ဖြေရတဲ့ဘာသာကလည်း လူမှုရေးဘာသာတွဲဆိုလားပဲ။ သုံးဘာသာပေါင်းမှ မေးခွန်းတစ်ခုတည်းထုတ် ဆိုလားပဲ။ စာမေးပွဲက ပြန်လာတော့စိတ်ဖောက်သွားပြီ။ အိမ်ခေါင်မိုးပေါ်ကို ထမီခါးတောင်းကျိုက်ကြီးနဲ့တက်ပြီး အောက်ကိုခုန်ချတာ ကံကောင်းလို့ဘာမှ မဖြစ်တာတဲ့။ အဲဒီညနေပိုင်းက အထက်ပိုင်းရပ်ကွက်တွေမှာ ဗြောင်းဆန်ကုန်သတဲ့။ နောက်တစ်နေ့ အဖော်တွေ နဲ့တောင်ပေါ်တက် လက်ဖက်ခူးလိုက်သွားရော။ ဖအေကြီးက နောက်ကတစ်ကောက်ကောက်နဲ့။ သမီးမိန်းကလေးကဖြစ်ပြန်၊ အပျို ပေါက်ကလေးက ဖြစ်ပြန်၊ မိန်းမက စိတ်မနှံ့၊ သမီးကလည်းစိတ်မနှံ့နဲ့ကြားထဲက ဖအေကြီးကသနားစရာပါဗျာ။ ဒီမနက်ကပဲ လက်ဖက်ခူးရာကပြန် လာလို့ကျွန်တော်တို့ စက်မှုဌာနက ဟီးနိုးကားတစ်စီးရဲ့မှန်တဖက်ခွဲသွားတယ်။ အဲနောက် ပျောက်သွားလို့ဆိုပြီး သူ့ဖအေကြီးတစ်နေ့ လုံးလိုက်ရှာနေတာ။ အခုပဲ ကျွန်တော်နဲ့ဈေးကွင်းထဲမှာ တွေ့ခဲ့သေးတယ်။ ကောင်မလေးက ခြေဦးတည့်ရာ လျှောက်သွားရင်းနဲ့ ကျောင်းဆရာအိမ်ရောက်လာတာနေမှာပေါ့’
ကိုဆန်းဝင်းစကားကို နားထောင်ရင်း ကျွန်တော်သည် ကျောက်ရုပ်လိုငြိမ်သက်နေမိသည်။ အမျိုးအမည်မသိသော ဝေဒနာ အစိုင်အခဲများကလည်း ရင်ထဲသို့အကြမ်းပတမ်းဝင်ရောက်လာသည်။ ဘဝဆိုးချင်းလာတူနေသည့် ပန်းလှတို့သားအမိနှစ်ယောက် အဖြစ်ကို စဉ်းစားရင်း အသက်ရှုမွန်းကျပ်လာသည်။ တစ်စုံတစ်ခုကို မကျေနပ်ဖြစ်မိသော စိတ်ကြောင့်နှလုံးသားတွင်လည်းစူးစူးနစ်နစ် ခံစားလိုက်ရသည်။
ကျွန်တော်သည် တပည့်မလေး၏ ရွှေဖီမိုးလွတ်လက်ဖက်ခြောက်ထုပ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေမိရင်း အဖြေရခက်လှသော မေးခွန်းလေးကို ရင်ထဲ၌ အထပ်ထပ်မေးနေမိတော့သည်။
‘ပန်းလှရယ် ဘာကြောင့်ဒီလိုဖြစ်သွားရတာလည်းဟာ’
(၂၀ဝ၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ မဟေသီရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၉၁)


No comments:

Post a Comment