Thursday, February 9, 2017

စာပေတစ်ကွေ့ မမေ့မှတ်တမ်း
ဆင်တဲဝမြတ်ဖုန်း
ဘော်တွင်းနှစ်တစ်ရာပြည့်စာစောင် ၂၀၁၄ ဧပြီ

သတ္တုတွင်းမြို့လေးဆီသို့
ဆင်ကျောကုန်းသဏ္ဌာန်တောင်ကတုံးကြီးတွေရဲ့ကြား နမ့်ပန်ယွန်းတောင်ကျချောင်းကလေး ဖြတ်သန်းစီးဆင်းရာ တောင်ကြားထဲက ဘော်တွင်းသတ္တုတွင်းမြို့ကလေးသို့ ကျွန်တော်ရောက်ရှိခဲ့သည်က ၁၉၇၄ခုနှစ် ကုန်ဆုံးခါနီးအချိန်။ ထိုသတ္တုတွင်းမြို့ကလေးသို့ နမ္မတူကတစ်ဆင့်သွားရသည်။ နမ္မတူဘူတာရောက်သည်နှင့် မိုင်းအငွေ့အသက်တွေ ရလာနေပြီ။ မိုင်း(Mine) ဆိုသည်က သတ္တုတွင်းကို ခေါ်ခြင်းဖြစ်သည်။ နမ္မတူဘူတာအနီး သတ္တုစက်ရုံများဆီက ဓာတ်ဆေးနံ့၊ ဆာလ်ဖိုဒ်တွင်းထွက်များဆီက ဆာလ်ဖာ(ကန့်)နံ့နဲ့ မီးရထားစက်ခေါင်းဆီက ကျောက်မီးသွေး ညှော်နံ့တွေ ပေါင်းစုပြီး လေထဲမှာ လွင့်ပြန့်နေသည်။ ဆာလ်ဖာအငွေ့က လူ၊တိရစ္ဆာန်၊ သစ်ပင်တွေအတွက် အန္တရာယ်။ ဒါကြောင့် စက်ရုံမှ အငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တောင်ကြောထိပ်မီးခိုးခေါင်းတိုင်မှ ကောင်းကင်အမြင့်ထဲ ထုတ်လွှတ်ပစ်ရသည်။ ကြေးနီရောင်တောင်ကြောပေါ်က မီးခိုးခေါင်းတိုင်မှာ မီးခိုးငွေ့တွေ တလူလူ(နောင်အခါတွင် ကဗျာဆရာ မောင်သွေးသစ်က `မီးလောင်သောတောင်၊ မီးတောင်မဟုတ်` ဟု ရေးဖွဲ့ခဲ့သည်။) ဆာလ်ဖာငွေ့တွေက မိုးရေ၊ နှင်းရေတွေနဲ့ တွေ့ထိဓာတ်ပြုတော့ ဆာလ်ဖျူရစ်အက်ဆစ်ခေါ်သည့် ငရဲမီးတစ်မျိုးဖြစ်လာသည်။ ထိုငရဲမီးက သစ်ပင်၊ မြက်ပင်တွေကို လောင်ကျွမ်းပစ်လိုက်လို့ စက်ရုံအနီးဝန်းကျင်က တောင်ကတုံးတွေ၊ ကြေးနီရောင်တောင်ကတုံးတွေ။
နမ္မတူဘူတာအနီးတွင် စိမ်းဖန့်ဖန့် နမ္မတူမြစ်စီးဆင်းနေသည်။ ထိုမြစ်က သီပေါနားရောက်တော့ ဒုဌဝတီ၊ အင်းဝနားရောက်တော့ မြစ်ငယ်၊ အမည်အမျိုးမျိုး ပြောင်းသွားသည်။ နမ္မတူမြို့အောက်နားတွင် ထိုမြစ်ထဲသို့ နမ့်ပန်ယွန်းအမည်ရှိ တောင်ကျချောင်းလေးတစ်ခု စီးဝင်နေ၏။ ရေစီးကြောင်းက ကျဉ်းကျဉ်း၊ ရေကနည်းနည်း။ သို့ပေမယ့်ရေစီးက သန်သည်။ ကျောက်တုံးကျောက်ခဲတွေကို တိုးဝှေ့ခုန်ပေါက်ပြီး အော်ဟစ်စီးဆင်းနေသည်။ ထိုချောင်းကလေး၏ တစ်ဖက်တစ်ချက်မှာတော့ မြင့်မားမတ်စောက်လှသော တောင်ကြီးတွေ။
နမ္မတူမှ (၁၂) မိုင်ခန့်ဝေးသော ဘော်တွင်းသို့ ထိုနမ့်ပန်ယွန်းချောင်းရိုးဘေးမှ မီးရထားသံလမ်းလေးအတိုင်း သွားကြရသည်။ နမ္မတူမှ ဘော်တွင်းသို့ မိုင်းသုံးသစ်တွေပို့သော ရထား၏ သစ်တွဲများပေါ်မှာ ပဒေသာပင်သီးသလို တွဲခိုလိုက်ပါကြရသည်။ အများဆုံး စီးကြသူတွေက ဈေးသည်တွေ။
နမ္မတူ-ပန်ဟိုက် အရုဏ်တက်ဈေးက ဖောက်သည်ယူလာကြတဲ့ စားကုန်နဲ့ ကုန်စိမ်းတွေကို ဘော်တွင်းမှာ ပြန်ရောင်းမယ့် ဈေးသည်တွေ အမြဲစီးနေကျမို့၊ ထိုရထားကို ဈေးရထားဟုပင်ခေါ်နေကြသည်။ ဘော်တွင်းက အပြန်ကျတော့သစ်တွေမပါတော့သော တွဲပက်လက်တွေချည်းမို့ လူတွေ ချောင်ချောင်ချိချိ စီးနိုင်ကြသည်။ နောက်ရထားတစ်မျိုးက ဘော်ရထား။ ဘော်တွင်းသတ္တုတွင်းထဲက ထွက်ရှိတဲ့ ဘော် တွေကို နမ္မတူစက်ရုံသို့ ပို့သောရထားဖြစ်သည်။ ဘော် ဆိုတာက မြေအောက်သတ္တုတွင်းထဲက တူးဖော်ရရှိတဲ့ ခဲ၊ ငွေ၊ သွပ်၊ ကြေးနီ၊ ခနောက်စိမ်း၊ သတ္တုအတုံးအခဲ၊ အကျိုးအကြေ အမှုန့်တွေက ကျောက်ခဲ၊ မြေကြီးရွှံ့စေးတွေနဲ့ ရောနေတာကို ခေါ်ခြင်းဖြစ်သည်။ ဘော်တွဲတွေ၏ တွဲကြိုတွဲကြားမှာ လူတွေဖြစ်သလို လိုက်စီးကြသည်။ အရေးကြီးပုဂ္ဂိုလ်တွေ အတွက်တော့ ထရော်လီခေါ် သံလမ်းပြေးယာဉ်ရှိသည်။
မြန်မာ့မီးရထား၏ သံလမ်းအားလုံးက တစ်မီတာ(၃.၃၃ပေခန့်) ကျယ်သည်။ နမ္မတူဘော်တွင်းက ရထားလေးတွေကတော့ (၂)ပေကျယ်သံလမ်းမှာ မောင်းကြရသည်။ သံလမ်းသည် နမ့်ပန်ယွန်းချောင်းလေးကို ကျော်လိုက်၊ ခွလိုက်ဖြင့်အမြင့်သို့တဖြည်းဖြည်း တက်ခဲ့ရသည်။ ဘော်တွင်းနှင့်နီးလာတော့ တစ်ဖက်မှာ မြင့်မားမတ်စောက်သော တောင်နံရံ၊ တစ်ဖက်မှာတော့ နက်ရှိုင်းသော ချောက်ကမ်းပါး။ ပေါင်မုန့်ကို လှီးဖြတ်ထားသလို ကျောက်တောင်ကြောတွေကို ဒိုင်းနမိုက်ခွဲ၍ လမ်းထွင်ထားခြင်းဖြစ်သည်။
နမ့်ပန်ယွန်းချောင်းဖျားမှာ ဘော်တွင်းသတ္တုတွင်းမြို့လေးရှိသည်။ တောင်ကြားတစ်လျှောက်စီးဆင်းနေသော ချောင်း၏ တစ်ဖက်တစ်ချက်တောင်စောင်းဆင်ခြေလျောများတွင် တောင်ကမ်းပါးယံကို ဖြိုချ၍လူနေအိမ်ခြေများ အဆင့်ဆင့်ဆောက်ထားခြင်းဖြစ်သည်။ ဘော်တွင်းဘူတာရောက်တော့ ခရီးဆုံးပြီ။ ဘူတာရုံလေးသည် တောင်ကုန်းကြောကြီးတစ်ခု၏ အခြေ နမ့်ပန်ယွန်းချောင်းကမ်းမှာ ရှိသည်။ ဘူတာရုံလေး၏မြင်ကွင်းက ကောင်းဘွိုင်ကားတွေထဲက တောမြို့လေးတွေနှင့်တူသလိုလို။ ဒါဟာဘော်တွင်းပါပဲ။ ၁၄ ရာစုကတည်းက တရုတ်လူမျိုးတွေ သတ္တုတူးခဲ့တဲ့ ဘော်တွင်းဆိုတဲ့ သတ္တုတွင်းမြို့လေးပါပဲ။ အတတ်ပညာပိုမိုသာလွန်တဲ့ ဥရောပတိုက်သားတွေ လက်ထက်မှာတော့ ကမ္ဘာမှာ အကြီးဆုံး(သတ္တုရိုင်းထုတ်လုပ်မှု အများဆုံး) သတ္တုတွင်းကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ခဲ့တဲ့ ဘော်တွင်းပါပဲ။ ထိုနာမည်ကျော် သတ္တုတွင်းတည်ရှိရာ သတ္တုတွင်းမြို့လေးဆီသို့ တာဝန်ဖြင့် ကျွန်တော် ရောက်ခဲ့ရလေပြီ။
ဟိုတုန်းက စာကြည့်တိုက်တွေရှိခဲ့ဖူးသည
ကျွန်တော်မရောက်မီ ကျွန်တော့်အရင်ဘော်တွင်းသို့ရောက်နေနှင့်တာက ကျွန်တော်ပထမဆုံး စာပေလောကမှာ ခြေချလိုက်သော မှုန်ဝါးသောအညတြရက်များ ဝတ္ထုတို။ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းမှာ ပန်းချီဆရာကြီး ဦးဘရင်ကလေး၏ သရုပ်ဖော်ပန်းချီပုံဖြင့် ဖော်ပြလိုက်သော ဝတ္ထုဖြစ်သည်။ မန္တလေးမြို့က အညတြစာပေသမားတစ်ဦး၏ စာပေဘဝတစ်ကွက်ကို မီးမောင်းထိုးပြထားသော ဝတ္ထုဖြစ်သည်။
ကျွန်တော်မရောက်မီကလေးတင် ဘော်တွင်းစာပေဝါသနာရှင်တစ်စုက ထိုဝတ္ထုကိုဖတ်ပြီးနေကြပြီ။ ထိုဝတ္ထု၏ မိတ်ဆက်ပေးမှုဖြင့် (ကျွန်တော်ရောက်ရှိပြီး ရက်အနည်းငယ်အတွင်း ဖွဲ့စည်းလိုက်သော) စာပေဝါသနာရှင်များ အဖွဲ့တွင် ကျွန်တော်ပါဝင်လာခဲ့ရသည်။ (နောင်တွင် စာပေဝါသနာရှင်အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ခဲ့ပါသည်။)
စာပေအဖွဲ့ ဖွဲ့စည်းလိုက်သော်လည်း ဖတ်စရာစာအုပ်က မရှိသလောက်ပင်။ ဘယ်မှာလဲ စာအုပ်တွေ။ စာအုပ်တွေမရှိဘဲ ဘာကို ဖတ်ကြရမှာလဲ။
ဘော်တွင်း၌ သတင်းစာကိုယ်စားလှယ်ရရှိထားသူတစ်ဦးက ငွေတာရီ၊ မြဝတီ၊ ရှုမဝ စသော လစဉ်ထုတ် မဂ္ဂဇင်းအချို့ကို (လပေးမှာယူသည့် အရေအတွက်အတိုင်း) မှာပေးတာရှိသည်။ အနည်းအကျဉ်းမျှသာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မရှိ။ စာအုပ်အငှားဆိုင်ဟု ခေါ်ဆိုနိုင်ရုံရှိသည့် တစ်ဆိုင်တစ်လေကလည်း ကာတွန်း၊ ရုပ်ပြဇာတ်လမ်း၊ လျှို့ဝှက်ဆန်းကြယ်၊ စုံထောက် ဒါလောက်ပဲ ငှားသည်။ တခြားစာအုပ်တွေတင်ဖို့ မစဉ်းစား။
ဘော်တွင်းမှာ မြေအောက်မိုင်း အလုပ်သမားနှင့် မြေပေါ်အလုပ်သမား သုံးထောင်ကျော်လောက်နှင့် မှီခိုသူတွေပါ ပေါင်းလိုက်ရင် စုစုပေါင်း လူဦးရေ တစ်သောင်းခွဲထက်တော့နည်းမည်မထင်။ အားလပ်ချိန်တွေမှာ ထိုလူတွေဘာလုပ်နေကြသလဲ။ ရုပ်ရှင်ပြတဲ့ရက်မှာတော့ ရုပ်ရှင်ကြည့်မည်။ ရုပ်ရှင်ကလည်းနေ့တိုင်းမရှိ။ တစ်လမှာ(၄)ကားလောက်သာပြနိုင်သည်။ ကျန်အားလပ်ချိန်တွေမှာ စာဖတ်ချင်သည်ဆိုစေဦး ဖတ်စရာစာအုပ်က ရှာဖို့မလွယ်လှပါ။ ယောက်ျားဘသားတွေကတော့ အရက်ဆိုနှင့် ပိုက်ကျူးဝိုင်းတွေမှာပဲ အချိန်ကုန်နေကြတာများသည်။
စာအုပ်တွေနဲ့ပတ်သက်လို့စုံစမ်းကြည့်တော့ အံ့သြစရာ သတင်းတစ်ခုကို ကြားသိခဲ့ရသည်။ တစ်ချိန်တုန်းက ဘော်တွင်းမှာ စာအုပ်တွေအများကြီးရှိခဲ့တယ်ဆိုပဲ။ စာကြည့်တိုက်တွေလည်း ရှိခဲ့ပါသတဲ့။ ဒီလိုဆိုရင် အဲဒီစာအုပ်တွေဘယ်ကို ရောက်ကုန်ကြတာလဲ။ စာကြည့်တိုက်တွေ ဘယ်လိုပျောက်ကုန်ကြတာလဲ။
သတင်းအစရပြီဆိုတော့ ခြေရာခံလိုက်ရသည်။ ဟော….. တွေ့ပါပြီ။ စာအုပ်တွေ၊ စာကြည့်တိုက်တွေရဲ့ အဓိကအရင်းအမြစ်က နိုင်ငံခြားသား ဗြိတိသျှကုမ္ပဏီတွေ ဖြစ်နေသည်။ ဘော်တွင်းမှာ (၁၄၁၂) ခုနှစ်ကစပြီး တရုတ်တွေသတ္တုတူးခဲ့ကြသည်မှာ (၁၈၆၈)ခုနှစ်အထိဟု မှတ်တမ်းများက ဆိုပါသည်။ (၁၈၈၅)ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပြီးနောက်၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ အပါအဝင် ဝေးလံခေါင်းပါးသော နေရာအသီးသီးသို့ ဥရောပသား ပညာရှင်များ ခြေမြန်လက်မြန် ရောက်ရှိလာကြသည်။ သစ်တော၊ သတ္တု၊ ရေနံ၊ ကျောက်မျက်သယံဇာတ ဖြစ်ထွန်းမှုများကို လေ့လာစူးစမ်းခဲ့ကြသည်။ ထိုမှအစပြု၍ နယ်ချဲ့တို့သည် သယံဇာတများကို ထုတ်ယူနိုင်ရန် ခေတ်မီစနစ်ကျကျ လုပ်ဆောင်ခဲ့ကြသည်။ ဘော်တွင်းမှ သတ္တုများကို တူးဖော်ထုတ်ယူနိုင်ရန် (၁၉၀၃)ခုနှစ်တွင် ဘားမားမိုင်းလီမိတက်တို့ လက်ဆင့်ပြောင်း လုပ်ကိုင်ခဲ့ကြသည်။ ဘော်တွင်းသတ္တုသိုက်၏ အပေါ်ယံပိုင်းတွင်သာ တူးဖောက်နိုင်ခဲ့ကြသော တရုတ်တို့ထက် နည်းပညာပိုမိုရှေ့တန်းရောက်နေသော ဗြိတိသျှတို့သည် ဘော်တွင်းသတ္တုသိုက်အကြောင်း တရုတ်တို့ထက် ပိုမိုသိရှိနိုင်ခဲ့ကြသည်။ ထို့ကြောင့်သီပေါနှင့် လားရှိုးကြားရှိ မန်းပွဲဘူတာမှ နမ့်မျှော်ဘူတာကို ဖြတ်၍ နမ္မတူ-ဘော်တွင်းသို့ (၂)ပေ သံလမ်းဖြင့် ရထားလမ်းဖောက်လုပ်ခြင်း၊ မြေပေါ်မှ(၁၇၁၄)ပေထိ နက်သောမာမီယံတွင်းမကြီး (Marmion Shaft) ကို တူးဖောက်ခြင်းမှ အစပြု၍ သတ္တုစက်ရုံများကိုလည်း တည်ဆောက်ကာ မြေအောက်သတ္တုတူးဖော်ခြင်းကို အကြီးအကျယ် ဆောင်ရွက်ခဲ့ပါတော့သည်။
အင်္ဂလိပ်တို့က ဦးစီး၍ နိုင်ငံခြားသားများက အဆင့်မြင့်ရာထူးများတွင် တာဝန်ယူလုပ်ကိုင်ခဲ့ကြသည်။ မြန်မာတိုင်းရင်းသားများက ပင်ပန်းကြမ်းတမ်း၍ အန္တရာယ်များလှသော သတ္တုတူးအလုပ်သမားများအဖြစ် လုပ်ကိုင်ကြရသည်။ မိုင်းအလုပ်သမားများက သွပ်မိုးသွပ်ကာ တန်းလျားများတွင် ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်ခဲ့ကြရသည့်အချိန်မှာ နိုင်ငံခြားသားများက အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့ကြသည်။
ပြည်တော်အေးရပ်ကွက်၏ မိုင်းရုံးတည်ရှိရာ ချောင်းတစ်ဖက်ကမ်း တောင်စောင်းဆင်ခြေလျောမှာ နိုင်ငံခြားသားများအတွက် ခမ်းနားသော အိမ်ကြီးများကို ဆောက်လုပ်ထားသည်။ အင်္ဂလန်ကနေအိမ်များပုံစံ ဖြစ်သည်။ နံရံကပ်အုတ်မီးဖိုနှင့် မီးခိုးခေါင်းတိုင်များ၊ ရေပူရေအေးပိုက်မှားနှင့် တစ်ကိုယ်လုံးရေစိမ်ချိုးနိုင်သည့် ကြွေရေဇလုံကြီးများ၊ ပါတီပွဲနှင့်ဒန့်စ်ကပွဲများ ကျင်းပနိုင်ရန် ဧည့်ခန်းကျယ်ကြီးများနှင့်တကွ ထမင်းချက်၊ မာလီ၊ ဒရဝမ်များအတွက် အစေခံတန်းလျားများ အပြည့်အစုံ။ ထိုအိမ်ကြီးများနှင့် နမ့်ပန်ယွန်းချောင်းခြားထားသော တန်းလျားများသည် ပြွတ်သိပ်ကြပ်ညပ်လျက်ရှိသည်။ တန်းလျားများအနီးတွင် အများသုံးရေတိုင်၊ ချောင်းကမ်း နဖူးတွင် အများသုံးအိမ်သာ။
ကုမ္ပဏီသည် မိုင်းအရာရှိများအပန်းဖြေရန် ကလပ်(Club) တစ်ခုကိုလည်း မိုင်းရုံးအနီးတွင် ဆောက်ပေးထားသည်။ အဆောက်အအုံက သပ်ရပ်ခန့်ညားသည်။ တင်းနစ်ကုတ်၊ ဘားကောင်တာ၊ စာကြည့်တိုက်၊ ဘိလိယက်ခုံတို့ပါဝင်သည်။ ထိုကလပ်သို့ ဥရောပတိုက်သားများသာ ဝင်ခွင့်ရှိသဖြင့် ဥရောပကလပ် (European Club) ဟုခေါ်သည်။ နိုင်ငံခြားသားချင်းအတူတူ ဥရောပတိုက်သားမဟုတ်သော (သြစတေးလျ၊ အိန္ဒိယ စသော) လူမျိုးများပင်လျှင် ဝင်ခွင့်မရှိ။ ဥရောပတိုက်သား မဟုတ်ကြသူများ ကလပ်နားကပ်လာလျှင် ကုလားဒရဝမ်က မောင်းထုတ်လွှတ်သည့်အဖြစ်။
အာရှတိုက်သားများအတွက်က ပြည်တော်အေးရပ်ကွက်ထဲမှာပင် (ဥရောပကလပ်နှင့်ဒါးလွယ်ခုတ်) ချောင်းတစ်ဖက်ကမ်း၌ အာရှကလပ် (Asian Club) ဖွင့်ပေးထားသည်။ နောက်ပြီး ဘော်တွင်း၌ ချောင်းကမ်းတစ်လျှောက်တွင် ရပ်ကွက်(၆)ခုရှိရာ ရပ်ကွက်အသီးသီး၌ အပန်းဖြေရိပ်သာများ ဆောက်လုပ်ပေးထားသည်။ ထိုရိပ်သာများသည် တောင့်တင်းခိုင်မာသော သစ်သားအဆောက်အအုံနှင့်တကွ စားပွဲ၊ ကုလားထိုင်၊ ဗီရိုစသော ပရိဘောဂများအပြင် ရေမီးပြည့်စုံသည်။ ရိပ်သာစောင့် တစ်ယောက်ကိုလည်း ဝန်ထမ်းအဖြစ် ခန့်ထားပေးသည်။ ထိုရိပ်သာများကတော့ မိုင်းအလုပ်သမားများ အပန်းဖြေရန်အတွက် ဖြစ်သည်။
ကျွန်တော်စိတ်ဝင်စားသည်မှာ ဥရောပကလပ်၊ အာရှကလပ်နှင့်တကွ အပန်းဖြေရိပ်သားများအားလုံး၌ စာကြည့်တိုက်များ ထားရှိပေးခြင်းပင်။ စာကြည့်တိုက်များအတွက်လစဉ်ထုတ် မဂ္ဂဇင်းများနှင့်အခြားစာအုပ်များကို မိုင်းရုံးမှ ငွေစာရင်းခေါင်းစဉ်တစ်ခုဖြင့် ဝယ်ပေးခြင်းဖြစ်သည်။ ထိုစဉ်က စာကြည့်တိုက်များမှာ စည်စည်ကားကားနှင့် စာဖတ်သူများလည်း အတော်လေးများပြားခဲ့သည်ဟု ဆိုပါသည်။
ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို မတရားနယ်ချဲ့သိမ်းပိုက်ခဲ့၏။ သဘာဝသယံဇာတများကိုလည်း အပိုင်စီးကာ ထုတ်ယူပြီး နိုင်ငံခြားသို့ ရောင်းစားခဲ့ကြ၏။ မြန်မာတိုင်းရင်းသားများကိုလည်း သခင်နှင့်ကျွန် အဆင့်ခွဲခြားပြီး ချိုးနှိမ်ဆက်ဆံခဲ့ကြ၏။ နယ်ချဲ့စနစ်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအဖို့ မည်သို့မျှ နှစ်မြို့စရာမရှိသော စနစ်ဆိုးတစ်ခုပင်။ ဘော်တွင်းသတ္တုတွင်းမှာလည်း ထိုစနစ်၏ သရုပ်သည် ပေါ်လွင်လှပါ၏။ ဘော်တွင်းသတ္တုသိုက်ကြီး၏ အရည်အသွေးအကောင်းဆုံးသော သတ္တုများကို နယ်ချဲ့တို့ကဦးစားပေး ထုတ်ယူသွားခဲ့ကြသည်။ (မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဘော်တွင်းသတ္တုတွင်းကို ၁၉၆၅ ခုနှစ်၌ ပြည်သူပိုင်သိမ်းလိုက်သောအခါတွင် မိုင်း၌အရည်အသွေးနိမ့်အညံ့စား သတ္တုများသာ ကျန်ရှိပါတော့သည်။)
မည်းမှောင်သော တိမ်တိုက်များမှာပင် အနားကွပ်အလင်းရောင်တန်းကလေးရှိသည် ဆိုသကဲ့သို့ နယ်ချဲ့တို့၏စီးပွားရေးစနစ်မှာလည်း မဆိုစလောက် ကောင်းကွက်ကလေးကတော့ မိုင်းအလုပ်သမားအားလုံးအတွက် နား၊ မျက်စိဖွင့်ပေးရာ စာကြည့်တိုက်များ ဖွင့်ပေးခြင်းပင်ဖြစ်ပါသည်။ များလှစွာသော အဆိုးတွေထဲမှ သေးငယ်လှသော အကောင်းလေးတစ်ကွက်ဟုသာ မှတ်ယူကြဖို့ရှိပါသည်။
မည်သို့ပင်ဖြစ်စေ ဘော်တွင်းသတ္တုတွင်းမြို့ငယ်လေး၏ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေ အမှန်တကယ်ရှိခဲ့တယ်ဆိုတာကတော့ ဟိုတုန်းက လူတွေအတွက်ဝမ်းသာစရာပါ။
သုညက ပြန်စရသည်
ဟိုတုန်းက လူတွေအတွက်ပြီးတော့ အခုလူတွေအတွက် ပြောရတော့မည်။ ကျွန်တော်ဘော်တွင်း ရောက်ရှိချိန်မှာ စာကြည့်တိုက်တွေမရှိတော့ပြီ။ စာအုပ်တွေလည်း မရှိတော့ပြီ။ ဘယ်ရောက်ကုန်ကြပါသနည်း။
တစ်ချိန်တုန်းကတော့ စာကြည့်တိုက် တာဝန်ယူကြသူများမှာ စာပေကို ချစ်မြတ်နိုးသူများက အများစု ဖြစ်ကြ၍ စာကြည့်တိုက်များကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ နောင်သောအခါ ပြောင်းလဲမှုများ နှင့်အတူ ဆုတ်ယုတ်မှု တချို့လည်းဖြစ်ပေါ်ခဲ့ရ၏။ စာပေချစ်သူများ၏ နေရာတွင် အခွင့်အရေးသမားများ ရောနှောပါဝင်လာခဲ့ကြ၏။ စာကြည့်တိုက်များသည် ကောင်စီ၊ သမဝါယမ၊ သက်သာအဖွဲ့များတွင် လူကြီးအဖြစ် နေရာရလိုသူများ၏ ခြေနင်းခုံ ဖြစ်လာကြ၏။ အသုံးချခံဖြစ်လာကြ၏။
အကျိုးဆက်ကတော့ ရိပ်သာများ ဟောင်းလောင်းဖြစ်သွားကြခြင်းပင်တည်း။ စာကြည့်တိုက်တွေလည်း ပျက်သွားကြလေပြီ။ စာအုပ်တွေလည်း ခြေရာဖျောက်လို့ ပျောက်ခဲ့လေပြီ။ ထိုပျက်တိပျက်ကန်း အခြေအနေကြောင့် မိုင်းရုံးက ငွေကြေးခွင့်ပြုမှုများလည်း ချုပ်ငြိမ်းသွားခဲ့လေပြီ။ တကယ့်သုညအခြေအနေ။
ဘော်တွင်းသတ္တုတွင်းမျာ စာပေအဖွဲ့အစည်းလေးကိုတော့ ဖွဲ့လိုက်နိုင်ပါပြီ။ သို့သော်…. ဘာစာအုပ်တွေကို ဖတ်ကြရမည်နည်း။ စာအုပ်တွေကို ဘယ်မှာရှာကြရပါမည်နည်း။ နည်းလမ်းကြံဆရပါတော့မည်။
စာပေဝါသနာရှင် အဖွဲ့အနေဖြင့် ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တစ်ခု ထူထောင်ရန် ဆုံးဖြတ်လိုက်ပါ၏။ ရန်ပုံငွေလုံးဝမရှိသော အခြေအနေဖြစ်၍ ငွေကြေးအစား မိမိတို့၏ လုပ်အားကိုပင် အားကိုးကြရပါတော့သည်။ တစ်ခုသော စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွင် ကျွန်တော်တို့သည် ရပ်ကွက်များ အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်၍ စာအုပ်အလှူခံခြင်းဖြင့် ဆုံးဖြတ်ချက်ကို စတင်အကောင်အထည် ဖော်လိုက်ကြပါတော့သည်။
`ဦးလေးတို့အိမ်က စာအုပ်တွေမှာ တန်ဖိုးရေးထားတဲ့ ၂ ကျပ်၊ ၃ ကျပ်ဆိုတာတွေက စာအုပ်ရဲ့တကယ့် တန်ဖိုးအစစ်မဟုတ်ပါဘူး။ အဲဒီစာအုပ်ရဲ့ တန်ဖိုးအစစ်အမှန်က ဒီစာအုပ်ကို ဖတ်ရတဲ့ လူဦးရေ အနည်းအများပေါ်မှာ မူတည်နေပါတယ်။ ဦးလေးတို့အိမ်သား၎ ယောက်၊ ၅ ယောက်တင် ဖတ်ခွင့်ရတာနဲ့စာရင်၊ လူ၄၀၊ လူ၅၀ ဖတ်ခွင့်ရတာက စာအုပ်တန်ဖိုးကို ပိုမိုမြင့်မားလာစေပါတယ်။ အဲဒါကြောင့် ရှိသမျှ စာအုပ်တွေလည်း တန်ဖိုးအစစ်မြင့်တက်သွားအောင်၊ ဘော်တွင်းက လူတော်တော်များများလည်း စာအုပ်တွေ ဖတ်နိုင်အောင် စာကြည့်တိုက်တစ်ခု ထူထောင်ဖို့ ကျွန်တော်တို့ စာအုပ်အလှူလိုက်ခံနေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးလေးအိမ်မှာရှိတဲ့ စာအုပ်တွေထဲက ဦးလေးဆန္ဒရှိသလောက် စာကြည့်တိုက်အတွက် လှူပေးဖို့ မေတ္တာရပ်ခံပါတယ်။ တစ်အုပ်လှူနိုင်လှူနိုင်၊ နှစ်အုပ်လှူနိုင်လှူနိုင်ပေါ့။ အလှူခံရတဲ့ စာအုပ်တွေကို ကျွန်တော်တို့ စာကြည့်တိုက်ဖွင့်ပြီး စနစ်တကျ မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့်ရှောက်သွားမှာပါခင်ဗျာ`
ထိုသို့ ပြောဟောစည်းရုံးပြီး အလှူခံကြရပါသည်။ ကျွန်တော်တို့ အောင်မြင်ခဲ့ပါ၏။ နှစ်ရက်အလှူခံ ခဲ့ရာတွင်စာအုပ်(၁၀၀) ကျော်ရရှိခဲ့ပါသည်။ အလှူခံရရှိခဲ့သောစာအုပ်တွေကလည်း အမျိုးအစား စုံလင်လှပါသည်။ ရွှေပြည်စိုး၊ ဒေါက်တာရေချမ်း၊ ဒို့မေမေ၊ သူလိုလူ၊ မေ၊ အရိုင်းစပယ်၊ မြန်မာပြည်သား၊ ဒါက ကျွန်တော်တို့၏ ပထမဦးခြေလှမ်း။
အလှူခံရသည့် စာအုပ်တွေကို ထည့်ဖို့ ဗီရိုမရှိသေးသဖြင့် ကျွန်တော့်အိမ်မှာပင် သစ်သားနံရံ၏ တန်းပေါ်စီပြီးတင်ထားရသည်။ ကျွန်တော့်အိမ်ကလည်း ကျယ်ကျယ်ဝန်းဝန်းမဟုတ်။ ဘူမိဗေဒ ဘွဲ့ရအလုပ်သင် မျှသာရှိသေးသော ကျွန်တော်သည် ပြန်တမ်းဝင်အရာရှိများနေရသော အရာရှိအိမ်(ယခင်ဥရောပတိုက်သားများ နေခဲ့သော အင်္ဂလန်ပုံစံနေအိမ်) မှာ နေခွင့်မရှိ။ တောင်ကမ်းပါးယံ တစ်နေရာတွင် ဆောက်လုပ်ထားသော သုံးခန်းတွဲတန်းလျားလေး၏ အခန်းတစ်ခုမှာသာ နေရဆဲကာလ။ အခန်းကျဉ်း၍ စာကြည့်တိုက်ဖွင့်ရန် အခြေအနေက မပေး။ ကျွန်တော့်အိမ်သို့ ရင်းရင်းနှီးနှီးဝင်ထွက်နေသူ အချို့ကိုသာ စာရင်းမှတ်ပြီး စာအုပ်ငှားပေး ခဲ့ရသည်။
လောလောဆယ်မှာ စာအုပ်တွေ ထည့်ဖို့ ဗီရိုတစ်လုံး အမြန်လိုချင်သည်။ ဝယ်ဖို့တော့ လုံးဝ မစဉ်းစားနိုင်။ ငွေမှမရှိတဲ့ဥစ္စာ။ သို့ဖြင့် လိုလျှင်ကြံဆ နည်းလမ်းရဆိုသည့်စကားအတိုင်း ကြံဆလိုက်တော့ နည်းလမ်းရလာသည်။ ဒါကတော့ ယမ်းသေတ္တာခွံများဖြင့် ဈေးအသက်သာဆုံး ဗီရိုလုပ်ရန်ဖြစ်သည်။
ဘော်တွင်းမိုင်းမှာ သတ္တုထုတ်တဲ့လုပ်ကွက် (Stope) တွေက အတော်များသည်။ အဆိုင်း(၃)ဆိုင်း ဆိုတော့ တစ်နေ့တစ်နေ့ ယမ်းခွဲကြတာ တအုန်းအုန်းနှင့် နည်းတာမဟုတ်။ ယမ်းများများခွဲတော့ ယမ်းတောင့်တွေ များများသုံးရသည်။ ဒီတော့ ယမ်းသေတ္တာခွံတွေ အများကြီးထွက်လာသည်။ ယမ်းသေတ္တာခွံတစ်ခု (တစ်ကျပ်)နှုန်းဖြင့် လွယ်လင့်တကူ ဝယ်လို့ရသည်။ အဲဒီ ယမ်းသေတ္တာခွံတွေကို အသုံးပြုပြီး ဗီရိုတစ်ခုဖြစ်အောင် ဖန်တီးရတော့မည်။
ထင်းရှူးသားဖြင့် လုပ်ထားသော ယမ်းသေတ္တာခွံက အလျား နှစ်ပေခန့်၊ အကျယ်တစ်ပေခန့်နှင့် စောက်(၁၀)လက်မခန့်ရှိမည်ထင်သည်။ ထိုယမ်းသေတ္တာခွံများကို ပွင့်နေသည့်အဝကို ရှေ့ဖက်လှည့်ပြီး (၅)လုံးဆင့်လိုက်သည်။ ၄င်းအထပ်နှင့်ကပ်လျက် ထိပ်ဖက်မှာလည်း ထိုသို့ သေတ္တာခွံ(၅)လုံးကို ဆင့်လိုက်သည်။ ထိုအခါ နှစ်ခန်းတွဲ၊ အဆင့်(၅)ဆင့်ရှိ ဗီရိုပုံ ပေါ်လာသည်။ သို့ရာတွင် ဗီရိုမဖြစ်သေးပါ။ ယမ်းသေတ္တာခွံတွေကို တွဲမှမတွဲရသေးတာကိုး။ ထိုဗီရိုပုံစံအတိုင်း ပျဉ်ချပ်အချို့ဖြင့် တွဲချုပ်လိုက်မှ ဗီရိုဖြစ်မည်။ သို့ဖြစ်၍ လိုအပ်သော ပျဉ်ချောင်းများကို မြေပေါ်ဌာနမှ ဝယ်ယူလိုက်သည်။ လက်သမားဆရာတစ်ယောက် ခေါ်ပြီး ဗီရိုပုံသဏ္ဌာန်ဆင့်ထားသော ယမ်းသေတ္တာခွံများကို ပျဉ်ချပ်များဖြင့် သံရိုက်ပြီး ထိန်းချုပ်ခိုင်းလိုက်သည်။ ပွင့်နေသောရှေ့ဖက်တွင် ပျဉ်ပြားများဖြင့် တံခါးရွက်နှစ်ခု လုပ်လိုက်သည်။ ထို့နောက် ပတ္တာ၊ မျောက်လက်တို့ တပ်လိုက်သော် အကုန်အကျအလွန်နည်းပါးသော စာအုပ်ထည့်ဖို့ ဗီရိုတစ်လုံးဖြစ်မြောက်သွားပါတော့သည်။ ထိုကုန်ကျငွေကိုတော့ ကျွန်တော်ကပင် စိုက်ပေးထားပါသည်။
ဗီရိုရပြီးတော့ ဗီရိုထားမည့်နေရာကို စဉ်းစားရပြီ။ ဟော… တွေ့ပါပြီ။ မိုင်းသာသတ္တုကြော လုပ်ကွက်များကို ကျွန်တော်သွားလျှင် မိုင်းသာဂိတ်ပေါက်မှ မြေအောက်သို့ ဆင်းရသည်။ ထိုဂိတ်ပေါက်ဝနှင့် ကပ်လျက်နေရာတွင် အမြဲတမ်းလိုလို ပိတ်ထားသော အဆောက်အအုံငယ်တစ်ခုကို ကျွန်တော်တွေ့မြင်နေကျ။ `အမှတ်(၁) အခြေခံအလုပ်သမားအစည်းအရုံး` ဟု ဆိုင်းဘုတ်ရေးထားသည်။ ထိုအဆောက်အအုံတွင် တစ်လတစ်ကြိမ်သာ အစည်းအဝေးလုပ်ပြီး ကျန်အချိန်များတွင် ပိတ်ထားသည်။ ထိုအဆောက်အအုံကို ကျွန်တော်မျက်စိကျနေတာကြာပြီ။ ယခုသော် အချိန်ကျပြီ ထင်ပါ၏။ ကျွန်တော်တို့သည် အလုပ်သမားအစည်းအရုံးမှ တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံကာ အကူအညီတောင်းခံရပါသည်။
`ကျွန်တော်တို့အဖွဲ့ရဲ့စာအုပ်ဗီရိုကို အလုပ်သမား အစည်းအရုံးရဲ့ထောင့်တစ်နေရာမှာ ထားပြီး တစ်ပတ်တစ်ခါ စာအုပ်ငှားပေးချင်လို့ပါ။ ဗီရိုကို ကျွန်တော်တို့ သော့နဲ့ခတ်ထားပါ့မယ်။ တနင်္ဂနွေနေ့ ညနေ (၄) နာရီကနေ (၆)နာရီအထိ စာအုပ်ငှားပေးမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ တစ်ရက်တည်းပါ။ အဆောက်အအုံရဲ့ တံခါးသော့ကို တာဝန်ကျ စာကြည့်တိုက်မှူးကလာယူပြီး တံခါးပိတ်ပြီးတော့ သော့ကို သူပဲပြန်လာအပ်ပါ့မယ်။ မိုင်းအလုပ်သမားတွေ စာပေဗဟုသုတ တိုးပွားမယ့်ကိစ္စဖြစ်လို့အဲဒါလေးကိုတော့ကူညီပေးစေလိုပါတယ်ခင်ဗျာ`
ထိုမေတ္တာရပ်ခံချက်လည်း အောင်မြင်ခဲ့ပါ၏။ ကျွန်တော်တို့ ပျော်လိုက်ကြသည်ဖြစ်ခြင်း။ ဘော်တွင်း သတ္တုတွင်းမှာ စာကြည့်တိုက်လေးတစ်ခု ပြန်လည်မွေးဖွားလာတော့မည်။ အချိန်ကာလတစ်ခု ပြတ်တောက်သွား ခဲ့သော စာကြည့်တိုက်ကို အသက်ပြန်သွင်းဖို့ လမ်းစပေါ်ခဲ့ပေပြီ။
ထိုသတင်းသည် စာပေဝါသနာရှင်များအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ သတင်းကောင်းတစ်ခုပင်။ မိုးမျှော်နေသော ဖားများ မိုးရေထဲမှာ ကခုန်ပျော်မြူးကြသလိုပင်၊ စာဖတ်ချင်သူများလည်း ရွှင်လန်းအားတက်စွာဖြင့် စာကြည့်တိုက်ဆီသို့ တဖွဲဖွဲ လာကြလေပြီ။ သြော်.. ကောင်းလေစွတကား။
ရန်ပုံငွေရှာကြပြီ
စာကြည့်တိုက် ဝင်ကြေး၊ လစဉ်ကြေးတွေ ရလာပြီဆိုတော့ ဖတ်သင့်ဖတ်ထိုက်သော စာအုပ်အချို့ကို ဝယ်တင်နိုင်စပြုလာပြီ။ စာကြည့်တိုက်ဖွင့်ပြီးနောက် နံရံကပ်စာစောင်ထုတ်ပြန်ကြသည်။ စာစောင်အမည်ကို ရွက်နု ဟုပေးလိုက်သည်။ အဟောင်းတို့ကြွေလျောပြီးနောက် အသစ်တို့ဝေသည့်သဘော။ နံရံကပ်စာစောင်ကို သုံးထပ်ပြားအချပ်ကြီးမှာကပ်ပြီး အာရှကလပ်၏ ရှေ့၊အကာအရံမရှိသော မိုးလုံလေလုံ ဇာတ်ရုံကြီးထဲမှာ တင်ဆက်လိုက်သည်။ မိုင်းသမားစာပေဝါသနာရှင်တစ်စု၏ လက်ရာဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်းများကို မိုင်းအလုပ်သမားကြီးများက ဝင်ဖတ်ကြသည်။ အထူးသဖြင့် နေ့လယ် (၂)နာရီ အဆိုင်းလဲချိန်မှာ ဖတ်ရှုကြသူ ပိုမိုများပြားသည်။ မနက်ဆိုင်းသမားတွေက မိုင်းထဲမှအထွက်၊ နေ့ဆိုင်းသမားတွေက မိုင်းထဲဝင်ရန်အလာ လမ်းပေါ်မှာ မိုင်းသမားတို့ဖြင့် ပြည့်နေသည်။ မိုးဦးထုပ်ဆောင်းထားပြီး ကာဘိုက်မီးခွက်များ ကိုင်ထားသော မိုင်းသမားတို့၏ ရာဘာအထူစား မိုင်းဖိနပ်ခြေနင်းသံတို့က လမ်းပေါ်မှာ တဂွပ်ဂွပ်မြည်နေသည်။ သူတို့သည် နံရံကပ်စာစောင်ကို ဝိုင်းဖတ်ကြသည်။ ပြီးတော့ ပြုံးကြသည်၊ တည်ကြသည်၊ မဲ့ကြသည်၊ အံကြိတ်ကြသည်။ နံရံကပ်စာစောင်ဆိုသည်က ရေးသူနှင့်ဖတ်သူအကြားမှာ ဘာအတားအဆီးမှမရှိသော စာပေပေါင်းကူး တံတားတစ်ခု မဟုတ်ပါလား။
စတင်စီးဆင်းဖို့သာ လိုပါသည်။ တစ်နေရာမှ စတင်စီးဆင်းလိုက်သည်နှင့် အနီးဝန်းကျင်ကပါ လိုက်ပါ စီးဝင်လာကြတော့သည်။ ရေစီးကြောင်းက ပိုမိုပီပြင်လာပြီး ရေစီးအားလည်း သန်လာသည်မှာ ဓမ္မတာပင်။
စာသမားတစ်ဦးဖြစ်သော ကိုခင်မောင်အေးက စာအုပ်ဆိုင်ထဖွင့်လိုက်တော့ အံ့သြရသည်။ သူ့မှာ ငွေရှိသည်မဟုတ်။ ချေးငှား၏ ဖွင့်ခြင်းဖြစ်သည်။ သူ့ဆိုင်က ရုပ်ရှင်ရုံနှင့် ကပ်လျက် လမ်းနံဘေးမှာ ဖြစ်သည်။ သူ့ဆိုင်က ရုပ်ရှင်ရုံနှင့် ကပ်လျက်လမ်းနံဘေးမှာ ဖြစ်သည်။ မနက်ဆိုင်းကို အမြဲတမ်း အလုပ်ဆင်းရသော ကိုခင်မောင်အေးသည် နေ့လယ် (၂) နာရီခွဲလောက်မှစ၍ ညဥ့်နက်သည်အထိ ဆိုင်ကို ပုံမှန်ဖွင့်သည်။ သူ့ဆိုင် အမည်က အင်အားသစ်စာပေ။ သူ့ဆိုင်က နေရာအကွက်အကွင်းကောင်းသဖြင့် အမြဲတမ်းလူစည်သည်။ ရုံးဆင်းအလုပ်ပြန်ဝင်လာကြသူတွေလည်းမနည်း။ စာကြောင်းပေကြောင်းပြောကြတော့ တချို့စာပေနှင့် မယဉ်ပါးသူများပင် ကြားရဖန်များတော့ စာထဲ ဝင်စားလာကြသည်။ ကိုခင်မောင်အေးက အငှားသွက်စာအုပ်များဖြင့် ဆိုင်ကို ရပ်တည်နိုင်အောင်ကြိုးစားရင်း စာပေဆိုင်ရာ စာအုပ်များဖြင့် စာပေမြတ်နိုးသူများ စာများများဖတ်ဖြစ်အောင် ပို့ဆောင်ပေးသည်။ သူ့ဆိုင်မှာ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ထူကြီးတွေ အတွဲလိုက်တင်တော့ တယ်လုပ်လိုက်ပါလား ဟု ကျွန်တော်တို့ မျက်ခုံးပင့်ကြရသည်။ ဘာပဲဖြစ်ဖြစ် အင်အားသစ်ကလည်း ဘော်တွင်းစာပေလှုပ်ရှားမှုမှာ တစ်တပ်တစ်အားပင်။
နောက်တစ်ဦးက ဆရာဦးချစ်လွန်း။ သူကအလယ်တန်းကျောင်းက ဆရာ။ ကျောင်းစာကြည့်တိုက်ကို ဝတ်ကျေတန်းကျေ ဖွင့်သည်ဆိုရုံမျှသာ ဖွင့်သဖြင့် စာကြည့်တိုက်ရှိမှန်းပင် မသိကြရ။ ယခုသော်ကျွန်တော်တို့နှင့် ထိတွေ့ဖန်များလာတော့ သူ့စာကြည့်တိုက်ကို အသက်ဝင်လှုပ်ရှားလာအောင်အားထုတ်လာခဲ့သည်။ ကျောင်းသားများ ဖတ်သင့် ဖတ်ထိုက်သော စာအုပ်များကို ရွေးချယ်ပြီး ဝယ်တင်သည့် နည်းတူ၊ ကျောင်းသားများ စာဖတ်ခြင်းမှာ မွေ့လျော်လာအောင်လည်း ကြိုးပမ်းလာခဲ့သည်။
ယခုသော်…. စာပေဝါသနာရှင်များအဖွဲ့ စာကြည့်တိုက်၊ အင်အားသစ်စာပေနှင့် ကျောင်းစာကြည့်တိုက် (၃) ခုသည် ဖိုခနောက်ဆိုင်၊ စီစီညီညီ လှုပ်ရှားလာခဲ့တော့သည်။ ထိုစဉ်က ရန်ကုန်စာပေတိုက်များမှ ထုတ်သော စာအုပ်များကို (၃)အုပ်မှာလျှင် (ဗွီပီပီ) ဖြင့်ပို့ပေးသည်။ ရောက်လာလျှင် စာတိုက်မှာ ငွေပေးရွေးယူရသည်။ ဒီလိုဖြင့် ကျွန်တော်တို့ (၃)ဦးပေါင်း၏ ဖတ်ချင်သော စာအုပ်များ မှာသည်။ တစ်စတစ်စဖြင့် ဘော်တွင်းသတ္တုတွင်းမြို့လေးမှာ ဖတ်စရာစာအုပ်တွေ များလာလေပြီ။
အဆင်ပြေချင်တော့လည်း မင်္ဂလာသတင်းတွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ စာဖတ်သူတွေ တိုးပွားလာအောင် စေတနာထားပြီးဆောင်ရွက်လျက်ရှိသော ကျွန်တော်တို့၏ လုပ်ရပ်ကို နည်းလည်သိမြင်လာသော မိုင်းချုပ်ကြီး (သတ္တုတွင်းမှာ အကြီးဆုံးသောပုဂ္ဂိုလ်၊ ဒုအထွေထွေမန်နေဂျာ အဆင့်ရှိသူ) က ကျွန်တော်တို့ကို ခေါ်တွေ့ပြီး စာကြည့်တိုက်အတွက် အဆောက်အအုံငယ်တစ်ခုကို ခွင့်ပြုပေးလိုက်တော့သည်။ ဝမ်းသာလိုက်သည်မှာ ဆိုဖွယ်ရာ မရှိတော့ပြီ။
ထိုအဆောက်အအုံလေးရှိမှန်းပင် ကျွန်တော်တို့ မသိခဲ့ကြ။ နှစ်ထပ်ဧည့်ရိပ်သာ၏ အပေါ်ဖက်၊ တောင်စောင်း ဆင်ခြေလျှောမှာရှိသည်။ ဟိုတုန်းက နိုင်ငံခြားသားများ နေခဲ့သော (လက်ရှိပြန်တမ်းဝင် အရာရှိများနေသော) အထက်အောက် အိမ်နှစ်လုံး၏ အကြားတွင် ရှိသည်။ ကုမ္ပဏီခေတ်က နိုင်ငံခြားသား ကလေးငယ်များကို သီးသန့် စာသင်ပေးခဲ့သော ကျောင်းအဆောက်အအုံလေးဟု သိရသည်။ အဆောက်အအုံ လေးက သိပ်မကြီးလှပါ။ (၂၀ပေ x ၁၅ ပေ) ခန့်သာ ကျယ်ပါသည်။ သို့ပေမယ့် ခိုင်ခံ့လုံခြုံသည်၊ ရေမီးပြည့်စုံသည်။ သီးခြားဖြစ်နေ၍ အေးချမ်းတိတ်ဆိတ်ပြီး စာကြည့်တိုက်နှင့် အထူးသင့်လျော်လှသည်။ အလုပ်သမား အစည်းအရံး အဆောက်အအုံက အငှားမြှောင်ခန္ဓာ၊ ယခု အဆောက်အဦလေးကတော့ ကိုယ့်ခြေ ကိုယ့်လက်မို့ စာကြည့်တိုက်ဖွင့်ချင်သည့်ရက်မှာ ဖွင့်နိုင်ပြီ။ ဖွင့်ချင်သည့်အချိန်မှာ ဖွင့်နိုင်ပြီ။ စာကြည့်တိုက် နေရာပြောင်းတော့ စာအုပ်ဗီရိုက (၃) လုံးရှိနေပြီ။ ထိုအဆောက်အအုံလေးမှာ ပျဉ်ပြားတွေဖြင့် ဆင့်တွေ၊ တန်းတွေ ရိုက်သည်။ ဗီရိုထဲ မဆန့်သော စာအုပ်များ၊ လစဉ်မှာယူသော မဂ္ဂဇင်းများကို သစ်သားဆင့်များပေါ်တွင် အစီအရီတင်ထားလိုက်သည်။ ထိုအချိန်တွင် စာအုပ်အရေအတွက် တိုးလာသလို၊ စာဖတ်အသင်းဝင်တွေလည်း တိုးလာနေပြီ။
စာဖတ်သူတွေ များလာသလို ကလောင်သွေးသူတွေလည်း များလာသည်။ မိန်းကလေး အနည်းအကျဉ်းပင် စာရေးလာကြသည်။ သို့ဖြင့် နံရံကပ်စာစောင်အပြင် စာကူးစက်ဖြင့် လှိမ့်ထုတ်သော လက်ကမ်းစာစောင်များကိုလည်း ထုတ်ဝေလာရသည်။ စာစောင်အမည်က ချွေးစက်တစ်ရာ။
ထိုအချိန်တွင် လားရှိုးက သံလွင်ဦး၊ သီပေါက ဒုဌဝတီ ကျောက်မဲက ရွှေဖီဦး မဂ္ဂဇင်းတွေ ထုတ်လာပြီ။ ကျွန်တော်တို့လည်း လက်ယားနေကြပြီ။ သို့ပေမယ့် ထိုမြို့ကြီးများနှင့် ဘော်တွင်းက မယှဉ်သာ။ လားရှိုးက ပြည်နယ်မြို့၊ စီးပွားရေးမြို့။ ပြည်နယ်ဆေးရုံအုပ်ကြီး ကမ္ဗောဇခင်လှိုင်၏ ဦးဆောင်မှုဖြင့် စာပေရန်ပုံငွေတွေ အလွယ်တကူ ရရှိနိုင်သည်။ နှစ်စဉ် နတ်တော်လဆန်း (၁) ရက်နေ့မှာ ပြည်နယ်ခန်းမကြီးတွင် စာဆိုတော်နေ့၊ စာပေဟောပြောပွဲတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့သည်မှာ အတော်ကြာပြီ။ ထိုဟောပြောပွဲများတွင် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဦး ပါလေ့ရှိသည်က လားရှိုးမြို့၏ ပုံသေနည်းတစ်ခုပင်။ သီပေါ၊ ကျောက်မဲတို့ ဆိုတာကလည်း စီးပွားရေး အတော်အသင့် ကောင်းမွန်သော မြို့ကြီးတွေ။ ဘော်တွင်းဆိုတာက မြို့နယ် အဆင့်ပင် မဟုတ်ဘဲ နမ္မတူမြို့နယ်ထဲမှာရှိသော သတ္တုတွင်းမြို့၊ အလုပ်သမားမြို့ကလေး တစ်မြို့မျှသာ။ ထိုမြို့ကြီးများကို အဘယ်မှာ တုနိုင်ပါမည်နည်း။ ငစိန်ဆန်ထမင်းနှင့် မုန်ညင်း၊ ပဲပုတ်တို့ကိုပင် နပ်မှန်အောင် မနည်းရုန်းကန်နေရသော မိုင်းအလုပ်သမားများထံမှ အလှူငွေကောက်ခံလို့ ဘယ်မှာရနိုင်မှာလဲ။ ဒီတော့ ကိုယ့်အားကိုယ်ကိုး ရတော့မည်သာ။
နယ်စွန်နယ်ဖျားမှာ စာဆိုတော်နေ့ စာပေဟောပြောပွဲတွေ ကျင်းပနိုင်ဖို့ဆိုတာ လွယ်ကူလှသည် မဟုတ်ပါ။ ရန်ကုန်လို မြို့ကြီးမှဆိုလျှင် ဘာအကြောင်းလဲ။ တက္ကစီခနှင့် ဧည်ခံကျွေးမွေးစရိတ်လောက် ကုန်ကျလိုက်ရုံမျှဖြင့် ပြီးစီးနိုင်သည်။ နယ်ကျတော့ ထိုသို့မဟုတ်တော့။ ဝေးလေခက်လေလေပင်။ အသွားအပြန် လေယာဉ်ခကပင် နည်းနည်းနောနောမဟုတ်။ ရန်ပုံငွေများစွာလိုသည်။ ကျွန်တော်တို့ စာပေဝါသနာရှင် အဖွဲ့တစ်ခုတည်းနှင့် ဆောင်ရွက်ဖို့မလွယ်။ ဒီတော့ စာပေအဖွဲ့ကို အမာခံထား၍ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော စာဆိုတော်ကော်မတီ ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့ရသည်။ ဖွဲ့ပြီးတော့မှ ရန်ပုံငွေ ရရှိရေးကို ဆက်လက် ဆောင်ရွက်ရသည်။
နေ့ကြီးရက်ကြီးတွေမှာ ကျင်းပလေ့ရှိသော ပွဲလမ်းသဘင်တွေမှာ ဈေးရောင်းကြရသည်။ အားကစားပွဲ၊ မန္တလေးအငြိမ့်ပွဲ၊ ယဉ်ကျေးမှုကဇာတ်၊ ဆပ်ကပ်၊ မျက်လှည့် ပွဲတွေမှာ သံပုရာ၊ မန်ကျည်းဖျော်ရည်၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး၊ ကြာဇံချက် စသည်တို့ကို ရောင်းကြသည်။ နံရံကပ်စာစောင်ကို မြင်သာအောင် ဆိုင်မှာ ထောင်လို့၊ စာပေဟောပြောပွဲ ရန်ပုံငွေ အတွက်ပါဆိုပြီး ပရိတ်သတ်ကို ဖိတ်ခေါ်ရောင်းချကြရသည်မှာ အတွေ့အကြုံသစ် ဖြစ်၍ ပျော်စရာလည်း ကောင်းလှသည်။ စာပေဝါသနာရှင် အမျိုးသမီးငယ်များလည်း ပါသဖြင့် ဆိုင်က စိုစို ပြည်ပြည်ရှိသည်။ ပရိသတ်ကလည်း စိတ်လိုလက်ရ ဝယ်ယူအားပေးကြပါသည်။
အဓိက ရန်ပုံငွေပွဲကတော့ ရုပ်ရှင်ပြခြင်းဖြစ်သည်။ ဌာနဆိုင်ရာသို့ တင်ပြ၍ ရုပ်ရှင်(၂)ကား ပြခွင့် တောင်းခံရသည်။ ခွင့်ပြုချက်ရလျှင် နမ္မတူသတ္တုရုပ်ရှင်ရုံနှင့်ရက်ညှိရသည်။ ထို့နောက် မန္တလေးမှ ရုပ်ရှင်ဖလင် ကို နမ္မတူ လိုင်းကားဖြင့် မှာယူရသည်။ နမ္မတူမှာ (၃) ရက်၊ (၃)ည။ ဘော်တွင်းမှာ (၃)ရက်၊ (၃)ည။
ရန်ပုံငွေ ရုပ်ရှင်ကားပြမည်ဆိုတော့ အမြတ်ငွေအများဆုံးရနိုင်အောင် စီမံရသည်။ ရှေးဦးစွာ ဆောင်ရွက်ရသည်က ရုပ်ရှင်လက်မှတ်များ ရရှိရေးကိစ္စ။ ပုံမှန်အားဖြင့် ရုပ်ရှင်ပွဲများကို မိုင်းရုံး၊ ငွေစာရင်းဌာနက တာဝန်ယူပြသရသည်။ ရုပ်ရှင်လက်မှတ်များကို ငွေစာရင်းဌာနမှ အဆင်သင့်ဝယ်ယူလိုက်လျှင် အလွယ်ကလေး။ ခုဝယ်ခုရ။ သို့ရာတွင် ပုံနှိပ်ထားသော လက်မှတ်ဖိုးက မနည်းလှ။ ထိုငွေကို အကုန်အကျမခံချင်။ ဒါကြောင့် လက်မှတ်ကို ကိုယ့်ဘာသာ လုပ်မည်။
ငွေစာရင်းဌာနမှ အသုံးမလိုတော့သော (လစာစာရင်းလုပ်သည့်) ကတ်ပြားများကို တောင်းယူ၍ လိုအပ်သော လက်မှတ်များလုပ်ရန် စီစဉ်ရပါသည်။ တစ်ညတွင် စာပေဝါသနာရှင် (၅)ယောက်လောက် ကျွန်တော့်အိမ်မှာ စုဝေးလိုက်ကြသည်။ ဖြတ်စက်နှင့် ရက်စွဲရိုက်စက်ကို ငွေစာရင်းဌာနမှ ငှားလိုက်သည်။ ရုပ်ရှင်လက်မှတ် အရွယ်အစားအတိုင်း ကတ်ပြားများကို ဖြတ်သူက ဖြတ်သည်။ နေ့ပွဲ၊ ညပွဲနှင့် ၅၀ပြား၊ ၇၅ပြား၊ ၁ ကျပ်၊ ၁ ကျပ် ၂၅ပြား၊ ၁ ကျပ် ၅၀ ပြား စာသားများကို ခဲဖျက် (ရာဘာတုံး)တွင် ပြောင်းပြန်ထွင်းထားပြီး လက်မှတ်ပြားများပေါ်တွင် တံဆိပ်ရိုက်မင်ဖြင့် ရိုက်သူက ရိုက်သည်။ ရက်စွဲရိုက်သူက ရိုက်သည်။ သို့ဖြင့် ၃ နာရီ၊ ၄ နာရီလောက်ကြာအောင် လုပ်အားပေးလိုက်တော့ ပွဲစဉ်(၅)ခုအတွက် လက်မှတ်အားလုံး ပြီးစီးသွားပေပြီ။ ငွေစာရင်းမှ လက်မှတ်အုပ်များကို ဝယ်လျှင် (၂၀၀)ကျပ် လောက်ကုန်မည်။ ယခုတော့ လက်ဖက်သုပ် (၁)ကျပ်ဖိုးနှင့် ဂျင်းသုပ် (၁) ကျပ်ဖိုးသာ ကုန်လိုက်သည်။ ရေနွေးကြမ်းအိုးကတော့ (၃)အိုး၊ (၄)အိုးလောက်ပေါ့။ ငွေအကုန်အကျများစွာ သက်သာသွားသဖြင့် ကျွန်တော်တို့ ပျော်ကြရပါသည်။
နောက်တစ်မျိုးက လက်မှတ်ကြိုတင်ရောင်းချခြင်း ဖြစ်သည်။ ပထမနေ့၊ ပထမညပွဲကို ချန်လှပ်ထားပြီး ကျန်ည(၂)ပွဲ လက်မှတ်များကို စာပေအဖွဲ့သားများက ရပ်ကွက်တွေထဲ လှည့်လည်ရောင်းချကြသည်။ ပထမဆုံး ညပွဲကတော့ ဘယ်လောက်ညံ့သည့် ရုပ်ရှင်ကားဖြစ်စေ ရုံပြည့်သည်က အစဉ်အလာ။ ထို့ကြောင့် နောက်ည(၂) ပွဲအတွက်သာ ကြိုတင်ရောင်းချခြင်းဖြစ်သည်။
ဘော်တွင်းသတ္တုတွင်းမှာ ပထမဦးဆုံး စာပေဟောပြောပွဲကြီး ကျင်းပနိုင်ဖို့ စာဆိုတော် ကော်မတီက ရန်ပုံငွေ ရရှိအောင် ရုပ်ရှင်ကားပြမှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လက်မှတ်တွေကိုလိုက်ပြီး ရောင်းချနေတာပါ။ ဟောပြောပွဲ ဖြစ်မြောက်နိုင်အောင် ဝိုင်းဝန်းကူညီ ဝယ်ယူအားပေးကြပါရှင်
ရပ်ကွက်နေ အလုပ်သမား မိသားစုက ဝမ်းသာအားရ ဝယ်ယူအားပေးကြပါ၏။ စာရေးဆရာဆိုတာ ဘယ်လိုဟာကြီးလဲ။ သူတို့ မြင်ချင်တွေ့ချင်နေကြသည်။ တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်၊ လိုင်းခန်း တစ်ခုပြီး တစ်ခု။ နောက်ဆုံးတော့ ညပွဲ(၂)ပွဲ လက်မှတ်အားလုံး ကုန်သွားသည်။ ကျန်နေသေးတာက နေ့ပွဲ(၂)ပွဲ။ ယခင် အတွေ့အကြုံအရ နေ့ပွဲ(၁)ပွဲသာ ပြလေ့ရှိသည်။ ထိုတစ်ပွဲမှာ ပရိသတ် သုံးပုံတစ်ပုံဝင်လျှင်ပင် ကံကောင်းလှပြီ။ နေ့လယ် နေ့ခင်းကျတော့ အလုပ်ဆင်းနေကြတာနဲ့ မအားမအပ်ကြတာနဲ့ ကြည့်သူ သိပ်မရှိတတ်။ ကျွန်တော် တို့ကတော့ နေ့ပွဲ(၁)ပွဲပြရန် စီစဉ်ထားသည်။ (၂)ပွဲလုံး လူအပြည့်ဝင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ကြိုးစား ကြည့်ချင်သည်။
ကျွန်တော်တို့သည် နေ့(၂)ပွဲကို ကျောင်းပွဲအဖြစ် ပြနိုင်ရန် ကျောင်းအုပ်ဆရာကြီးများနှင့် ညှိနှိုင်းကြ ရပါသည်။ ဘော်တွင်းမှာ အလယ်တန်းကျောင်း(၅)ကျောင်းရှိသည်။ ကျောင်းအုပ်ကြီးများ အားလုံး စာဆိုတော် ကော်မတီဝင်များ ဖြစ်နေကြသည့်အပြင် စာဆိုတော်နေ့အကြို ကျောင်းပေါင်းစုံ ကဗျာရွတ်နှင့်ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကိုလည်း ကျင်းပရန်စီစဉ် ထားပြီးဖြစ်သဖြင့် ရန်ပုံငွေ ပိုမိုရရှိရေးအတွက် ဆရာကြီးများကလည်း လိုက်လျောကူညီကြပါသည်။ သို့ဖြင့် နေ့(၂)ပွဲကို ကျောင်းပွဲအဖြစ် လက်မှတ်များ ရောင်းချလိုက်တော့ ဖလင်မလာမီမှာပင် ရုပ်ရှင်လက်မှတ် အားလုံးကုန်သွားပြီ။
နောက် ဘာကျန်သေးသလဲ။ ရုံပေါက်စောင့်ခ ကျန်သေးသည်။ ခါတိုင်း ရုပ်ရှင်ပြလျှင် ရုံပေါက်စောင့် (Steward) အဖြစ် ငွေစာရင်းနှင့် အုပ်ချုပ်ရေးဌာန ဝန်ထမ်းများက တာဝန်ယူကြရသည်။ သူတို့ကို ရုံပေါက်စောင့်ခ ပေးရသည်။ ကျွန်တော်တို့ ပြမည့်ပွဲမှာတော့ ရုံပေါက်စောင့်ခ အကုန်အကျမခံနိုင်။ စာဆိုတော် ရန်ပုံငွေကို အလျော့ပါးမခံနိုင်။ ဒီတော့ ဘာလုပ်သနည်း။ ကျွန်တော်တို့ စာပေအဖွဲ့ဝင်တွေ ကိုယ်တိုင် ရုံပေါက်စောင့်ရန် ညှိနှိုင်းစီစဉ်လိုက်သည်။
ကဲ….. ကြိုတင်စီစဉ်စရာ မှန်သမျှကိုတော့ အားလုံးဆောင်ရွက်ပြီးပြီ။ စာရင်းချုပ်လိုက်တော့ ရုပ်ရှင်(၂)ကား အပေါ်၌ အမြတ်ငွေ ထောင်ဂဏန်း ရလိုက်ပါ၏။ ကျွန်တော်တို့ကား ပျော်မဆုံးကြတော့ပြီ။

ပထမဦးဆုံးသော စာဆိုတော်နေ့ စာပေဟောပြောပွဲ
စာဆိုတော်နေ့အမီ ပုံနှိပ်စာစောင်တစ်ခု ထုတ်ဝေရန်အားထုတ်ကြပြန်၏။ သီပေါ၊ ကျောက်မဲတို့နှင့် ဆက်သွယ်ညှိနှိုင်းပြီး ရန်ကုန်မှ စာရေးဆရာကြီးများကို ဖိတ်ခေါ်ရန်ကိုလည်း လုံးပန်းကြရပြန်သည်။
စာဆိုတော်နေ့အမီ ဘော်တွင်းစာစောင် ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည့်နည်းတူ၊ ပထမအကြိမ်မြောက် စာဆိုတော်နေ့၊ စာပေဟောပြောပွဲ အခမ်းအနားကိုလည်း ဘော်တွင်းသတ္တုတွင်း၌ ကျင်းပနိုင်ခဲ့ပေပြီ။ မိုးထိမြင့် မားသော တောင်များဝန်ရံထားသည့် ဘော်တွင်း၏ ရုပ်ရှင်ရုံ၌ ပရိသတ်များ ပြည့်လျှံနေသည်။ ရုံမဆန့်သဖြင့် ရုပ်ရှင်ရုံအပြင်ဖက်မှာလည်း လူတွေအများအပြား။ အပြင်ဖက်မှာ ဆောင်းဘောက်စ် ဖွင့်ပေးထားရသည်။ ဟောပြောကြသူများကတော့ အထောက်တော်လှအောင်၊ လင်းယုန်မောင်မောင်နှင့် မောင်ချစ်ဖေ(မဟာဝိဇ္ဇာ)။
ဝေးခေါင်လှသော ဘော်တွင်းမြို့ကလေး၌ ပထမဦးဆုံး ကျင်းပခဲ့သော စာဆိုတော်နေ့ စာပေဟောပြောပွဲ အခမ်းအနားသို့ ရန်ကုန်မှ တကူးတက လာရောက်ဟောပြောပေးကြသော စာရေးဆရာများကို ဘော်တွင်းအလုပ်သမားထုက ကျေးဇူးတတင်တင်ဖြင့် မမေ့နိုင်ကြပါ။ ထိုဆရာများကို ဘော်တွင်းအနှံ့ လိုက်လံပို့ဆောင်ပြသပေးပါသည်။ ပေ(၄၀၀၀)ကျော်မြင့်သော ဘော်တွင်း၏ အမြင့်ဆုံး တောင်ကြောထိပ်မှသည် မြေမျက်နှာပြင်အောက် ပေ(၁၆၀၀)ကျော်နက်သော မြေအောက်သတ္တုလုပ်ကွက် များအထိ။ မြေအောက်သတ္တုတွင်းထဲသို့ သံလှောင်အိမ်(အကြမ်းစားဓါတ်လှေခါး)ဖြင့် ဆင်းကြရပါသည်။ မြေအောက်သို့ မဆင်းမီ၊ မိုင်းထုံးစံအရ မိုင်းဦးထုပ်၊ မိုင်းဖိနပ်၊ ဘောင်းဘီအင်္ကျီတွဲထားသော မိုင်းဝတ်စုံကို ဝတ်ပြီး ဘက်ထရီမီးခွက်ကို ဦးထုပ်တွင်ချိတ်၍ ဆင်းကြရပါသည်။ ဆရာ အထောက်တော်လှအောင်က (အောက်အနက်ကို ကြောက်သောရောဂါ) ရှိလို့ဟုဆိုကာ မြေအောက်ထဲသို့ လိုက်မဆင်းခဲ့တာကို ကျွန်တော် ကောင်းစွာမှတ်မိပါသည်။ ဆရာမောင်ချစ်ဖေ(မဟာဝိဇ္ဇာ)မှာ ထိုစဉ်က အနည်းငယ် မမာမကျန်းဖြစ်နေ၍ လိုက်မဆင်းဖြစ်ဟုထင်ပါသည်။ သေတော့မသေချာပါ။ သေချာသည်ကတော့ မြေအောက်မိုင်းထဲသို့ ဆရာလင်းယုန်မောင်မောင်ဆင်းပြီးလေ့လာတာပဲဖြစ်သည်။ ကျွန်တော့်ထံတွင် မိုင်းထဲဆင်းခါနီး ဓာတ်လှေခါးလှောင်အိမ်ထဲ ဝင်နေသော ဆရာလင်းယုန်၏ ဓာတ်ပုံရှိခဲ့ဖူးပါသည်။ (ယခုအလွယ်တကူ ရှာမရ၍ မဖော်ပြနိုင်ပါ။) ဆရာလင်းယုန်သည် မြေအောက်လိုဏ်ခေါင်းထဲ ဝင်ရောက်ပြီး မြေအောက်စတိုခန်း၊ သတ္တုတူးနေသည့် လုပ်ကွက်များသို့ ရောက်ခဲ့ပါသည်။ မြေအောက်စတိုခန်းထဲမှာ လျှပ်စစ်မီး လင်းထိန်နေပြီး မြေပေါ်ရှိ မိုင်းရုံးနှင့် ဆက်သွယ်ရန် တယ်လီဖုန်း တပ်ဆင်ထားပါသည်။ လုပ်ကွက်ထဲမှာတော့ တူးလက်စ သတ္တုကြောကို သဘာဝအတိုင်း ဆရာလင်းယုန် မြင်တွေ့လေ့လာခဲ့ရပါသည်။ မြေအောက်ထဲမှာ မိုးရွာနေသကဲ့သို့ ရေအမြဲကျသောနေရာ၊ အငွေ့တွေ တရှိန်ရှိန်တက်နေသော ပူပြင်းလောင်မြိုက်သည့်နေရာတို့ကို ဆရာလင်းယုန် ဖြတ်သန်းခဲ့ရပါ၏။မိုင်းထဲကပြန်တက်လာတော့ ဆရာလင်းယုန်မှာ တစ်ကိုယ်လုံး ရွှဲနစ်လို့။
မြေပေါ်မှာလည်း ဆရာလင်းယုန် လိုက်လေ့လာခဲ့ပါသည်။ အလုပ်သမားတန်းလျား၏ (၁၀)ပေခန်း၊ အင်အားသစ် စာအုပ်ဆိုင်၊ စာပေအဖွဲ့၏ စာကြည့်တိုက်။ ဘော်တွင်းသတ္တုတွင်းနယ်မြေမှာ စာပေလှုပ်ရှားမှု လုပ်ခဲ့ရတာတွေကို ပြောပြတော့ ဆရာလင်းယုန်က စိတ်ဝင်တစား နားထောင်ခဲ့ပါသည်။
နောက်စာရေးဆရာများ ရန်ကုန်သို့ ပြန်သွားကြသည်။ မကြာမီမှာပင် ထိုဆရာများ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ ကျွန်တော်တို့ထံ ရောက်ရှိလာပါတော့သည်။ စာကြည့်တိုက်အတွက် ပို့လိုက်ခြင်းပါတဲ့။ ကျွန်တော်တို့တစ်တွေ ကြည်နူးဝမ်းမြောက်လို့မဆုံး။ ထို့ထက်ပိုပြီး လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြန်တာကတော့ ဆရာလင်းယုန်က သူရေးထားခဲ့တဲ့ စာအုပ်များကိုသာမကဘဲ၊ သူနှင့်ရင်းနှီးသော စာပေတိုက်များမှ အလှူခံရရှိသော စာအုပ်များကိုပါ ဘော်တွင်းသို့ မကြာခဏ ဆိုသလို ဆက်လက်၍ ပို့ပေးနေခဲ့ခြင်းပါပဲ။
++++++++
ယခုတော့ ဆရာအထောက်တော်လှအောင်၊ ဆရာလင်းယုန်မောင်မောင်တို့လည်း မရှိတော့ပြီ။ ဘော်တွင်းမှ ကျွန်တော်ထွက်ခွာလာခဲ့တာပင်(၂၅)နှစ်ကျော်ခဲ့ပြီ။
(၂၀၀၉)ခုနှစ်မှစ၍ ကျွန်တော်မဂ္ဂဇင်းတိုက်အချို့သို့ အဝင်အထွက် ပြန်ရှိလာခဲ့သည်တွင် မဂ္ဂဇင်းများ၏ ရှင်သန်ရေးနှင့် စပ်လျဉ်း၍ အတန်ငယ်ရိပ်စားမိလာခဲ့ရသည်။ မဂ္ဂဇင်းဈေးကွက်နှင့် ပတ်သက်၍ သမင်လည်ပြန် လှည့်ကြည့်မိ၏။ မဂ္ဂဇင်းများကို ဝယ်ယူသိမ်းဆည်းကြသည့် ခေတ်ကာလ။ အငှားများသော မဂ္ဂဇင်းမျိုးဆိုလျှင် တစ်အုပ်သာမကဘဲ နှစ်အုပ်၊ သုံးအုပ်ပင် တင်ခဲ့ကြသည်။ ဟော ယနေ့ (၂၀၁၂) မှာကော။ မဂ္ဂဇင်းတွေကို ဝယ်သိမ်းကြတယ်ဆိုတာ မရှိသလောက်ရှားသွားပြီ။ အငှားဆိုင်တွေကလည်း အရောင်စိုစို၊ အရုပ်များများနှင့် ပေါ့ပေါ့ပါးပါးဖတ်၊ ဖတ်ပြီးလျှင် မေ့ပစ်လို့ရသော မဂ္ဂဇင်းအချို့ကိုသာ တင်ကြတော့သည်။ အလေးအနက်ထား ဖတ်ရမည့် မဂ္ဂဇင်းမျိုးကို မတင်ကြတော့သလောက် ဖြစ်နေပြီ။ နောက်ပြီး အီလက်ထရောနစ်ခေတ်၏ ဖျော်ဖြေမှုများကလည်း အရှိန်အဟုန်ပြင်းပြင်းနှင့် တိုးဝှေ့နေရာယူနေကြပြီ။ သတင်းဦးစားပေး အပတ်စဉ်ထုတ် ဂျာနယ်တွေကလည်း ပလူပျံဝဲနေကြပြီ။
ဤအခြေအနေမျိုးမှာ မဂ္ဂဇင်းများ (အထူးသဖြင့် စာပေမဂ္ဂဇင်းများ)၏ ကျန်းမာရေးက ဘယ်လိုရှိပါသလဲ။ စိတ်မောစရာပင် ဖြစ်နေပါသည်။ ဖုတ်လှိုက်… ဖုတ်လှိုက် အခြေအနေမို့ တာဝန်ရှိ အယ်ဒီတာ (အချို့)၏ မသက်မသာ မျက်နှာကို မမြင်ရက်၊ မကြည့်ရက် တွေ့နေရသည်မို့… စိတ်မကောင်းစရာ။
သြော်… တစ်ချိန်တုန်းဆီက ကျွန်တော်တို့ စာပေမြတ်နိုးသူတစ်စု (တပ်မက်သော လူနည်းစုဟု ခေါ်လို့ရမလားမသိ) ထူထောင်ခဲ့ဖူးသော စာကြည့်တိုက်မျိုးလေးတွေ။ ဟိုနယ် သည်နယ်အနှံ့ (မိုးဦးကာလမှာ မှိုပန်းမှိုပွင့်တွေ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့် မြေကြီးထဲက ထိုးထွက်လာသလိုမျိုး) ပေါ်ပေါက်လာကြမယ်ဆိုလျှင်ဖြင့်…။
မဂ္ဂဇင်း၏ ဈေးကွက်တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်လေမလား။ မဂ္ဂဇင်းတွေ နာလန်ထူလာနိုင်မည့် အရိပ်အယောင်လေးတွေကို မြင်ရကောင်း၊ မြင်ရလေမလား။
မရဲတရဲ မျှော်လင့်နိုင်ပြီဆိုလျှင်ပင်…။
ဆင်တဲဝမြတ်ဖုန်း
(၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှ)
၂၀၁၄ ဧပြီလ ဘော်တွင်းနှစ်တစ်ရာပြည့်စာစောင် တွင် ပြန်လည်ဖော်ပြပါသည်။
 
 
 

No comments:

Post a Comment