Thursday, February 9, 2017

မြေအောက်၌ ရွာသောမိုး 
 ဆင်တဲဝမြတ်မင်း
(၁၉၈၄ ခုနှစ်၊ ဇွန်လ မိုးဝေမဂ္ဂဇင် အမှတ် ၁၉၇)


အငွေ့တထောင်းထောင်းထလျက်ရှိသော ဧရာမ ရေနွေးအိုးကြီး၏နှုတ်ခမ်းအပေါ် ၌ ထိုင်နေရသည့်အလား အပူငွေ့များသည် ခန်ဓာကိုယ်တခုလုံး တငွေ့ငွေ့လာဟပ်နေသဖြင့် ကျွန်တော့်မှာ အိုက်စပ်စပ်ဖြစ်နေကာ အသက်ရှုရသည်မှာလည်း မ၀တော့ပဲ မွန်းကျပ် အိုက် လှောင်နေတော့သည်။ ကျွန်တော်သည် စောစောက ခပ်မှိန်မှိန်သာ လင်းနေသော ကာဘိုက် မီးခွက်ကို ရေဖွင့်လိုက်သည်။ အလင်းရောင်သည် ပိန်းပိတ်အောင်မည်းမှောင်နေသောမြေ အောက်သတ္တုတွင်း ‘‘လယ်ဗယ်’’ ခေါ်လိုဏ်ခေါင်းတလျှောက် ရှေ့ဝါး တရိုက်အကွာအထိ ပိုမို၍ လင်းထိန်သွားသည်။ ကာဘိုက်မီးအလင်းတန်းထဲဝယ် အငွေ့များရိပ်ကနဲ ရိပ်ကနဲ ဖြတ်သန်းနေသည်။
ရှေ့ခပ်လှမ်းလှမ်းမှ လျှောက်နေသော ကိုတင်မောင်ကြီးကိုလည်း မီးရောင်အောက်၌ မြင်နေရသည်။ သူ့ကိုယ်ပေါ်တွင် ကြိုးနှင့်သိုင်း၍ လွယ်ထားသည့် ယမ်းသေတ္တာနှစ်လုံးမှာ ခြေလှမ်းသွားတိုင်း ခါးစောင်းဘေး၌ တလှုပ်လှုပ်ဖြစ်နေတော့သည်။ လူ တရပ်လောက်ပင်မမြင့်သောလယ်ဗယ်နိမ့်နိမ့်လေးအောက်၌ လျှောက်နေရသဖြင့် စိတ်သည်ကျဉ်းကျပ်နေတော့သည်။ လယ်ဗယ်က ခပ် နိမ့်နိမ့်၊ ခပ်ကျဉ်းကျဉ်း၊ ပူကလည်းပူပါဘိသနဲ့။
ဟင်း ကွာရီချောင်၊ ကွာရီချောင်။ (မိုင်းသမားများက ‘ကွာရီချောင်’ဟုခေါ်သော နံပါတ်(၂)လယ်ဗယ်)တော်တော်လူပြောများ တဲ့နေရာ။ ကျွန်တော်သည် အပူငွေ့များ တလျှံလျှံထနေသည့်ကြားထဲမှနေ၍ သက်ပြင်းကို ’ဟင်း’ကနဲချလိုက်ရာ တိတ်ဆိတ်ငြိမ် သက်လွန်းနေသော လယ်ဗယ်ကျဉ်းကျဉ်းထဲဝယ် ကျွန်တော်ပင့်သက်ချသံက ဆူညံသွားသည်ဟုထင်သည်။
‘ဟေ့ ဖိုးကျော်၊ သက်ပြင်းတွေဘာတွေချလို့ တော်တော်လေးပူနေပြီ ထင်တယ်၊ ဘယ်နဲ့လဲကွ၊ ကွာရီချောင်ရဲ့အပူအကြောင်း လက်တွေ့သိရပြီမဟုတ်လား’
ကိုတင်မောင်ကြီးသည် လယ်ဗယ်၏အကွေ့နေရာတွင်ရပ်လျက် ကျွန်တော့်ကို ပြောနေသည်။ ကျွန်တော်လည်းကိုယ်ပေါ်၌ ကြိုးဖြင့်သိုင်းပြီး လွယ်လာရသော ယမ်းပုံးနှစ်ပုံးကို ကျောပြင်ပေါ်သို့ ခါးဆန့်ပစ်တင်လိုက်ရာ ယမ်းတောင့်များနှင့် သေတ္တာအဖုံးတို့ ထိတွေ့သည့် ‘ဂလောက်လောက်’ဆိုသည့်အသံမှာ ကျွန်တော်တို့အနီး၌ ကျယ်ကျယ်လောင်လောင်မြည်သွားလေသည်။
‘နောက်ဆိုရင်တော့တော်ပြီကိုတင်မောင်ကြီးရေ၊ သက်သာမယ်တင်လို့‘ဘာလီဝါလား’လုပ်ပါတယ်။ ယမ်းပုံးတွေကလည်းလေး၊ လယ်ဗယ်ကကျဉ်း၊ နိမ့်ကနိမ့်သေး၊ ပူလိုက်တာလဲအရမ်းပဲ၊ ကျွန်တော်တော့စိတ်နောက်လာပြီ’
ကျွန်တော်သည် ကိုတင်မောင်ကြီးနှင့် ထပ်ကြပ်မကွာ လျှောက်နေယင်း ပါးစပ်မှ ညည်းတွားနေမိသည်။ လယ်ဗယ်ထဲက အပူငွေ့များကြောင့် ကိုယ်ပေါ်၌ ချွေးတွေစိုရွဲနေသည်။ အင်္ကျီိထဲ၌လည်း ချွေးတွေစေးထန်းနေသည်။ သံလမ်းဘေးမှ လယ်ဗယ်အတိုင်း တသွင်သွင်စီးဆင်းနေသော ရေမြောင်းငယ်ထဲ၌ကာ ကာဘိုက်မီးရောင်သည် လက်ကနဲပေါ်နေသည်။
‘ခြောက်နှစ်ကျော်ကျော်လောက် ‘ဘာလီဝါလား’ လုပ်လာတဲ့ငါ့အတွက်များညည်းဖို့ချန်ပါဦးကွ ဖိုးကျော်ရ။ မင်းကဒီနေ့ တစ်ရက်တည်းလိုက်လာပြီး ဒီလောက်တောင် ခိုညည်းညည်းနေယင် ငါကမင်းထက်အဆပေါင်းများစွာငိုချင်းရှည်ချနေရမှာကွ သိရဲ့လား။ ဟား ဟား ဟား’
ကိုတင်မောင်ကြီး၏ ဟက်ဟက်ပက်ပက်ရယ်မောသံကမြေအောက်သတ္တုတွင်းနေရာအနှံ့ ကျယ်လောင်စွာမြည်ဟည်းရိုက်ခတ် နေသည့်အလား တသောသော ညံနေတော့သည်။ သူသည် အလုပ်စဝင်ပြီဆိုကတည်းက ‘ဘာလီဝါလား’အလုပ်ကိုသာ သက်သက် သာသာ လုပ်ကိုင်ခဲ့ပြီး အပန်းတကြီးလုပ်ရသော ‘စတုတ်’(သတ္တုထုတ်လုပ်သည့် လုပ်ကွက်နေရာ)ထဲ၌ မလုပ်ခဲ့ပေ။ အသက်က သုံး ဆယ်ကျော်၊ တကိုယ်တည်းလူပျိုကြီးဖြစ်နေတော့လည်း ငွေများများရဖို့ မက်မက်မောမောမရှိပဲတဝမ်းတခါးအတွက် ဖူလုံပြီဆိုလျှင်၊ အေးအေးဆေးဆေးလုပ်နေရသည်ဆိုလျှင် သူ့အဖို့ ပြီးပြည့်စုံနေပြီဟု သဘောပိုက်ထားဟန်တူသည်။
‘ဘာလီဝါလား’ ဆိုသည်မှာ ပစ္စည်းအပို့အယူလုပ်သူဟူ၍ အဓိပ္ပါယ်သက်ရောက်သောအိန္ဒိယလူမျိုး(ယခင်ကမိုင်းထဲ၌ လုပ်ခဲ့ဖူးသော ကုလားများ)၏ စကားအသုံးအနှုန်းများဖြစ်သော်လည်း မိုင်းထဲ၌ကား ‘ဘာလီဝါလား’ကို ယမ်းပို့ယမ်းသယ်လုပ်သူ ဟူ၍ လူတိုင်းနားလည်ထားကြသည်။
ကျွန်တော်ကား ‘ဘာလီဝါလား’အလုပ်ကို စိတ်ပါဝင်စားလှသူမဟုတ်သော်လည်း လူလိုသည့်လုပ်ကွက်တွင် လူစားလိုက် ရသည့်‘စပယ်ရာ’အလုပ်သမားဖြစ်နေသောကြောင့်လိုအပ်သောနေရာများ၌ လိုက်လုပ်ရသည်။
မိုင်းထဲ၌ လုပ်ခဲ့သည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း ကျွန်တော်မှာ ‘စတုတ်’ထဲ၌ အမြဲတမ်းအလုပ်သမားအဖြစ် မလုပ်ခဲ့ရပေ။ ‘စတုတ်’များ၌ သူ့လူနှင့်သူ ငါးယောက်တတွဲအကိုက်ဖြစ်နေသည်ကများသည်။
တချိန်ကမူ ကျွန်တော်သည် မိုင်းသမားများက‘လပဲရား’ဟုခေါ်သော ပြင်ဆင်ရေးအဆိုင်း၌ အမြဲတမ်းလိုက်ခဲ့ရဖူးသည်။ သို့သော် ၄င်းအဆိုင်းလည်းကျွန်တော်ရောက်ပြီး မကြာမီ ပျက်သွားကာ နောက်ဆုံး နဂိုမူလစပယ်ရာလူပြန်ဖြစ်ရတော့သည်။
ဤတစ်နှစ်အတွင်း၌ ကျွန်တော်သည် မိုင်းထဲရှိနေရာအနှံအပြားတွင် လုပ်ကိုင်ခဲ့ရသောအခါ မိုင်းလုပ်ငန်းအားလုံးနှင့် ရင်းနှီး ကျွမ်းဝင်ဖြစ်နေတော့သည်။
ဤမိုင်းအလုပ်များစွာထဲ၌ ‘စတုတ်’ထဲလုပ်ရသည့်အလုပ်မှာ အပင်ပန်းဆုံးဖြစ်သည်။ ကျောက်သားထက် အဆပေါင်းများစွာ မာကျစ်သော၊ လေးလံသောခဲသတ္တု(ဒေသအခေါ်ဘောကြော)ကြီးများကို ကျောက်ဖောက်စက်ဖြင့် လေအား၊ ရေအားတို့ကို အသုံးပြု လျက် အားစိုက်ကာ အပေါက်ငယ်များဖောက်ရသည်။ ထိုမရှင်းအပေါက်ငယ်များထဲ၌ ယမ်းတောင့်များထည့်ကာ စနက်တံဖြင့် မီးရှို့၍ ဖောက်ခွဲရသည်။
ထိုအခါ ဘော်ခဲများသည် အက်ကွဲပြတ်တောက်ကုန်ကာ ကြေမွလျက်အဝေးသို့ အရှိန်ပြင်းစွာ လွင့်စဉ်ကုန်တော့သည်။ ဒိုင်းနမိုင်းခွဲပြီးစ ယမ်းငွေ့များ မပြယ့်တပြယ်အချိန်မှာပင် မကွဲသော ဘော်တုံးဘော်ခဲကြီးများကို တူကြီးဖြင့် ထုခွဲကြရပြန်သည်။ ထို့ နောက် ကျောက်တုံးကျောက်ခဲငယ်များ၊ မြေသားများနှင့် ရောနေသော ဘော်များကို မိုင်းလက်တွန်းလှည်းပေါ်ရောက်အောင် ဂေါ်ဖြင့် ပစ်တင်ကြရသည်။ ဘော်တဂေါ်စာ လှည်းထဲရောက်ဖို့ ခါးကို ညွတ်ကိုင်းကာ ခြေထောက်ကို ညွတ်ကွေးကာ၊ လက်မောင်းထဲအား ထည့်ကာလုပ်ရသည်။ ပြီးလျှင် လှည်းကိုတွန်းသွားကာ ဘော်ဒိုက်ထဲသို့သွန်ထည့်ရသည်။
ကျွန်တော်သည် ‘စတုတ်’ထဲတွင်လည်းမကြာမကြာလိုက်ခဲ့ဖူးတော့ လုပ်ငန်းသဘောတွေကို နားလည်သိရှိနေသည်။ စတုတ်ထဲလုပ်ရသည့် နေ့မျိုး၌ ကျွန်တော်၏ အိမ်အပြန်လမ်းတွင် အားအင်များကုန်ခန်းလာသည်။ ခြေလှမ်းတွေ လေးဖင့်လာသည်။ အိမ်ရောက်လျှင် မောဟိုက်ပင်ပန်းနေတော့သည်။ သို့သော်လည်း ပင်ပန်းသမျှ‘ဘောနပ်ငွေ’ဟူသော လုပ်အားဆုငွေလေး မြိုးမြိုးမြက် မြက်စားရသောအခါ ပင်ပန်းစိတ်တွေပြေပျောက်ခဲ့ရသည်သာ။
ဒီနေ့တော့မိုင်းသာနံပါတ်(၅)စတိုးမှ ‘ဘာလီဝါလား’သည် ခွင့်ယူသွားသဖြင့် သူ့နေရာ၌ လူစားလိုက်ရသည်။ မြေအောက် ကြီးကြပ်ရေးမှူးသည် ကျွန်တော့်ကို ယမ်းထုတ်ဖို့ ‘ယမ်းလက်မှတ်’ စာရွက်ပေးလိုက်ပြီး မိုင်းသာနံပါတ်(၂)စတိုးမှ ကိုတင်မောင်ကြီး နှင့်အတူထည့်ပေးလိုက်သည်။ လူသစ်(လုပ်ငန်းအသစ်)ဖြစ်နေ၍ မည်သို့လုပ်ကိုင်ရမည်ဆိုသည်ကို အသေအချာမှာလိုက်သည်။
ထို့ပြင် ယမ်းထုတ်ဖို့၊ စစ်ဆေးဖို့ကိစ္စ အားလုံးကိုလည်း ကိုတင်မောင်ကြီးက ကျွန်တော့်ကို ကူညီလုပ်ကိုင်ပေးရန် ထပ်မံမှာ ကြားလိုက်သည်။
မြေအောက်မိုင်းထဲရှိ ယမ်းတိုက်ထားသည့် နံပါတ်(၄)လယ်ဗယ်ထဲသို့ ကျွန်တော်တို့ရောက်သွားသောအခါ အံသြခြင်းကြီးစွာ ဖြစ်နေရသည်။ မျက်စိအမြင်၌လည်း အသစ်အဆန်းချည်းပင်ဖြစ်သည်။ မြေအောက်မိုင်းထဲရှိ အခြားလယ်ဗယ်ခပ်များများမှာ လျှပ်စစ် မီးပွင့်ခပ်ကျဲကျဲ၊ မှိန်ပျပျ။ တချို့နေရာများတွင် မှောင်နှင့်မည်းမည်း။လယ်ဗယ်တစ်လျှောက်တွင်လည်း ဗွက်တွေ၊ ရွှံ့တွေ၊ သစ်သား အဆွေးအမြည့်တွေနှင့် ညစ်ပတ်ပတ်။ မသန့်မပြန့်နှင့်ပင်ဖြစ်နေသည်။ ယခုလယ်ဗယ်တစ်လျှောက်တွင်ကား လျှပ်စစ်မီးတွေ ထိန်ထိန် လင်းနေသည်။ လယ်ဗယ်လမ်းတွေကလည်း သန့်သန့်ရှင်းရှင်း၊ လေပိုက်လိုင်းများမှာလည်းသားသားနားနား။ ကျွန်တော်သည် အေးမြ သောလေကိုတ၀ကြီး ရှူရှိုက်လိုက်မိသည်။ ရင်၌ ပေါ့ပါးကြည်လင်သွားသည်။ လူလည်းလန်းဆန်းနေတော့သည်။
ယမ်းတိုက်နေရာရောက်ဖို့ အချိန်တော်တော်ကြာအောင် လျှောက်လာရသည်။ ယမ်းတိုက်ကြီးကို မြင်ရပုံမှာ မြေအောက်၌ လျှို့ဝှက်စွာ ဆောက်ထားသည့်ရဲတိုက်ကြီးနှင့်ပင်တူနေသေးတော့။ ပတ်ပတ်လည်၌ သံတိုင်များအထပ်ထပ်ဝန်းရံထားသည်။ ယမ်းတိုက် ရောက်သောအခါ ဒရဝမ်တွေ၊ ယမ်းတိုက်မှူးတွေက ထုံးစံအတိုင်း စစ်ဆေးမေးမြန်းနေသေးသည်။ ယမ်းတောင့်များ၏ စိမ်းရွှေရွေအှနံ့ အသက်ကို ရှူရှိုက်လိုက်ရသောအခါ ရင်ထဲ၌ အော်ဂလီဆန်သွားသည်။ ဒီအနံ့အသက်တွေသာ နေ့တိုင်းရှူနေရလျှင်တော့ မလွယ် လှ။ ယမ်းတိုက်မှူးအနီး၌ ဤအနံ့အသက်များနည်းပါးအောင် လေမှုတ်စက်တပ်ဆင်ပေးထားသဖြင့် တရှီးရှီးအသံကြီးမှာ ယမ်း တိုက် ထဲ၌ ဆူညံနေလေသည်။
ကိုတင်မောင်ကြီးသည် ကြီးကြပ်ရေးမှူးရေးပေးလိုက်သည့် ‘ယမ်းလက်မှတ်’စာရွက်ထဲတွင် ပါရှိသည့်အတိုင်း ယမ်းတောင့် များ၊ ယမ်းကြိုးများကိုစစ်ဆေးရေတွက်ယူပြီး ယမ်းပုံးထဲတည့်နေသည်။
‘ဖိုးကျော်၊ မင်းတို့နံပါတ်(၅)စတိုးအတွက် ဒီကနေ့ ယမ်းတောင့်က အတောင့်ငါးဆယ်၊ ယမ်းကြိုးက အချောင်းငါးဆယ်၊ သေသေချာချာမှတ်ထားနော်၊ ဒီမှာ သူ့ပုံးနဲ့သူ ထည့်လိုက်ပြီ’
ကျွန်တော်ကလည်း ယမ်းတောင့်၊ ယမ်းကြိုးများကို ထပ်မံစစ်ဆေးလိုက်သည်။ ယမ်းအရေအတွက် ကိုက်သည်။ ထို့နောက် ယမ်းပုံးကိုမလိုက်ကာ ပခုံးပေါ်၌ သိုင်းလွယ်လိုက်သည်။ ပြီးတော့ ကိုတင်မောင်ကြီးနောက် ထက်ကြပ်မကွာလိုက်လာခဲ့သည်။ ယမ်းတိုက်မှ ဂိတ်သို့ သွားနေစဉ် လယ်ဗယ်တလျှောက်၌ စိတ်များပေါ့ပါးကြည်လင်နေသည်။ ခုတော့၊ခုတော့. . . . ။
ခုတော့ . . . ပူအိုက်လွန်း၊ မွန်းကျပ်လွန်းနေသော ကွာရီချောင်လယ်ဗယ်အတိုင်း လျှောက်နေရသောအခါ ရင်ထဲ၌ အော့နှလုံးနာလာသည်။ ယမ်းပုံးကို လွငှ့်ပစ်ချင်စိတ် ပေါ်လာနေပြန်သည်။ စတိုးကို ရောက်ဖို့ကလည်း နောက်ထပ်မိနစ် (၂၀)ခန့် လျှောက်ရဦးမည်ထင်သည်။ တကယ်တမ်း၌ မိုင်းသမားအများစုသည် ကွာရီချောင်လယ်ဗယ်မှ ဖြတ်မသွားချင်ကြ။ အလုပ်မလုပ်ချင် ကြ။ တာဝန်အရမို့သာ သွားရောက်လုပ်ကိုင်ကြရသော်လည်း ကွာရီချောင်သည် ပူသည့်လောင်သည့် မြေအောက်နေရာများအနက် တခုအပါအဝင်ဖြစ်သောကြောင့် ဖြစ်နိုင်လျှင် သည်နေရာမှ ဖြတ်မသွားချင်ကြ၊ မလုပ်ကိုင်ချင်ကြ။ သို့သော် သည်ကွာရီချောင်ကို ဖြတ်သွားမှ အလုပ်ဖြစ်မည် မဟုတ်လား။
‘ဟေ့ ဖိုးကျော်ငြိမ်လှချည့်လား၊ ဘာတွေများစဉ်းစားနေတာလဲကွ။စတိုးကိုရောက်တော့မှာပါ။ပြီးတော့ငါတို့က တခြားမိုင်း သမားတွေအယင်ကုန်းပေါ်ပြန်တက်ရမှာပါကွ။ အိမ်ရောက်ရင် ရေမိုးချိုး၊ ထမင်းစား၊ အဝတ်သစ် အစားသစ်ဝတ်၊ ပြီးတော့လခသွား ထုတ်ကြမယ်လေ။ ဒီနေ့လခထုတ်ရက်ဆိုတော့ ငါတော့နည်းနည်းလောက်မော့ရဦးမယ်ဟေ့။ မင်းကော အလုပ်အပန်းဖြေ နည်းနည်း ပါးပါးမလုပ်တော့ဘူးလားကွ။ တို့မိုင်းအလုပ်သမားတွေအဖို့ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ လခထုတ်တဲ့နေ့လေးမှာပဲ သောက်ချင် တာလေးသောက်၊ စားချင်တာလေးစားရတာပဲမဟုတ်လား။ ဟေ့ဖိုးကျော် ငါမေးတာပြောစမ်းပါဦးကွ’
ကျွန်တော်လည်းအတွေးထဲမှ လန့်နိုးသွားသည်။ ကိုတင်မောင်ကြီးပြောမှပင် ဒီကနေ့ လခထုတ်ရမည့်ရက်မှန်းသတိပြန်ရလာ မိသည်။ ဒီကနေ့လခထုတ်ရက်ဆိုတော့ ငွေထုတ်ပေးသည့် ရုံးကြီးအနီး၌ အလုပ်သမားတွေ တရုန်းရုန်းဖြစ်နေလိမ့်မည်။ အဝတ်အစား သစ်နှင့် အလုပ်သမားများလည်း နန့်ပန်ယွန်းချောင်းကမ်းဘေး ဘော်တွင်းကျောက်ပြုတ်လမ်းပေါ်၌ဥဒဟိုသွားနေကြလိမ့်မည်။ စာတိုက် ရှေ့၌ နမ္မတူမှ လာရောင်းသည့် ဈေးဆိုင်ငယ်များ၊ မုန့်သည်များ၊ သမဆိုင်၌ ကြိတ်ကြိတ်တိုးနေသော အလုပ်သမားများ၊ ဈေးကွင်း ထဲ၌လည်း အထည်သည်များ၊ ရေဘေးထည်များ၊ ကုန်စိမ်းသည်များ၊ မုန့်သည်များ၊ လခထုတ်သည့်နေ့ဆိုလျှင် ဘော်တွင်းမြို့လေး သည် ပွဲတော်လေးတမျှ စည်ကားနေတတ်သည်။
ကျွန်တော်သည်လည်း လခထုတ်တဲ့နေ့မှာ ကိုတင်မောင်ကြီးလို ယမကာကလေးဘာကလေး နည်းနည်းပါးပါးလုပ်ရလျှင် ကောင်းမလား၊ သူပြောသလို တလလုံးလုံးပင်ပန်းသမျှ အရက်ကလေးငုံယင်းအပန်းဖြေရလျှင် ကောင်းမလား။ အခုအခါ၌ ကျွန်တော် သည် ညက ခင်မေပြောခဲ့သော စကားကို ကြားယောင်နေမိပြန်သည်။
‘ဒီတခါ လခထုတ်ယင်တော့ အမဲသားကို ပိဿာလုံးနှပ်စားကြရအောင်နော်၊ အသီးအရွက်ဟင်းချည်း နေ့တိုင်းလိုလိုစားနေရ တာ ကြာယင်လျှာပေါ်မှာ ဟင်းရွက်ခင်းကြီးပေါက်လာလိမ့်မယ်။ ကိုဖိုးကျော် လခထုတ်ပြီး အိမ်ကိုချက်ချင်းပြန်လာခဲ့နော်။ ဆီလဲကုန် နေပြီ။ ဆန်လဲကုန်နေပြီ။ တော်ပြန်လာမှ ဝယ်ရခြမ်းရမှာ။ ပြီးတော့ မုန့်လဲဝယ်ခဲ့ဦးနော်။ ကလေးတွေက ကိုဖိုးကျော်အပြန်မျှော်နေ ကြမှာ’
ဆယ်ပေအခန်းကျဉ်းလေးထဲမှ လေးဆယ်အားမီးသီးမှိန်ပျပျ အလင်းရောင်အောက်ဝယ် ခင်မေသည် ဘောင်းဘီစုတ်ကို ချုပ်ရင်း ကျွန်တော့်ကို တိုးတိုးညင်ညင်ပြောနေသည်။ ကျွန်တော့်ကိုယ်ပွားသုံးယောက်မှာလည်း ကြမ်းပြင်ပေါ်၌ မလုံ့တလုံ စောင်စုတ် ကိုခြုံပြီးနှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေသည် ကျွန်တော်သည် လက်ထဲ၌ အစီခံထိရောက်နေသော နေမင်းဆေးလိပ်တိုကို တရှိုက်ဖွာ ထုတ်ယင်း ခင်မေ့ကိုစူးစူးနစ်နစ်ကြည့်နေလိုက်သည်။ ဆေးလိပ်မီးခိုးများအကြားဝယ် အသားဖြူသော ခင်မေ၏ မျက်နှာလေးမှာ လှပနေဆဲပင်။ ဆယ်ပေအခန်းကျဉ်းထဲမှ ခင့်မေရုပ်လွှာ၊ တောင်ပေါ်လက်ဖက်ခူးတက်သည့် ခင်မေ့ရုပ်လွှာ၊ ‘ရထားဈေး’၌ ဈေးကြို သည့် ခင့်မေရုပ်လွှာ၊ မိသားစုစားဝတ်နေရေးအတွက် ဝိုင်းဝန်းဖြေရှင်းပေးနေသည့် ခင့်မေရုပ်လွှာများမှာ ကျွန်တော့်နှလုံးအိမ်၌ မှတ် မှတ်သားသားစွဲထင်နေလျက်။ ဘယ်သောအခါတွင်မှ မေ့ပျောက်ပစ်၍ ရနိုင်မည်မဟုတ်သော ရုပ်ပုံကားချပ်များ။
‘ဟ၊ ဖိုးကျော်ရ၊ ငါမေးတာ မကြားဘူးလားကွ။ စကားပြန်လေးဘာလေးတောင် မရတော့ဘူလား’
ကိုတင်မောင်ကြီးသည် နောက်ဘက်ပြန်လှည့်ကာ ကျွန်တော့်မျက်နှာကို ကာဘိုက်မီးခွက်ဖြင့် ထိုးကြည့်ယင်း ဗလုံးဗထွေး ပြောပြီးနောက် ဆက်၍ လျှောက်နေသည်။
‘ကျွန်တော်မသောက်တတ်ပါဘူးဗျာ၊ ကျွန်တော့်အကြောင်း ကျွန်တော်ပဲအသိဆုံးပါ ကိုတင်မောင်ကြီးရာ’
နဖူး၌စိုနေသော ချွေးများကိုလက်ဖြင့်သုတ်ယင်း လေကိုမှုတ်ထုတ်လိုက်သည်။ လည်ပင်း၌ သိုင်းလာခဲ့သော ယမ်းပုံး(၂)ပုံးကို အနေသက်သာအောင် ကျောပြင်ပေါ် ပစ်တင်လိုက်ရာ ယမ်းပုံးတပုံးသည်‘ဝေါကနဲ’ ပွင့်ထွက်သွားသည်။ ယမ်းတောင့်များလည်း လယ်ဗယ်ပေါ်၌ ပြန့်ကျဲကုန်တော့သည်။
‘ဟာ . . . ကိုတင်မောင်ကြီးလုပ်ပါဦးဗျ၊ ကျွန်တော့်ယမ်းပုံးကြီးပွင့်ထွက်သွားပြီဗျ’
ကျွန်တော်သည်အထိတ်တလန့်အော်ဟစ်လိုက်သည်။ ကိုတင်မောင်ကြီးလည်း ကျွန်တော့်ဆီပြေးလာပြီး ပွင့်ထွက်သွားသော ယမ်းပုံးကို ကာဘိုက်မီးခွက်ဖြင့် ထိုးထားလိုက်သည်။ သူသည်ယမ်းပုံးကို သေချာစွာကိုင်ကြည့်လိုက်ပြီးနောက်. . . .
သြော်. . . ယမ်းပုံးရဲ့ဖင်က ပွင့်ထွက်သွားတာကိုး။ ပုံးတွေကလဲ တော်တော်ဟောင်းနေပြီပဲ။ ကဲ... ကဲ... ယမ်းတောင့်တွေ ကောက်ထည့်ကွာ။ ပြီးမှပုံးအောက်ခြေကနေ ကြိုးနဲ့သိုင်းကြတာပေါ့’
ကျွန်တော်က ယမ်းတောင့်များကို ကောက်ယူပေးပြီး၊ ကိုတင်မောင်ကြီးက ရေတွက်ကာ ပုံးထဲသို့ပြန်ထည့်နေသည်။ ကာဘိုက်မီးခွက်နှစ်ခု၏ အလင်းရောင်ကြောင့် မြေနီရောင် စက္ကူပတ်နှင့် လိပ်ထားသော ယမ်းတောင့်များကို ထင်ထင်ရှားရှား မြင်နေရသည်။
ထိုခဏ၌ ကိုတင်မောင်ကြီးက အထိတ်တလန့် ပြောလိုက်သောစကားကြောင့် ကျွန်တော့်တကိုယ်လုံး ကြက်သီးမွေးညင်းများ တဖျဉ်းဖျဉ်းထသွားတော့သည်။

‘ဖိုးကျော်. . .. . .ယမ်းတောင့်တခုလိုနေတယ်ကွ။ (၄၉)လိပ်ထဲတွေ့တယ်’
‘ဟင်... သေသေချာချာရေစမ်းပါဦး ကိုတင်မောင်ကြီးရာ’
ကျွန်တော်သည်စိုးရိပ်ပူပန်မှုနှင့် ကိုတင်မောင်ကြီးကို အားကိုးတကြီး မော့်ကြည့်လိုက်သည်။
ပြီးတော့ ကျွန်တော်ကိုယ်တိုင် ယမ်းတောင့်များကို တခုချင်း ပြန်၍ ရေတွက်နေမိပြန်သည်။
‘လေးဆယ့်ခွန်၊ လေးဆယ့်ရှစ်၊ လေးဆယ့်ကိုး။အယ်ဗျာ. . . တကယ့်ကို တတောင့်လိုနေပြီဗျ။ ရှာစမ်းပါဦး ကိုတင်မောင်ကြီးရာ’
ကျွန်တော်နှင့် ကိုတင်မောင်ကြီးသည် ယမ်းပုံးပွင့်ကျသည့်နေရာမှသည် လာရာလမ်း၏ ဝါးတရိုက်သာသာအထိ ပြန်၍ ရှာဖွေနေမိကြသည်။ ယမ်းပုံးကဘယ်နေရာကတည်းကပွင့်နေသည်မသိနိုင်။ ကျွန်တော်တို့သည် ကာဘိုက်မီးခွက်ကို ခပ်များများ ရေဖွင့်ကာ ရှာသည်။ ဤလယ်ဗယ်ကျဉ်းကျဉ်းထဲ၌ ကာဘိုက်မီးရောင် ထိန်ထိန်လင်းနေတော့သည်။
‘ယမ်းနဲ့ပတ်သက်လို့ကတော့ လူသစ်ရော လူဟောင်းရောအညှာမပေးဘူး။ ပေါ့ပေါ့လျော့လျော့လုပ်ယင် အလုပ်ပြုတ်ထောင် ကျပဲ’
နံပါတ်(၅)စတိုးကလပ် (ပစ္စည်းထိန်းစာရေး) ပြောခဲ့ဖူးသော စကားကို ကြားယောင်လာသည်။
မိုင်း၌ ယမ်းကိစ္စနှင့် ပတ်သက်လျှင် ဘယ်တုန်းကမှ လျှော့ပေါ့မစဉ်းစားမှန်း ကျွန်တော်တို့ ကြားသိနေသည်။
အချို့သော မသမာသူ လူနည်းစုက ယမ်းကို မိုင်းအပြင်သို့ ခိုးထုတ်တတ်ကြသည်။ ထိုအခါတွင် မသမာသူ အဖျက် သမားများလက်ထဲ ရောက်သွားသော အခါ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများ၊တံတားများကို ဖျက်ဆီး ကြလေသည်။
ထို့ကြောင့် ယမ်းခိုးထုတ်မှု မပြုလုပ်နိုင်ရန် သက်ဆိုင်ရာက တိတိကျကျ ကိုင်တွယ်နေသည်။ သည်ကြားထဲမှပင် ခိုးထုတ်သူများပေါ်လာလျှင် ပြင်းထန်စွာ အရေးယူသည်။
ထို့ကြောင့်လည်း မိုင်းဌာနဆိုင်ရာအနေဖြင့် ယမ်းနှင့် ပက်သက်၍ စနစ်တကျ စည်းကမ်းထုတ်ထားသည်။ ယမ်းတိုက်မှူး သည်လည်းကောင်း၊ ဘာလီဝါလားသည်လည်းကောင်း၊ စတိုးကလပ်သည်လည်းကောင်း၊ ယမ်းခွဲသူသည်လည်းကောင်း သူ့တာဝန်နှင့် သူ စည်ကမ်းလိုက်နာကြရသည်။
ဘာလီဝါလားသည် ယမ်းတိုက်မှ ထုတ်လာသော ယမ်းကို စတိုးကလပ်ထံအပြည့်အ၀ အပ်ရန်တာဝန်ရှိလေသည်။ ပေါ့ဆမှု ကြောင့်ဖြစ်စေ၊ မသမာမှုကြောင့်ဖြစ်စေ၊ ယမ်းတောင့်အရေအတွက် လျော့လျှင် လျော့သူ၏ တာဝန်ပင်ဖြစ်နေသည်။
ယခုလည်းကျွန်တော်က မလိမ့်တပတ်လုပ်ခြင်းမဟုတ်။ ရိုးရိုးသားသားနှင့် ပျောက်ဆုံးသွားသည့်ကိစ္စကို အလုပ်ပြုတ်ထောင် ကျမည်ဆိုလျှင် တရားသည်၊ မတရားသည်၊ မှန်ကန်သည်၊ မမှန်ကန်သည်ကိုငြင်းနေ၍ မဖြစ်နိုင်။ မိမိလက်ထဲ၌ ရှိသော ယမ်းတောင့်တစ်တောင့် လျော့နေခြင်းမှာမိမိ၏ အပြစ်ဖြစ်နေသည်မဟုတ်လား။ သက်ဆိုင်ရာအနေနှင့် အဖြစ်မှန်ကို သိရှိသွား သည့်တိုင်အလုပ်ပြုတ်ထောင်ကျ မဖြစ်သော်လည်း အပြစ်ပေးတော့ခံရဦးမည်။ အကယ်၍ ကျွန်တော်သည် ဤယမ်းတောင့် တတောင့် အတွက်နှင့် အပြစ်ပေးခံရတော့မည်ဆိုလျှင် . . . .
ကျွန်တော်သည် ဆက်မတွေးရဲတော့ပဲ၊ ကာဘိုက်မီးခွက်ကိုသာ ခဏခဏရေဖွင့်ယင်း ယမ်းတောင့်ကို သဲသဲမဲမဲရှာဖွေနေ သည်။ ကွာရီချောင်၏ အပူ၊ မိုင်းထဲကအပူ၊ ဇနီးသားသမီးအတွက် ပူပန်သည့်အပူ၊ တာဝန်ကြောင့်ပူပန်သည့်အပူ။ ဤအပူ အားလုံးသည်ပေါင်းစုပြီး ကျွန်တော့်ရင်ထဲ၌ ကြီးမားသော အပူအလုံးကြီး တခုပမာဆို့၍ ဆို့၍တက်လာနေကာ နောက်ဆုံးတွင် ခန်ဓာ ကိုယ်၏ သေးမွှားသော အပေါက်ငယ်လေးများမှတဆင့် အပြင်ဘက်သို့ ချွေးသီးချွေးပေါက်ကြီးများအဖြစ် အန်ထွက်လာတော့သည်။ တကိုယ်လုံးမှာ ရေချိုးထားသလိုပင် ချွေးသီးတွေရွှဲနစ်နေလျက်။
ကျွန်တော်သည် မျှော်လင့်ချက် ရောင်ခြည်မျှင်လေးကို တွေ့ရလိုတွေ့ရငြား၊နီကျင်ကျင် ရေမြောင်းငယ်ထဲသို့ လက်နှိုက်၍ ရှာဖွေနေမိပြန်သည်။ ယခုဒီယမ်းတောင့်တတောင့် မတွေ့ခဲ့လျှင် အလုပ်ပြုတ်ထောင်ကျမည်မှာ အမှန်ပင်။ တကယ်လို့များ အလုပ် ပြုတ်ထောင်ကျခဲ့လျှင် . . . ။ ကျွန်တော်ဆက်မတွေးရဲတော့။ မျက်လုံးအိမ်ထဲ၌ ဇနီးခင်မေ၏ မျက်နှာဝိုင်းဝိုင်းလေးနှင့် ကိုယ်ပွား ကလေးငယ်သုံးယောက်၏ ပြာမွဲမွဲ မျက်နှာလေးများ ပေါ်လာနေသည်။ ဒီကနေ့မနက် အလုပ်ဆင်းပြန်ချိန်၌ သားအမိလေးယောက် သည် အခန်းဝ၌ထိုင်ကာ ကျွန်တော့်ကို ဝမ်းပန်းတသာ စောင့်မျှော်နေပေလိမ့်မည်။ ကနေ့လခထုတ်ရက်ဆိုတော့ ခါတိုင်းနေ့များထက် ပို၍စောင့်မျှော်နေလိမ့်မည်။ နောက်ဆုံးအချိန်တန်၍ အိမ်ပြန်မလာသောအခါ အကြောင်းစုံကို သိသွားပြီ ဆိုသောအခါ ခင်မေသည် ရင်ဘတ်ကို လက်သီးနှင့် အခါခါထုရင်း ‘ကျုပ်တို့မိသားစု ဘယ်လိုနေထိုင်စားသောက်ရတော့မလဲ ကိုဖိုးကျော်ရဲ့’ ဟူ၍ ဟစ်၍ ဟစ်၍ ငိြုွေကးနေတော့မည်။ သူ၏ ရှိုက်သံကား ဆယ်ပေအခန်းကျဉ်းထဲမှနေ၍ အပြင်ဘက် အလုပ်သမားရပ်ကွက်ထဲအထိ လွင့်ပျံ့ နေလိမ့်မည်ထင်သည်။ နောက်ဆုံးတော့လည်း သူ၏ငိုရှိုက်သံတို့သည် ဆူညံနေသော အလုပ်သမား ရပ်ကွက်ထဲမှ အသံပေါင်းစုံနှင့် ရောထွေးသွားပေလိမ့်မည်တကား။
ကျွန်တော့်ရင်သည် သွေးခုန်နှုန်းတွေပို၍ မြန်လာကာအသက်ရှုသံမှာလည်း မူမမှန်တော့ပဲ နွမ်းဟိုက်မောပန်းလာသည်။ ယမ်းတောင့်ရှာဖွေနေသော လက်များကလည်း တဆတ်ဆတ်တုန်ယင်လာသည်။ နှစ်ပေါင်းမည်မျှကတည်းက အနယ်ထိုင်နေသည်မသိ သော ရွှံ့နီဗွက်ထဲသို့ လက်ကိုတစတစတိုး၍ စမ်းနှိုက်နေမိသည်။ ထိုစဉ်ကျွန်တော့်လက်နှင့် မာတောင့်တောင့် အရာတခု ထိတွေ့ မိသည်။ ဘာလဲ၊ ဘာလဲဟ။ သစ်သားတို သစ်သားစလား၊ ကျွန်တော်တွေ့လိုသော ယမ်းတောင့်လား။ ရင်ခုန်စွာနှင့်ပင် ထိုအရာဝတ္တုကို တဖြည်းဖြည်းချင်းမယူပြီး ကာဘိုက်မီးခွက်ရှေ့၌ ထောင်ကြည့်သောအခါ ရင်ထဲ၌ မျှော်လင့်ချက် မြင်းမိုရ်တောင်ကြီး ပြိုကျသွားသကဲ့သို့ စိတ်ပျက်စွာ ခံစားလိုက်ရသည်။ မီးရောင်အောက်၌ ယမ်းတောင့်မဟုတ်ပဲ သစ်သားအတိုအစဖြစ်နေသည်။ ကျွန်တော်လည်းလေပူကို‘ဟူး’ကနဲမှုတ်ထုတ်ယင်း ငိုင်နေမိပြန်သည်။ သို့သော် ထိုင်နေ၍ မှိုင်နေ၍ ငိုင်နေ၍ မဖြစ်သေး။ တွေ့လိုတွေ့ ငြားရှာတာမှအသက်ရှုချောင်နိုင်ပေလိမ့်မည် မဟုတ်လား။ ထို့ကြောင့် ရေမြောင်းငယ်ထဲသို့ တဖန်ပြန်၍ နှိုက်နေမိပြန်သည်။ အောက် ခြေရွှံ့ဗွက်ထဲ တရွေ့ရွေ့စမ်းကာနှိုက်နေသည်။ ကျွန်တော်နှင့် ခပ်လှမ်းလှမ်းဝေးသောနေရာ၌ ကာဘိုက်မီးခွက်ကို ရေခဏခဏဖွင့်ယင်း ကုန်းချည် ကွချည်နှင့် ယမ်းတောင့်ရှာဖွေနေသော ကိုတင်မောင်ကြီးသည်လည်း အသက်ကိုပင် ပြင်းပြင်းရှုနိုင်ဟန်မတူတော့။ ရွှေရှာ သလို ပိုက်စိပ်တိုက် ရှာဖွေနေလေသည်။
‘ဟိုက်’
ကျွန်တော့်ပါးစပ်မှအာမေဍိတ်ပြုသံကြောင့်တိတ်ဆိတ်နေသော လယ်ဗယ်သည် အသက်ဝင်လှုပ်ရှားသွားသည်။ကျွန်တော့်လက် နှင့်အရာဝတ္တုတခု တွေ့မိပြန်သည်။ ၄င်းအရာဝတ္တုကို ခပ်ဖွဖွ ဆုပ်ကြည့်မိသည်။ အမာကြီးတော့မဟုတ်။ သစ်သားတို၊ သစ်သားစ မဟုတ်ပါစေနဲ့၊ ယမ်းတောင့်ဖြစ်ပါစေ။ ကျွန်တော်သည် ဒုတိယမ္ပိ တွေ့ရှိသော အရာဝတ္တုကို မျက်လုံးမှိတ်လျက် မယူကာ ကာဘိုက် မီးခွက်ရှေ့၌ ထောင်လိုက်သည်။ မျက်လုံးများကိုမဖွင့်ရဲသေးပေ။ ရင်ထဲ၌ကား နှလုံးခုန်နှုန်းမြန်ဆန်နေသည်။ သေချာပါစေ။ ယမ်း တောင့်သေချာပါစေဟူ၍ ကြိတ်ဆုတောင်းယင်း မျက်လုံးကို မ၀ံ့မရဲနှင့် ဖွင့်ကြည့်လိုက်သည်။ ထိုအခါ နက်ရှိုင်းသော ချောက် ကမ်းပါးထိပ်မှနေ၍ အောက်သို့ခုန်ချလိုက်သော လူတယောက် အသည်း‘အေးကနဲ’ ဖြစ်သွားသလိုမျိုးပင်၊ ကျွန်တော့်ရင်ထဲတွင် ထုတ် ဖော်မရသော ဝမ်းသာမှုကို ‘အေးကနဲ’ ခံစာလိုက်ရသည်။
‘ကိုတင်မောင်ကြီးရေ၊ ဒီမှာ ယမ်းတောင့်တွေ့ပြီဗျ။ ယမ်းတောင့်တွေ့ပြီ၊ ယမ်းတောင့်တွေ့ပြီ၊ ယမ်းတောင့်တွေ့ပြီ’
ကျွန်တော်သည်ယမ်းတောင့်ကို လက်ထဲတွင် တင်းတင်းဆုပ်ယင်း ဆုပ်ယင်း ကိုတင်မောင်ကြီးကို ဝမ်းသာအယ်လဲ ဟစ် ခေါ်လိုက်သည်။ကျွန်တော့်အသံမှာ မြေအောက်သတ္တုတွင်းထဲ၌ ဆူညံနေသော အသံဗလံအားလုံးကို လွမှ်းမိုးဖုံးကွယ်လိုက်သည် ထင်သည်။ ရင်ထဲက အပူလုံးကြီးလည်း ရေမြောင်းငယ်လေးထဲကျသွားပြီထင်သည်။ ခန်ဓာကိုယ်တခုလုံး အပေါ်တွင်ကားချွေးသီးချွေး ပေါက်များ တွဲခိုနေလျက်။ ကျွန်တော်သည်ချွေးတွေကြားထဲ၌ နစ်နေသည်။
စင်စစ် ဤချွေးစက်များသည်ကား မိုးတိမ်မဆင်၊ မိုးမထစ်ချုန်း၊ လျှပ်စီးမလက်ပဲနှင့် မြေအောက်၌ သဲကြီးမဲကြီး ရွာသွန်းခဲ့ သော ချွေးမိုးပင် မဟုတ်လား။
(၁၉၈၄ ခုနှစ်၊ ဇွန်လ မိုးဝေမဂ္ဂဇင် အမှတ် ၁၉၇)
 

No comments:

Post a Comment